Princes in The Darkness 1990s
အခန်း(၁၁)
ဝီစကီ၏ အနွေးဓာတ်က လည်ချောင်းမှတဆင့်..တကိုယ်လုံးဆီသို့ ပျံ့နှံ့သွားသည်။
ဗေဒါ က ပန်းသီးတစ်စိတ်ကို ကောက်ယူဝါးလိုက်၏။
ညနေပိုင်းတွင် သူ့ကို လာခေါ်မည်ဆိုသည့် ဗိုလ်ကြီးအေးမြင့် ရောက်မလာ။
သူ့ကို တကယ်ခေါ်သည်က ကကလှမ်းမှ တပ်မှူးဗိုလ်မှူးကြီး။
ဗိုလ်မှူးကြီးက သူ့အား ဘာမှ မပြောသေးပဲ..သူ့လက်ထဲမှ ဖိုင်တွဲများကိုသာလှန်ဖတ်နေသည်။
ဗေဒါက နောက်ထပ် ဝီစကီတစ်ခွက် ထပ်ငှဲ့ရန် ပြင်လိုက်၏။
“ကဲ..နောက်လဆန်းဆို…အလင်းဝင်အခမ်းအနားက စတော့မှာ..အချိန်သိပ်မရှိဘူး….မင်းတို့ ဘက်က ပေးစရာရှိတာ..ငါတို့ကို ပေးတော့”
ဗိုလ်မှူးကြီးက ဖိုင်တွဲကို ရှေ့သို့ချလိုက်ပြီး ဗေဒါကို ကြည့်ကာ ပြောလိုက်ခြင်း။
“အဘပြောတာ..ကျွန်တော် နားမလည်ဘူးဗျ”
ဗေဒါက သူ၏ တပည့်များခေါ်သည့်အတိုင်းပင် “အဘ”ဟု ခေါ်လိုက်သည်။
“လက်နက်တွေအချိန်မီဝယ်ရမယ်ကွ….အဲ့ဒီအတွက် လိုတဲ့ ဒေါ်လာတွေ ပေးတော့..ကျန်တာ ငါတို့ အကုန်စီစဉ်မယ်”
ဗိုလ်မှူးကြီးအသံက ခပ်တင်းတင်းဖြစ်လာ၏။
“ဒေါ်လာတွေအားလုံး…မနက်ကပဲ ရမခတိုင်းမှူးကြီးလက်ကို တိုက်ရိုက်ပေးလိုက်ပါပြီ..အဘ”
“ဘာ”
ဗိုလ်မှူးကြီး ဖင်တကြွကြွဖြစ်သွား၏။
ဒေါသကို ထိန်းထားဟန်ဖြင့် အံကို ကြိတ်ထားသည်။
“မင်း သွားတော့ကွာ”
ဗေဒါ ထ ထွက်လာလိုက်သည်။ အခန်းဝတွင် ရပ်နေသော ဗိုလ်ကြီးရန်နိုင်ဝင်း ကလည်း သူ့ကို ခပ်တည်တည်ပင် ကြည့်နေ၏။
သူ့တို့တည်းခိုရာဘန်ဂလိုရှေ့ရောက်သောအခါ ကားကို မတွေ့ရ။
ထို့ကြောင့် ကျားရွှမ်၏ အခန်းကို ကြည့်လိုက်သည်။
ကျားရွှမ်မရှိတော့။ ဒီအချိန်က သူ့အချိန်မို့ ဗေဒါကို မစောင့်နိုင်ပဲ ကားကိုယူကာ နီးစပ်ရာအရက်ဆိုင်တဆိုင်ဆိုင် သွားလောက်ပြီပေါ့။
ဗေဒါက အခန်းထဲသို့ ဝင်ကာ အနွေးထည်ကို နောက်တစ်ထပ် ထပ်လိုက်သည်။
နီးနီးနားနား စားသောက်ဆိုင်တစ်ခုသို့ လမ်းလျှောက်သွားကာ ညစာစားမည်ဟု စိတ်ကူးထွက်လာလိုက်၏။
ရိပ်သာအပြင်ဘက်သို့ ရောက်သောအခါ သူ့ရှေ့သို့ ဆိုင်ကယ်တစ်စီးထိုးရပ်လာသည်။
“ကိုဗေဒါ..ဆောရီးဗျာ..ကျွန်တော်နောက်ကျသွားတယ်..လာတက်”
ဗိုလ်ကြီးအေးမြင့်အသံ။
ဆိုင်ကယ်နောက်မှ ဗေဒါ တက်လိုက်သည်။
ခဏအကြာတွင် ကုန်းမြင့်မြင့်ပေါ်မှ တိုက်ပုလေးတစ်ခုရှေ့တွင် ဆိုင်ကယ်ကို ရပ်လိုက်၏။
