BREAKING
January 10, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

January 10, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ

ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသမီး အသက် ၁၁၆ နှစ်မှာ ကွယ်လွန်

ဂရင်းနစ်စံချိန်တင် ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသမီးဖြစ်တဲ့ ဂျပန်နိုင်ငံသူ Tomiko Itooka ဟာ အသက် ၁၁၆ နှစ်မှာ ကွယ်လွန်သွားတယ်လို့ ဇန်နဝါရီလ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံ အလယ်ပိုင်း ဟျိူဂိုဒေသ အရှီယာမြို့က အသက်ကြီးဂေဟာမှာ ကွယ်လွန်ခဲ့တာပါ။

သူမဟာ ၁၉၀၈ ခုနှစ် မေလ ၂၃ ရက်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ငှက်ပျောသီးနဲ့ ဂျပန်ဒိန်ချဉ်ဖျော်ရည် ကြိုက်တတ်တဲ့သူဖြစ်ပါတယ်။

အသက် ၁၁၇ နှစ် အရွယ် စပိန်အမျိုးသမီး Maria Branyas ကွယ်လွန်ခဲ့ပြီးတဲ့နောက် သူမက ကမ္ဘာမှာ အသက်အကြီးဆုံး ဖြစ်လာခဲ့သူပါ။

သူမဟာ အထက်တန်းကျောင်းသူဘဝက ဘော်လီဘော အားကစားသမားတစ်ဦး ဖြစ်သလို ပေ ၁ သောင်းကျော် မြင့်တဲ့ အွန်တာကီ တောင်ကို ၂ ကြိမ် တက်ခဲ့ဖူးသူဖြစ်ပါတယ်။

Ref: BBC

………………………………..

ကနေဒါဝန်ကြီးချုပ် ရာထူးက နုတ်ထွက်မယ်

ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ သူ့ရဲ့ခေါင်းဆောင်မှုအပေါ် မကျေနပ်မှုတွေ တိုးလာတာကို ရင်ဆိုင်နေရတဲ့နောက် ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးက ရာထူးက ရုတ်တရက်နုတ်ထွက်သွားတာကြောင့် သူ့အစိုးရအဖွဲ့ထဲမှာ အခြေအနေတွေ ဆိုးလာခဲ့တာပါ။

လစ်ဘရယ်ပါတီအနေနဲ့ ခေါင်းဆောင်သစ်ကို ရွေးချယ်နိုင်တဲ့အထိ သူ့အနေနဲ့ ဝန်ကြီးချုပ်တာဝန်ကို ဆက်ယူသွားမယ်လို့ ဆိုပါတယ်။

သူဟာ ၂၀၁၅ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာသူဖြစ်ပြီး နိုင်ငံထဲက အစားအစာနဲ့ အိမ်ဈေးအဆမတန်တက်လာတာ၊ ရွှေ့ပြောင်းဝင်ရောက်သူတွေ တိုးလာတာတွေကြောင့် ဝေဖန်ခံရမှုတွေ ပိုတိုးလာခဲ့ပါတယ်။

Ref: NPR

………………………………..

တိဗက်ဒေသ ငလျင်ကြောင့် အနည်းဆုံး ၁၂၀ ဦး သေဆုံး

တိဘက်ဒေသမှာ ဇန်နဝါရီလ ၆ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူပေါင်း ၁၂၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ငလျင်ကြောင့် လူပေါင်း ၁၈၈ ဦးလည်း ဒဏ်ရာရရှိခဲ့တာပါ။

ငလျင်ကတော့ ဧဝရက်တောင်ရဲ့ အရှေ့မြောက်ဘက်မိုင် ၅၀ လောက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ငလျင်တိုင်းထွာရေး ဌာနမှတ်တမ်းအရ ငလျင်ပြင်းအား ၇ ဒသမ ၁ အဆင့် ရှိတယ်လို့ ဆိုပါတယ်။

ငလျင်ဟာ တရုတ်ပြည်အနောက်ဘက်ဒေသ၊ အိန္ဒိယနဲ့ နီပေါနိုင်ငံ နယ်စပ်တလျောက်လှုပ်ခတ်ခဲ့တာဖြစ်ပြီး အိုးအိမ်ပေါင်း ၃၆၀၀ ကျော်လည်း ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

Ref: CNN

………………………………..

