BREAKING
January 10, 2025

ရေးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်

January 10, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက်ကို ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသည့် နေ့လယ်ပိုင်းခန့်အထိ ပြင်းထန်နေဆဲဖြစ်ပြီး၊ ရေးအခြေစိုက် စစ်ကောင်စီ အမြောက်တပ် ၃၁၆၊ အမှတ်(၁၉) စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉၊ ခလရ ၆၁ နှင့် ခမရ ၅၉၁ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲနှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ကျုံလောင်းကျေးရွာနှင့် အနီးရှိ ကျောက်မိကျောင်း (တောင်/မြောက်)၊ ကွင်းရှည်၊ ဖလံ၊ ဝယ်ပေါင်၊ ဝယ်ဇင်ကျေးရွာမှ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံတို့က ပြောသည်။

“တိုက်ပွဲရော လက်နက်ကြီးနဲ့ လှမ်းပစ်တာရောပဲ။ ခု (နေ့လယ်) ထိဖြစ်နေတုန်းပဲ။ ကျုံလောင်းကတော့ အရင်ရက်တွေကတည်းက တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်နေကြတယ်။ အခုက ကျုံလောင်းအနီးနားက ကျောက်မိကျောင်း၊ ဝယ်ပေါင်၊ ဝယ်ဇင်ကလူတွေလည်း ပြေးကုန်ကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ရင်း တပ်စခန်းတို့မှ တိုက်ပွဲဖြစ်ပွားနေသည့် ကျုံလောင်းရွာဘက်သာမက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသဘက်ကိုလည်း လက်နက်ကြီးဖြင့် လှမ်းပစ်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက်ကို စစ်ကောင်စီတပ်မှ ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းအချိန်ခန့်ကတည်းက လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် ဒေသတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာကာ ရွာဘုန်းကြီးကျောင်းထဲတွင် တပ်စွဲထားသည်။

ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျုံလောင်းရွာဘက် အင်အားထပ်ဖြည့်ရန် ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဘက်က ရေး-ကျုံလောင်း-ဝယ်ပေါင်ကျေးရွာလမ်းတလျှောက်ကို ပိတ်ဆို့ထားပြီး စစ်ဆေးမှု တင်းကြပ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“လောလောဆယ် တိုက်ပွဲဖြစ်နေတော့ အသွားအလာ သတိထားဖို့လိုတယ်။ နောက်တစ်ခုက ရှောင်ထားကြဖို့ပါ။ အခုက လက်နက်ကြီးနဲ့ လှမ်းပစ်နေတယ်။ တိုက်ပွဲက ဆက်ဖြစ်နေရင် လေယာဉ်ကိုလည်း အသုံးပြုလာနိုင်တယ်။ လေယာဉ်နဲ့ ဗုံးလာကြဲချမှာကိုပဲ ကြောက်နေကြတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသွားလာလေ့ရှိသည့် ကျုံလောင်းရွာဟောင်းဘက်ကို ရေးအခြေစိုက် စစ်ကောင်စီတပ်တို့က လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကပင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးသည် ကျုံလောင်းရွာဟောင်း အလယ်တန်း ကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၂၄ နှစ်ဆန်းပိုင်းကလည်း စစ်ကောင်စီ အမြောက်တပ် ၃၁၆ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး နှစ်အပါအဝင် ကျုံလောင်းရွာဟောင်း ဒေသခံ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။