“ကျွန်တော်က ကိုဗေဒါနဲ့ အေးအေးဆေးဆေးစကားပြောချင်တာ…မြို့ထဲက ဆိုင်တွေမှာလည်း မပြောချင်တာနဲ့…ဒီအိမ်မှာ စီစဉ်စရာရှိတာလေးတွေ ကြိုစီစဉ်နေတာနဲ့ နောက်ကျသွားတာဗျာ”
ဗိုလ်ကြီးအေးမြင့် က ပြောပြောဆိုဆိုဖြင့် အိမ်တံခါးကို သော့ဖွင့်ဝင်လိုက်သည်။
ဒီအိမ်တွင် သူတစ်ဉီးတည်းရှိသည့်သဘော။
အိမ်ဧည့်ခန်းထဲတွင်တော့ အဆင်သင့်ပြင်ဆင်ထားသော အရက်ဝိုင်းတစ်ဝိုင်း။
“ကိုဗေဒါ..ထိုင်ဗျာ…ခင်ဗျားက ဘာဝီစကီကြိုက်လဲတော့ မသိဘူး..ကျွန်တော်ကတော့ ဂိုးလ် ပဲ ဝယ်ထားတယ်”
သူက ပြောပြောဆိုဆိုဖြင့် ဂိုးလေဘယ်လ် ပုလင်းကို ဖောက်လိုက်သည်။
ထို့နောက် အသင့်မှောက်ထားသော ဖန်ခွက်နှစ်ခွက်ထဲသို့ ငှဲ့လိုက်၏။
“အသားကင်ကလည်း ပူတုန်းရှိသေးတယ်ဗျ…ချ”
ဗေဒါက ဝီစကီခွက်ကို မသောက်သေးပဲ..အခန်းအခြေအနေကို အကဲခတ်လိုက်သည်။
သူ့အား ဒီနေရာသို့ ဘာကြောင့်ချိန်းရသလဲ။ ဘာစကားတွေပြောမည်လဲ။
“ခင်ဗျားကို ကကလှမ်း ကကောင်တွေ ရစ်သေးလားဗျ”
“ဗျာ”
“ဒေါ်လာတွေကိစ္စလေ”
“အော်..ခုနလေးတင်ပဲ ဗိုလ်မှူးကြီးက ကျွန်တော့်ကို ခေါ်တွေ့တယ်…ခင်ဗျားတို့လက်အပ်လိုက်ပြီလို့ပဲ ကျွန်တော်ပြောလိုက်တယ်”
“အင်းဗျ..ဟုတ်တယ်..ဒီကောင်တွေက နေရာတကာ သူတို့စားပေါက်ကြီးပဲ မှတ်တာဗျာ…ဝေစားမျှစားချင်စိတ်လည်းမရှိဘူး..ရဲဘော်ရဲဘက်စိတ်ဝေးလို့..အချင်းချင်း ဒုက္ခပေးဖို့ပဲ ချောင်းနေတဲ့ကောင်တွေ…ဒါကြောင့်လည်း..မစ္စတာလု က ဒီကောင်တွေကိုကျော်ပြီး တိုင်းမှူးကြီးဆီ တိုက်ရိုက် ဝင်လိုက်တာ..မှန်တယ်”
ဗေဒါက ဝီစကီကို တငုံငုံလိုက်သည်။
“ကိုဗေဒါ နဲ့တွေ့ပြီး..ကျွန်တော် အဘိုးကြီးဆီ အဲ့ဒီဟာတွေရထားပြီးကြောင်း သတင်းပို့လိုက်တယ်..ဪ..အဘိုးကြီးဆိုတာ..တိုင်းမှူးကြီးကို ပြောတာပါ”
“ဟုတ်ကဲ့”
“ဒါကိစ္စအတွက်ကို သူက သုံးသိန်းဖိုးလောက်သုံးချင်တာ”
ဗိုလ်ကြီးအေးမြင့််က လက်ညိှးကို သေနတ်ပစ်သည့်ပုံစံကွေးပြသည်။
အလင်းဝင်လုပ်ပွဲအတွက် ဒေါ်လာသုံးသိန်းဖိုး လက်နက်တွေဝယ်မည်ဆိုသည့်သဘော။
“သိတဲ့အတိုင်းဗျာ…အခမ်းအနားစီစဉ်စရိတ်တွေ၊ ဝင်လာမယ့်အဖွဲ့ကို ထောက်ပံ့ကြေးပေးတာ တွေအပြင်.အဆင့်ဆင့်.လူကြီးတွေဆီ.ဂါရ ပြုရ ခွဲဝေရနဲ့ နောက်ဆုံးက အဲ့လောက်ကျန်တာ..အဟက်”
ဗိုလ်ကြီးအေးမြင့်က ဝီစကီခွက်ကို သူ့ရှေ့သို့ ခွက်တိုက်ရန် တိုးပေးလိုက်သည်။
ဗေဒါက ခွက်ချင်းတိုက်လိုက်၏။