ကယ်လီဖိုးနီးယားမှာ တောမီး အကြီးအကျယ်လောင်

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့တဝိုက်က နေရာငါးခုကျော်မှာ တောမီး အကြီးအကျယ် လောင်ကျွမ်းနေပါတယ်။

တောမီးကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးပြီး အဆောက်အအုံပေါင်း ၁၀၀၀၀ ကျော် ပျက်စီးနေပါပြီ။ 

လက်ရှိအချိန်ထိ ပျက်စီးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံကို ကျော်လာခဲ့နေပြီလို့ ဆိုပါတယ်။

LA မြို့ တဝိုက်မှာရှိတဲ့ လူ တစ်သိန်းသုံးသောင်းကျော်ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ သတိပေးထားပါတယ်။

မီးလောင်ပျက်စီးတဲ့ အိမ်အများစုက ဟောလီးဝုဒ်တောင်ကုန်းအနီးက ဇိမ်ခံအိမ်အများစုဖြစ်ပြီး နာမည်ကြီးမင်းသား၊ မင်းသမီးတွေရဲ့ အိမ်တွေလည်း ပါသွားခဲ့ပါတယ်။

ခြောက်သွေတဲ့ လေပြင်းနဲ့ ကမ်းခြေဘက်က လာတဲ့ လေတွေကြောင့် မီးကိုထိန်းနိုင်ခြင်းမျိုး မရှိသေးပါဘူး။

Ref: BBC

………………………………..

ကွယ်လွန်သူ သမ္မတဂျင်မီကာတာအတွက် နိုင်ငံတော် ဈာပနာ ကျင်းပ

အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သူ ၃၉ ဦးမြောက် သမ္မတဟောင်း ဂျင်မီကာတာအတွက် ဇန်နဝါရီလ ၉ ရက်နေ့က နိုင်ငံတော် ဈာပနကျင်းပခဲ့ပါတယ်။

နိုင်ငံတော် ဈာပနာနေ့မှာ တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးရတဲ့နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။

အမေရိကန်သမ္မတရဲ့ နိုင်ငံတော် ဈာပနကို ဝါရှင်တန် ဘုရားကျောင်းမှာ ကျင်းပခဲ့ပြီး အမေရိကန်ထိပ်တန်း ခေါင်းဆောင်အများစု တက်ရောက်ခဲ့သလို ပြည်သူတွေလည်း တက်ရောက်စုဝေးခဲ့ပါတယ်။

ဈာပနာနေ့မှာတော့ အစိုးရရုံး အများအပြားကိုလည်း ပိတ်ထားခဲ့ပါတယ်။

Ref: AP

………………………………..

ဂါဇာစစ်ပွဲကြောင့် သေဆုံးသူ ပါလက်စတိုင်း ၄၆၀၀ အထိ ရှိလာ

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ပါလက်စတိုင်းသေဆုံးရသူဟာ ၄၆၀၀ ကျော်သွားပြီလို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့က အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဘက်မှာ လူ ၇၀ ထပ်ပြီး သေဆုံးခဲ့ပြီးတဲ့နောက် ပြောကြားလိုက်တာပါ။

ဒါ့အပြင် ဒဏ်ရာရသူကလည်း ၁ သိန်း ကျော်နေပြီး သေဆုံး၊ဒဏ်ရာရသူ ထက်ဝက်ကျော်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို ဟားမတ်စ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ အတွက် လူပေါင်း ၁၂၀၀ သေဆုံးခဲ့ပြီး ဓားစာခံ ၂၅၀ လောက်ကိုပါ ဖမ်းသွားတဲ့နောက် ဂါဇာစစ်ပွဲစတင်ခဲ့တာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ဟောလိဝုဒ်ထိပ်တန်းအနုပညာရှင်နှစ်ဦး ၈ နှစ်အကြာမှာ ကွာရှင်းမှု ပြီးပြတ်

ဟောလိဝုဒ်ထိပ်တန်းအနုပညာရှင်နှစ်ဦးဖြစ်တဲ့ မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ မင်းသား ဘရတ်ပစ်တို့ ကွဲရှင်းပြတ်စဲမှုက ၈ နှစ်အကြာမှာ သဘောတူညီမှု ရသွားကြပြီလို့ ဂျိုလီရဲ့ ရှေ့နေက ဆိုပါတယ်။

