BREAKING
January 10, 2025

ကံပေါက်နှင့် ကလိန်အောင်ကြား လမ်းပိုင်းတစ်ခုကို စစ်ကောင်စီတပ်က ထပ်ဖျက်ဆီး

January 10, 2025

ရေဖြူမြို့နယ် ကံပေါက်ရွာနှင့် ကလိန်အောင်မြို့ အင်းပြားရွာအကြား ဆက်သွယ်ထားသည့် ဖိုးကျိုက်ခွဲ မြေသားလမ်းပိုင်းကို ဇန်နဝါရီလ ၉ ရက် ညနေပိုင်းတွင် မောရဝတီရေတပ်က မြေတူးစက်ဖြင့် တူး၍ ထပ်မံဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှသိရသည် ။

ယင်းမြေသားလမ်းပိုင်းသည် ကလိန်အောင်-ကံပေါက်(ရေဖြူ) မြို့နယ်ချင်းဆက်လမ်းပိုင်းရှိ အသည်းအေးတောင်အဆင်း လက်ယာဘက်မှ ခွဲဝင်ရသည့်လမ်းပိုင်းဖြစ်ပြီး သစ်ကား၊ ဝါးကားများ၊ ခြံသမားများ သွားလာအသုံးပြုသည့် လမ်းပိုင်းဖြစ်သည် ဟု ဒေသခံတို့ကဆိုသည်။

လမ်းပိုင်းဖြတ်တောက်နေစဥ် ဇန်နဝါရီလ ၉ ရက် ညနေပိုင်းတွင် ကံပေါက်သို့ဝင်မည့် ကားအားလုံးကို ပေးမဝင်ဘဲ ကလိန်အောင်လမ်းဆုံတွင် လမ်းပိတ်ထားခဲ့ပြီး ည ၉ နာရီမှ လမ်းပြန်ဖွင့်ပေးခဲ့သည်။

” ဖိုးကျိုက်ခွဲလမ်းကို စက်နဲ့တူးလို့ပြီးမှ ကားတွေ ပေးဝင်တယ်။ မော်လမြိုင်ကားရော ၊ ထားဝယ်ကားရေ ၊ ရန်ကုန်ကဆင်းလာတဲ့ကားတွေရော အကုန်ပိတ်မိနေကြတာ၊ ညနက်မှပေးဝင်တယ် ” ဟု ကံပေါက်ရွာခံ ကားသမားတစ်ဦးကပြောသည် ။

စစ်ကောင်စီသည် ကံပေါက်တိုက်နယ်အတွင်း လမ်းပိုင်းဖြတ်တောက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ဇာဒီရွာ ၊ တောင်ရင်းအင်းရွာ ၊ ဂန့်ဂေါ်တောင်ရွာနှင့် ဘုရားမဲရွာ များအကြားရှိ လမ်းပိုင်းဆယ်နေရာနီးပါးကို ဖြတ်တောက်ထားသည် ။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၇ ရက် ရေကန်တောင်စခန်း တိုက်ခိုက်ခံရပြီးနောက် မောရဝတီရေတပ်က ကံပေါက်တိုက်နယ် တွင် လမ်းပိုင်းဖြတ်တောက်မှုများကို ပို၍လုပ်ဆောင်လာသည်ဟု ဒေသခံများကပြောသည် ။