“တည့်တည့်ပဲ ပြောတော့မယ်..ဒီလိုဗျာ…ဒီကိစ္စမှာ ကျွန်တော်က အရိုးအရင်းလောက်ကိုက်ဖို့ ဂွင်ရထားတယ်ဆိုပါတော့…အဲ့ဒါ ကိုဗေဒါ့ အကူအညီလည်းလိုတယ်”
ဗေဒါက မျက်မှောင်ကြုံ့လိုက်သည်။
“ဒါက ခင်ဗျားအလုပ်လုပ်နေတဲ့ မိသားစုနဲ့ ဘာမှမဆိုင်ပါဘူး…သူတို့နဲ့လွတ်လွတ်ကင်းကင်းကိစ္စပါ..ဒီလိုဗျာ…ဒီငွေတွေနဲ့ လက်နက်ဝယ်ဖို့ကိစ္စကို အဘိုးကြီးက ကျွန်တော်လုပ်ချင်လားလို့ မေးတယ်..ကျွန်တော်လည်း ခေါင်းညိတ်လိုက်တယ်…ခုနပြောသလို အရိုးအရင်းလေးကိုက်ရလည်းမနည်းဘူးလေ…ခက်တာက ကျွန်တော်တို့က တပ်မှာသာ လုပ်လာတာ…အဲ့ဒီလမ်းကြောင်းတွေ ဘယ်သူနဲ့ဘယ်လိုချိတ်ဝယ်ရတယ်ဆိုတာမသိဘူး.. အလင်းဝင်လာမယ့် အဖွဲ့အစည်းလက် ငွေအပ်လိုက်ဖို့ကလည်း စိတ်မချဘူးဆိုတော့… ခက်နေတာဗျာ”
စကားအသွားအလာကို ဗေဒါသဘောပေါက်လာပြီဖြစ်သည်။
“အဲ့ဒီတော့ ကျွန်တော်က ဘာလုပ်ပေးရမလဲ”
“ခင်ဗျားတို့ကတော့ ဒီလမ်းကြောင်းတွေ သိပြီးသားဖြစ်မှာပဲ..ဒီတော့..ဒီကိစ္စကို ခင်ဗျားနဲ့ ကျုပ်က ကန်ထရိုက်ယူပြီး လုပ်ကြမယ်…ရတဲ့ပွဲစားခကို အဘိုးကြီးကို တပုံပေးပြီး ခင်ဗျားနဲ့ ကျုပ်က ကျန်တာကို တဝက်ဆီပေါ့”
“ဪ..နေပါဉီး..ပြောတော့ အဘိုးကြီးက ခင်ဗျားကို ဂွင်ပေးတာဆိုပြီး..သူ့ကို တပုံက ဘာကိစ္စပေးရတာတုန်း”
“ဟဲ..ဟဲ..ကိုဗေဒါကတော့ နောက်ပြီ…ဒါက ကျုပ်တို့ ထုံးစံလေဗျာ”
ဗေဒါ က သူ့အား အထင်တကြီးဖြင့် လက်နက်ဝယ်ရန် ပွဲစားလာလုပ်ခိုင်းနေသော ဗိုလ်ကြီးအေးမြင့်ကို အလိုက်တသင့်ပင် စကားပြန်ပြောနေရသည်။
“ဘယ်နှယ့်လဲ..ခင်ဗျား ပါမယ်..မဟုတ်လား..ကိုဗေဒါ..ဒါက လောမိသားစုနဲ့ မသက်ဆိုင်တော့ဘူးလေဗျာ..သူတို့က တိုင်းမှူးဆီ ငွေအပ်လိုက်ပြီးပြီဆိုတော့..ဒါ ကျုပ်တို့အပိုင်းမဟုတ်လား”
“အင်း..ဟုတ်ပါတယ်”
“ဒါဆိုလည်း..ခင်ဗျား ကျုပ်ကို ကူညီမယ်လို့ မှတ်လိုက်ပြီဗျာ..ကဲလာဗျာ..လုပ်ငန်းပါတနာဖြစ်သွားတဲ့အထိမ်းအမှတ်..တခွက်”
ထိုနေ့ညက ဗိုလ်ကြီးအေးမြင့်နှင့် သူ အချိန်အတော်ကြာကြာ သောက်ရင်းစားရင်း စကားပြောဖြစ်ကြ၏။
ရိပ်သာသို့ ဗိုလ်ကြီးအေးမြင့်က ပြန်လိုက်ပို့ပေးသည်။
ဗေဒါ ပြန်ရောက်ချိန်တွင် ကျားရွှင်က သူ့အခန်းတွင်း ဟောက်သံပင် ကြားနေရပြီဖြစ်၏။
အခန်းတွင်း ပြန်ရောက်သည်နှင့် ဆယ်လူလာဖုန်းကို ယူလိုက်ပြီး မစ္စတာလုထံ ချက်ချင်းဖုန်းခေါ်လိုက်သည်။
ဗိုလ်ကြီးအေးမြင့် တိုင်ပင်သမျှကို မစ္စတာလုထံ တစ်ခုမကျန် အစီရင်ခံလိုက်၏။