ဒီကွာရှင်းမှုက ဟောလိဝုဒ်မှာ လူစိတ်အဝင်စားဆုံး ကွာရှင်းပြတ်စဲမှုထဲက တစ်ခုဖြစ်တာပါ။

လူအများစိတ်ဝင်စားခံရတဲ့ ကွာရှင်းပြတ်စဲမှုက ၈ နှစ်အကြာမှာတော့ အဆုံးသတ်သွားတာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးက ၂၀၀၅ ခုနှစ်ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ပြီး ပေါင်းသင်း လက်ထပ်ချိန် ၂ နှစ်ကြာခဲ့ပါတယ်။

နောက် ကွာရှင်းပြတ်စဲကြဖို့ အန်ဂျလီနာဂျိုလီက လွန်ခဲ့တဲ့ ၉ နှစ်ဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှာ တရားရုံးမှာ တင်ခဲ့ပါတယ်။

ရှစ်နှစ်အကြာမှာတော့ ကွာရှင်းသဘောတူညီမှုကို အပြီးသတ်ပြီး လက်မှတ်ထိုး တရားရုံးကို တင်ပြီးပြီလို့လည်း ရှေ့နေက ဆိုပါတယ်။

Ref: BBC

………………………………..

တရုတ်မှာ ဟင်းသီးဟင်းရွက်ဈေး မီးလောင်လို့ လူ ၈ ဦး သေဆုံး

တရုတ်နိုင်ငံ မြောက်ပိုင်း ဟေးဘိုင်းပြည်နယ်က ဟင်းသီးဟင်းရွက်ဈေးတန်းမှာ မီးလောင်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့ နံနက်က လီကွမ်း ဟင်းသီးဟင်းရွက်ဈေးမှာ မီးစတင်လောင်ကျွမ်းခဲ့တာပါ။

တစ်နာရီကျော်အကြာမှာတော့ မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဈေးတန်းမှာ အသီးအနှံ၊ ပင်လယ်စာနဲ့ အီလက်ထရောနစ်ပစ္စည်းတွေကအစ ရောင်းချနေပါတယ်။

Ref: South China Morning Post

………………………………..

ခြင်္သေ့ဘေးမဲ့တောထဲ လမ်းပျောက်နေတဲ့ ကလေးငယ်ကို ၅ ရက်အကြာမှာ ပြန်တွေ့

ဇင်ဘာဘွေနိုင်ငံက ခြင်္သေ့တွေ ကျက်စားတဲ့ ဘေးမဲ့တောထဲ ၅ ရက်ကြာ လမ်းပျောက်နေခဲ့တဲ့ ကလေးငယ်ကို ဒေသခံတွေနဲ့ အစောင့်အကြပ်တွေက ရှာဖွေ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

အသက် ၈ နှစ်အရွယ် ကောင်လေး ပူဒူဟာ အိမ်ကနေ ထွက်လာပြီးနောက် လမ်းပျောက်ပြီး မာတူဆာဒိုနာဘေးမဲ့တောထဲ ရောက်သွားခဲ့တာပါ။

စတုရန်းကီလိုမီတာ ၁၄၇၀ ကျယ်ဝန်းတဲ့ မာတူဆာဒိုနာဘေးမဲ့တောဟာ ခြင်္သေ့၊ ဆင်၊ ရေမြင်းတွေ ကျက်စားတဲ့ နယ်မြေဖြစ်ပါတယ်။

ပူဒူဟာ တောထဲက သစ်သီးတွေ ခူးစားပြီး ကျောက်ဆောင်တွေပေါ် အိပ်စက်ကာ အသက်ရှင်ခဲ့တာပါ။ 

ဒေသခံတွေက ညလုံးပေါက် ဗုံတီးအသံပြုပြီး ပူဒူကို လိုက်ရှာခဲ့သလို ဘေးမဲ့တော အစောင့်အကြပ်တွေကလည်း ကားတွေနဲ့ လိုက်လံရှာဖွေခဲ့ပါတယ်။

ပူဒူကို တွေ့ရှိခဲ့တဲ့နေရာဟာ သူ့အိမ်ကနေ မိုင် ၃၀ နီးပါး ကွာဝေးတယ်လို့ သိရပါတယ်။

Ref: ABC

………………………………..