တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် ခြောက်ရက်မြောက်ဆန္ဒပြပွဲတွင် ပြည်သူ့ဝန်ထမ်းများ ပါဝင်လာသည်။
စစ်အာဏာသိမ်းပြီး ၁၀ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူလူထုအပြင် မြေစာရင်းဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှေ့နေများ၊ နည်းပညာတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်နှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်း စသည့်ဌာနများမှ ဝန်ထမ်းအချို့ ပူးပေါင်းပါဝင်လာသည်။ ကရင်တိုင်းရင်းသားတို့လည်း ပါဝင်လာသည်။

ထို့အပြင် ပညာရေးဝန်ထမ်းဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်း အစရှိသည့် ပြည်သူ့ဝန်ထမ်းများလည်း ပါဝင်သည်။
၎င်းတို့သည် ယမန်နေ့ဆန္ဒပြပွဲတွင်လည်း ပါဝင်ခဲ့ပြီးဖြစ်သည်။ ယင်းအပြင် LGBT များ၊ ဂီတအသင်းနှင့် အခြားအသင်းအဖွဲ့များလည်း ပါဝင်သည်။
ယနေ့ဆန္ဒပြရာတွင် ပင်မသပိတ်စစ်ကြောင်းက နံနက် ၈ နာရီခွဲခန့်တွင် ဥတ္တံတားကြီးလမ်းဆုံမှ နိဗ္ဗာန်လမ်းအတိုင်းချီတက်ပြီး ဗဟိုလမ်းဆုံအရောက်တွင် ဆန်းချီလမ်းဆုံဘက်သို့ ချီတက်သွားသည်။

စထွက်ထွက်ချင်းပင် ရဲတပ်ဖွဲ့ကားတစ်စီးက အရှေ့မှကန့်လန့်ခံတားဆီးခဲ့သေးသော်လည်း ဆန္ဒပြသမားတို့က လွတ်နေသည့် လမ်းကြောင်းမှ ငြိမ်းချမ်းစွာဖြတ်သန်းသွားခဲ့ကြသည်။
ပင်မသပိတ်စစ်ကြောင်းက ဆန်းချီလမ်းဘက်သို့ ချီတက်သွားပြီး ယင်းမှ တစ်ဆင့် ကမြောကင်းလမ်းအတိုင်း ကြွေကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။
ထိုမှတစ်ဆင့် မယ်ဒီလန်းဆေးရုံဘေးလမ်းမှ ကမ်းနားလမ်းဘက်သို့ ဆက်လက်ချီတက်ကြသည်။

အစိုးရ စုပေါင်းရုံးဝင်းအတွင်း စစ်သားအချို့က ဆန္ဒပြသမားများကို ရပ်ကြည့်နေသည်ကိုတွေ့ရသည်။
ယင်းစုပေါင်းရုံးအနီးတွင် ဆန္ဒပြခေါင်းဆောင်အချို့က ခဏတာဟောပြောခဲ့ပြီး ကမ်းနားလမ်းဘက်ထွက်ကာ ကမ်းနားဈေးဘက်သို့ဆက်လက်ချီတက်သွားခဲ့သည်။
ပင်မသပိတ်စစ်ကြောင်း ချီတက်နေချိန်တွင် ဥတ္တံတားကြီးလမ်းဆုံ၌ အခြားဆန္ဒပြစစ်ကြောင်းက ထိုင်သပိတ်ဆင်နွှဲနေပြီး အခြားစစ်ကြောင်းများကလည်း မိမိအစီအစဉ်ဖြင့် အသီးသီး လှည့်လည်ဆန္ဒပြနေကြသည်။

တိုင်းအစိုးရအဖွဲ့ရုံးအရှေ့တွင်မူ ရဲတပ်ဖွဲ့က အင်အားအများအပြားဖြင့် နေရာယူထားပြီး ယမန့်နေ့အတိုင်းပင် သံဆူးကြိုးတပ် ဘယ်ရီဂိတ်များကိုလည်း အခိုင်အမာချထားသည်။
တိုင်းအစိုးရအဖွဲ့ရုံးအနောက်ဘက်ဝင်ပေါက်အနီးတွင်လည်း အဓိကရုဏ်းနှိမ်နင်းချိန်တွင် ထားရှိလေ့ရှိသည့် စည်းသုံးစည်းကို သတ်မှတ်ထားသည်။.
ထို့အပြင် မီးတန်းကား၊ အချုပ်ကား အပါအဝင် အခြားရဲကားများလည်း ရပ်နားထားသည်။

ပင်မစစ်ကြောင်းက ကမ်းနားဈေးလမ်းဆုံသို့ရောက်ချိန်တွင် ခေါင်းဆောင်များက ဟောပြောကြပြီး သပိတ်ကော်မတီ၏ ထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ဖတ်ကြားသည်။
ထိုနောက် လမ်းဆုံကြီးမှ ဗိုလ်ချုပ်လမ်းအတိုင်းသွားပြီး နိဗ္ဗာန်လမ်းသို့ ဆက်လက်ချီတက်ပြီး ဥတ္တံတားကြီးလမ်းဆုံတွင် ထိုင်သပိတ်အဖွဲ့နှင့် ပူးပေါင်းကာ ဟောပြောခဲ့ကြသည်။

နံနက် ၁၁ နာရီကျော်ချိန်တွင်မူ ယနေ့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲပြီးဆုံးပြီဖြစ်ကြောင်း ကြေညာကာ ငြိမ်းချမ်းစွာ လူစုခွဲကြသည်။
ယနေ့ဆန္ဒပြပွဲတွင် ဝန်းရံသူများက ကိုယ်ပိုင်ကားများရောက်လာပြီး ရေသန့်၊ မုန့်၊ ကျွေးမွေးနေသကဲ့သို့ ဆန္ဒပြရာလမ်းတစ်လျှောက်တွင်လည်း ကျွေးမွေးဝေငှနေကြသည်။

ရဲတပ်ဖွဲ့ကမူ ၎င်းတို့လုံခြုံရေးယူထားသည့် တိုင်းအစိုးရအဖွဲ့ရုံးအနီးတစ်ဝိုက်တွင်သာ နေရာယူထားပြီး ဆန္ဒပြသူများကို တားဆီးခြင်း၊ ဖမ်းဆီးခြင်း တစ်စုံတစ်ရာမရှိခဲ့ပေ။