“အေး..ဒီကိစ္စကတော့ ငါတို့ မကိုင်ချင်တဲ့လိုင်းဖြစ်နေတယ်..ဗေဒါ… သူပြောသလို မင်းလည်း အကျိုးအမြတ်ရမယ့်ကိစ္စပဲ..ငါတို့နဲ့လည်းမဆိုင်ပါဘူး…မင်းလုပ်ချင်လုပ်ပါ..ငါခွင့်ပြုတယ်”
“ဒါပေမယ့်..ကျွန်တော့်က အဲ့ဒီကိစ္စအစိမ်းသက်သက်ပဲ..အချိတ်အဆက်လည်းရှိမှမရှိတာ”
တဖက်မှ မစ္စတာလုက ရယ်သည်။
“မင်း..ကိုနေဝင်းနဲ့ ခရီးအတူသွားထားတာမဟုတ်လား”
မစ္စတာလု စကားကြောင့် ဗေဒါ အသိအဉာဏ်လက်ခနဲဖြစ်သွား၏။
“ကျေးဇူးတင်ပါတယ်..မစ္စတာလု..ဒါနဲ့ ကျွန်တော်တို့ ဘာဆက်လုပ်စရာရှိသေးလဲ”
“ဘာမှ လုပ်စရာမရှိဘူး..မင်းလုပ်ရမှာက..အခု ဗိုလ်ကြီးအေးမြင့် နဲ့ ပေါင်းထား..သူလုပ်သမျှကို ရက်အတိအကျနဲ့ မှတ်တမ်းလုပ်ထား..နောက် တိုင်းမှူးကို သူပေးရတာတွေ၊ တိုင်းမှူးရဲ့ လုပ်ကွက်တွေမှန်သမျှ သူ့ဆီက ရအောင်နှိုက်ပြီး မှတ်တမ်းလုပ်..ငါ့ဆီ မှန်မှန်သတင်းပို့…မင်းကိစ္စလည်းမင်းလုပ်ရင်း…အလင်းဝင်ပွဲပြီးမှ ရန်ကုန် ပြန်ဆင်းလာခဲ့..ငွေလိုရင် ဂျာနူးဆီ လှမ်းဆက်..ဟုတ်ပြီလား”
မစ္စတာလု ဖုန်းချသွားခဲ့သည်။
ဗေဒါလည်း ချက်ချင်းပင် ကိုနေဝင်းထံ ဖုန်းခေါ်လိုက်တော့၏။
………………………………..
လားရှိုးလေဆိပ်။
နေကာမျက်မှန်အောက်မှ ဗေဒါ၏ မျက်လုံးများက ဟိုဟိုဒီဒီရှာဖွေနေသည်။
တွေ့ပြီ။
တီရှပ်အဖြူစွတ်စွတ်၊ ဂျင်းပန်စကိုင်းဘလူး အရှည်ဖြင့် ကျောပိုးအိတ်သေးသေးလေးကို လွယ်ထားသည့် တယောက်။
“မေယုကြေးမုံ”
ရုတ်တရုတ် သူ့နာမည်အခေါ်ခံလိုက်ရသဖြင့် ကောင်မလေးက ဗေဒါကို မော့ကြည့်လိုက်သည်။
ဗေဒါက မျက်မှန်ကို ချွတ်လိုက်၏။
“လွန်ခဲ့တဲ့လတုန်းက.. မိုးရေးက ဈာပနပွဲမှာ တွေ့ခဲ့တဲ့ ဘဲကြီးပါ..မမှတ်မိဘူးလား”
မေယုကြေးမုံ က ဝါးလက်စ ပီကေကို ဖောက်ခနဲ ဖောက်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“အင်း…မှတ်မိပါတယ်…ဘဲကြီးက လားရှိုးကကိုး”
ဗေဒါက ပြန်မဖြေပဲ ရယ်လိုက်၏။
“ဒါနဲ့..မင်းအမေရော”
“ဟိုဘက်မှာ အိတ်တွေ သွားရွေးနေတယ်”
ဗေဒါက မေယုကြေးမုံကို ထားခဲ့ပြီး ခပ်လှမ်းလှမ်းကောင်တာတွင် ခရီးဆောင်အိတ်များ ရွေးနေသည့် ဒေါ်ယုယုမော် ထံသို့ လျှောက်သွား၏။
“မမယု”
ဗေဒါ၏ ခေါ်သံကြောင့် အမျိုးသမီးက ဆတ်ခနဲဖြစ်သွား၏။
အသက်(၅၀)ဝန်းကျင်အရွယ် အမျိုးသမီးတစ်ယောက်၏ ရင့်ကျက်မှုသည် နဂိုရှိရင်စွဲအလှတရားနှင့် ပေါင်းစည်းသွားသည့်အခါ ယောက်ျားတို့အား စွဲဆောင်နေဆဲ။
“ကျွန်တော် ဗေဒါပါ..ကိုနေဝင်းဖုန်းဆက်ထားတဲ့တစ်ယောက်”
ဒေါ်ယုယုမော် က စကားပြန်မပြောပဲ ခေါင်းသာ ညိတ်ပြသည်။
“ကျွန်တော့်ကား ပါလာပါတယ်..တည်းခိုဖို့ ဟိုတယ်လည်း အဆင့်သင့်ယူထားပြီးပါပြီ”
“ယူ..အပန်းမကြီးရင်…ဒီအိတ်တွေသယ်ခဲ့ပေးပါလား”
ဒေါ်ယုယုမော် က လှုပ်လီလှုပ်လဲ့ဖြင့် ထွက်သွား၏။
ဗေဒါက အောင့်သီးအောင့်သက်ဖြင့် ခရီးဆောင်အိတ်နှစ်ခုကို ဆွဲကာ နောက်မှလိုက်လာရသည်။
ထိုမြင်ကွင်းကို မေယုကြေးမုံက ပြုံးစိစိဖြင့် ကြည့်နေ၏။
“ဘယ်ကားလဲ”
“ဟိုရှေ့က ကားပါ..ခဏ..ကျွန်တော်သော့ဖွင့်ပေးမယ်”
ဗေဒါက အိတ်များကို အနောက်ဖုံးတွင် ထည့်ပေးပြီးနောက် ကားပေါ်သို့ တက်လိုက်သည်။
သားအမိနှစ်ယောက်လုံးက နောက်ခန်းတွင် နေရာယူပြီးသားအသင့်။
“မမယုတို့ နေ့လည်စာအရင်စားမလား..ဒါမှမဟုတ် ဟိုတယ်မှာ ပြန်နားပြီးမှ ကျွန်တော် တစ်ခေါက် လာခေါ်ရမလားဗျ”
“နေ့လည်စာ က တို့ဘာသာစားလည်းရပါတယ်…လားရှိုးကို တို့လာနေကျပါ….မင်းတို့ ကိစ္စသာ ဘယ်တော့ စကားပြောဖြစ်မလဲပြော”
“ဖြစ်နိုင်ရင် ဒီရက်ပိုင်းအတွင်းပြောလို့ရအောင်..ကျွန်တော်စီစဉ်ပေးပါ့မယ်”
“မနက်ဖြန် ဖြစ်နိုင်ရင်..မနက်ဖြန် ပြောချင်တယ်…ဒီမှာ သမီး ကိစ္စကလည်း လုပ်ဖို့ရှိသေးတယ်”
“ဪ..ဟုတ်ကဲ့..မမယု”
“ဒီမယ် ကိုဗေဒါ…တို့ကို မမယု လို့ မခေါ်နဲ့..မကြိုက်ဘူး..ဒေါ်ယုယုမော် လို့ပဲ ခေါ်ပါ”
ဗေဒါ ပါးစပ်ပိတ်သွားသည်။
မေယုကြေးမုံထံမှ ခိ ခနဲ ရယ်သံထွက်လာ၏။
………………………………..
ဒေါ်ယုယုမော်နှင့် ဗိုလ်ကြီးအေးမြင့်တို့အား ဗေဒါ မှ တွေ့ဆုံပေးခဲ့သည်။
လက်နက်အရောင်းအဝယ်ကိစ္စ၊ ပို့ဆောင်ရေးကိစ္စများ၊ဈေးနှုန်းကိစ္စများကို အသေးစိတ်ဆွေးနွေးကြ၏။
ဒေါ်ယုယုမော်သည် ရွှေတြိဂံနှင့် တောင်အာရှတစ်လျှောက်ရှိ လက်နက်အဟောင်းများ ဈေးကွက်ကို စီးနင်းထားနိုင်သူဖြစ်ကြောင်း ကိုနေဝင်းပြောပြဖူးသည်မှာ အမှန်တကယ်ပင်။
သူတို့ လက်နက်ကိစ္စများ စကားပြောနေကြစဉ် သူနားမလည်သည့်ကိစ္စဖြစ်သဖြင့် ဗေဒါက အခန်းပြင်ထွက်ကာ ဟိုတယ်ပန်းခြံအတွင်း စီးကရက်ထိုင်ဖွာနေလိုက်၏။
ထိုအချိန်တွင် ချက်ချင်းရိုက ချက်ချင်းပုံထွက်သော ပိုလာရွိုက်ကင်မရာတစ်လုံးဖြင့် ပန်းပွင့်များကို ဓာတ်ပုံရိုက်နေသော မေယုကြေးမုံကို ဗေဒါ သတိထားမိသွားသည်။
ထိုသေးသေးကွေးကွေးကောင်မလေးသည် အရှေ့တောင်အာရှ၏ လက်နက်ကိုင်အဖွဲ့အများဆုံးနိုင်ငံဆီသို့ လက်နက်မှောင်ခိုတင်သွင်းနေသော မိန်းကလေးတစ်ဉီးတဲ့လား။
သူတို့သားအမိနှစ်ယောက်တည်း ဒီလို လက်နက်အရောင်းအဝယ်တွေလိုက်လုပ်နေသည်ကို ထောက်လှမ်းရေးက မသိတော့ဘူးလား။
ဒါမှ မဟုတ်..သိလျက်နှင့် လွှတ်ပေးထားသည်လား။
ထောက်လှမ်းရေးနှင့် စစ်တပ်ကိုယ်တိုင်ကရော…သူတို့နှင့် ကင်းရဲ့လား။
“ဟိတ်…ဘဲကြီး…ဒီမှာ ဘာထွက်လုပ်နေတာလဲ..အထဲမှာ အလုပ်ကိစ္စပြောနေကြတာမဟုတ်ဘူးလား”
သူ့ဘေးနားရောက်လာသော မေယုကြေးမုံ။
“သူတို့ပြောတာတွေ..ငါမှ နားမလည်တာပဲ…ငါ့အလုပ်က သူတို့ချင်းတွေ့ပေးလိုက်ဖို့ပဲလေ”
“ဪ…တို့က ဘဲကြီး ကို ထောက်လှမ်းရေးကလို့ထင်ထားတာ”
မေယုကြေးမုံ စကားကြောင့် ဗေဒါက ပြုံးလိုက်သည်။
“ငါက ဘာကောင်မှမဟုတ်ပါဘူး..လမ်းပေါ်က လူပါပဲ”
“လမ်းပေါ်ကလူက သေနတ်ဝယ်ဖို့ကိစ္စ စစ်ဗိုလ်တွေကို ခေါ်လာပေးတယ်ပေါ့…ဖြစ်မှဖြစ်ရတယ်..ဘဲကြီးရယ်”
“ဒီမှာ…ငါ့ကို ဘဲကြီးလို့ မခေါ်ပါနဲ့..ငါ့နာမည် ဗေဒါ”
“အံမယ်…မေမေ က သူ့ကို မမယုနဲ့ မခေါ်နဲ့ဆိုလို့..ဘဲကြီးက တို့ကို ကလဲ့စားပြန်ချေတာပေါ့လေ”
“မဟုတ်ပါဘူး…ငါ့ကို ဘဲကြီး ဘဲကြီးနဲ့ ခေါ်ခေါ်နေတာ..ငါ့နာမည်ကို မင်းမသိဘူးမှတ်လို့”
“သိပ..ကိုဘေတား ရဲ့…နာမည်ခေါ်တာနဲ့ ဆမူဆာသုပ်စားချင်လာလို့ မခေါ်တာရှင့်”
မေယုကြေးမုံ၏ အရွှန်းဖောက်စကားကြောင့် ဗေဒါ ပြုံးမိလိုက်သည်။
မဆီမဆိုင် သူ့စိတ်ထဲ ဂျာနူး နှင့် မေယုကြေးမုံကို သွားနှိုင်းယှဉ်မိနေပြန်၏။
ခံစားချက်စိတ်အစိုင်အခဲတစ်ခု အမြဲရှိနေတတ်ပုံရပြီး မျက်နှာတည်တည်ဖြင့် စက်ရုပ်မဟုပင်ခေါ်ရသည့် ဂျာနူး နှင့် ပေါ့ပါးလွတ်လပ်ပြီး ဟာသဉာဏ်အမြဲရှိနေသည့် မေယုကြေးမုံ။
“ကဲ..ပြောပါဉီး..ဘဲကြီးက ဒီလားရှိုးကပဲလား”
“မဟုတ်ပါဘူး…ငါက ရန်ကုန်က”
“ဪ..မေယု..ပြောရင် ယုံမလားမသိဘူး…မေယု ရန်ကုန်မြို့ထဲကို အရမ်းရောက်ဖူးချင်တာ”
ဗေဒါအား စကားပြောရာတွင် “တို့” ဟု သုံးနှုန်းနေရာမှ “မေယု”ဟု သုံးလိုက်သည်ကို ဗေဒါ သတိထားမိလိုက်သည်။
“နေပါဉီး..မင်းတို့သားအမိလာတာ…ရန်ကုန်လေဆိပ်ကပဲ မဟုတ်ဘူးလား”
“အွန်းလေ..ကော့သောင်းကနေ ရန်ကုန်လေဆိပ်၊ ရန်ကုန်လေဆိပ်ကနေ လားရှိုးလေဆိပ်..ဒီလိုပဲလာတာ..ရန်ကုန်မြို့ထဲကိုတော့ လေဆိပ်ကလွဲပြီး ဘယ်နေရာမှ ခြေမချရဘူးလို့ မေမေက ငယ်ငယ်ကတည်းက ပြောတယ်..မေယု အဖြစ်က ရယ်ရတယ်..ဥရောပရော၊ အမေရိကရော၊ အာရှရော နိုင်ငံစုံရောက်ဖူးတယ်…ဩစတြေးလျ ဆို မေယုကျောင်းတက်ခဲ့တော့..ပြည်နယ်တော်တော်များများ ရောက်ဖူးခဲ့တာပေါ့….ကိုယ့်နိုင်ငံရဲ့ မြို့တော် ရန်ကုန်ကိုတော့ လေဆိပ်ပဲ ရောက်ဖူးတယ်”
“မင်းအမေက ထူးဆန်းလှချည်လား..ရန်ကုန်ဒီလောက် မုန်းနေရအောင်…ရန်ကုန်က သူ့ကို ဘာလုပ်ထားလို့လဲ”
“မေယုကို ဉီးစိုးနောင် ပြောပြဖူးတာတော့….မေယုဖေဖေ က ရန်ကုန်သား..ဉီးကြေးမုံတဲ့…မှောင်ခိုခေတ်မှာ မော်လမြိုင်မှာ မေမေနဲ့တွေ့ခဲ့တာ…ဒါပေမယ့်..မေယုဖေဖေ က ရန်ကုန်မှာ ပထမအိမ်ထောင်နဲ့ သားလေးတစ်ယောက်လည်းရှိခဲ့တယ်တဲ့…အဲ့ဒီ ပထမအိမ်ထောင်ကြောင့်ပဲ..ဖေဖေ အသတ်ခံခဲ့ရတယ်..ဒါကြောင့် မေမေက ရန်ကုန်မြေကို မုန်းနေတာတဲ့”
“ဪ…ဇာတ်လမ်းကလည်း ရုပ်ရှင်ဆန်လိုက်တာ…ဉီးစိုးနောင်ဆိုတာကရော..ဘယ်သူလဲ”
“မေယုဖေဖေရဲ့ တပည့်ပေါ့…ဉီးစိုးနောင်နဲ့ ဉီးခင်မောင်…သူတို့ နှစ်ယောက် က ဖေဖေမရှိတဲ့နောက်ပိုင်း မေမေ့လုပ်ငန်းတွေမှာ ကူညီခဲ့တဲ့ လူယုံတော်တွေပေါ့…မေယုကိုလည်း သူတို့က အဖေလို ဉီးလေးတွေကို စောင့်ရှောက်ခဲ့ကြတာ”
“အခုခရီးကျ..သူတို့ပါမလာပါလား”
“ဉီးစိုးနောင်က မဲဆောက် မှာအထိုင်ချပြီး…ဉီးခင်မောင်ကတော့ ရွှေတြိဂံ လာအိုထဲမှာ အထိုင်ချတယ်လေ..သူတို့က ပြည်တွင်းကို မလိုက်လာကြဘူး..မေမေနဲ့ မေယုပဲ လာကြရတာ”
ဗေဒါက မေယုကြေးမုံနှင့် စကားလက်စုံကျရင်း..စဉ်းစားနေမိသည်။
မေယုကြေးမုံသည် သူ့ကိစ္စများကို ဗေဒါအား အဘယ့်ကြောင့်လာပြောပြနေရသနည်း။
တကယ်ဆို သူတို့နှစ်ယောက်တွေ့ဆုံသည်မှာ သုံးကြိမ်မြောက်သာရှိသေးသည်မဟုတ်လား။
“ဉီးစိုးနောင်က ပြောသေးတယ်…မေယုမှာ အကိုတစ်ယောက်ရှိတယ်တဲ့…အဖေတူ အမေကွဲပေါ့”
“ဪ”
“ဘဲကြီးက ရန်ကုန်သားဆိုတော့ ရန်ကုန်မှာပဲ မွေးတာလား”
“အင်း..ဟုတ်တယ်”
“ဒါဆို ရန်ကုန်မြို့ကို အတော်ကျွမ်းမှာပေါ့”
“ဒါပေါ့”
“မေယု ဖြစ်ချင်တာ တစ်ခုရှိတယ်..မေယု ဖေဖေ က မေယုမမွေးခင်မှာ ဆုံးသွားတော့ သူ့ကို မေယု မမြင်ဖူးလိုက်ဘူး… မေမေပြီးရင် မေယုရဲ့ တစ်ဉီးတည်းသော သွေးသား..မေယု အကို ကို မေယု မြင်ဖူးချင်တယ်… မကြာခင်မှာ သူ့ကို မေယု ရန်ကုန်မြို့မှ လိုက်ရှာမယ်…အဲ့ဒီအခါကျ ဘဲကြီး ကူညီပေးမလား”
“မင်းအမေက ခွင့်ပြုပါ့မလား”
“မေမေ မသိအောင် ခိုးရှာမှာပေါ့….နောက်လထဲ မေယုက ဆစ်ဒနီတက္ကသိုလ်မှာ စာတမ်းတင်ဖို့ ပြန်ရမယ်လို့ မေမေ့ကို ပြောထားတယ်…တကယ်ကြာမှာက သုံးလေးရက်ပါ..ဒါပေမယ့် မေမေ့ကို နှစ်လလို့ ပြောထားတယ်..အဲ့ဒီအချိန်အတွင်း မေယု ရန်ကုန်ကို ခိုးပြန်လာမယ်လေ…အဲ့ဒီကျ..ဘဲကြီး မေယု့ကို ကူညီပေး”
ဗေဒါက ခေါင်းကုပ်လိုက်သည်။
သူ့ဟာသူတောင် ရှုပ်နေသည့် ဘဝထဲ နောက်ထပ် အရှုပ်တစ်ခု လာထပ်ပေးနေသည့် ဒီကောင်မလေး နှင့်တော့။
“မင်းလည်း နိုင်ငံခြားမြို့ကြီးတွေမှာနေဖူးတာပဲ….ရန်ကုန်ကလည်း အဲ့ဒီမြို့ကြီးတွေလောက် မကြီးရင်တောင်… အတော်လေးကျယ်တဲ့မြို့ပါ..လူတစ်ယောက်ကို ရှာဖို့ဆိုတာ..လွယ်တဲ့ကိစ္စမဟုတ်ဘူး..ပြီးတော့…မင်း မေမေ သိသွားရင်လည်း..ငါ့အတွက် မကောင်းဘူး”
မေယုကြေးမုံက သူ့လက်ထဲမှ ကင်မရာဖြင့် ဗေဒါ့ကို ချိန်ကာ ရိုက်လိုက်သည်။
စက္ကန့်ပိုင်းအတွင်း ထွက်လာသည့် ဓာတ်ပုံစက္ကူကို လက်ဖြင့်ကိုင်ကာ ခါလိုက်၏။
“ဒီမှာ ဘဲကြီးပုံ….ဘဲကြီးပုံက လုပ်ချင်ပြီဆို ဖြစ်အောင်လုပ်မယ့်..ရုပ်မျိုး..ပြီးတော့…အကူအညီတောင်းလာတဲ့ မိန်းကလေးတွေကိုလည်း အမြဲကူညီတတ်တဲ့ ဥပဓိရုပ်မျိုးပါ..မယုံ ကိုယ့်ပုံကိုယ် ကြည့်ကြည့်..ဟုတ်တယ်မဟုတ်လား”
မေယုကြေးမုံ၏ မျက်နှာလေးက စပ်ဖြဲဖြဲဖြင့်။
ဗေဒါ၏ လက်ထဲသို့ ဓာတ်ပုံကို ထိုးထည့်ပေးပြီး လျှာတစ်လစ်ဖြင့် လက်မထောင်ပြလိုက်သေးသည်။
ဗေဒါ ပြုံးလိုက်မိသည်။
“ဘဲကြီး..ပြုံးပြီဆိုတော့..သဘောတူလိုက်တာမဟုတ်လား..နော့..နော်..ဘဲကြီး”
“ငါ့ကို ဘဲကြီးလို့ မခေါ်ရင် သဘောတူမယ်”
“ဟုတ်ပြီ..ဒါဆို…ဘဲကြီးလို့မခေါ်ဘူး….မေယု အကို ကို ရှာမတွေ့ခင်…မေယုအကိုအဖြစ် ကိုကြီးလို့ ခေါ်မယ်…ရလား”
ဗေဒါက ခေါင်းညိတ်လိုက်သည်။
“ကဲ..ကိုကြီး…ဒါဆို မေယုရန်ကုန်ရောက်ရင်…ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ရေးပေးတော့”
မေယုကြေးမုံက အသင့်ပါလာသော ဘောပင်ကို ထုတ်ပေး၏။
ဗေဒါက သူ့ဓာတ်ပုံနောက်တွင်ပင် သူ၏ ဆယ်လူလာနံပါတ်ကို ရေးပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်..ဘဲ..အဲ ကိုကြီး…ရန်ကုန်ပြန်ရောက်ရင်လည်း ကိုကြီး လမ်းကြုံရင် စုံစမ်းပေးလို့ရအောင်.. မေယုရဲ့ အကိုနာမည်ကို ပြောပြထားရဉီးမယ်…သူ့နာမည်က ဧရာ တဲ့..သူ့အမေနာမည်က ဒေါ်မြိုင်”
“ဧရာ..ဧရာ..ဟုတ်လား”
ဗေဒါက ထိုနာမည်ကို ထပ်ခါထပ်ခါရေရွတ်လိုက်သည်။
ခက်ဇော်
အခန်း ၁၂ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>