တရုတ်နှစ်သစ်ကူးနီးလာချိန် ဝဥအစို အဝယ်ရပ်လိုက်သဖြင့် ဈေးထက်ဝက်ကျဆင်းသွားကြောင်း ဝဥတောင်သူများနှင့် ဝဥဈေးကွက်အတွင်းမှ သိရသည်။
တရုတ်နှစ်သစ်ကူး အချိန်နီးလာချိန် အရောင်းအဝယ်အတွက် ငွေပေးချေရာတွင် အချိန်ကြန့်ကြာသည့်အတွက် ခေတ္တအဝယ်ရပ်လိုက်ကြောင်း ဝဥကုန်သည်အချို့က ဆိုသည်။
လာမည့် ဇန်နဝါရီလ ၂၉ ရက်သည့် တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပြီး ပွဲရုံများက ဇန်နဝါရီလ ၆ ရက်မှစတင်ကာ ဝဥအစို အဝယ်ရပ်လိုက်ကြကြောင်း ၎င်းတို့ထံမှ သိရသည်။
ထိုသို့ အဝယ်ရပ်လိုက်သဖြင့် ယခင်က ဝဥတစ်ပိဿာလျှင် ကျပ်လေးထောင်ဝန်းကျင်ဈေးရှိရာမှ လက်ရှိတွင် ကျပ် နှစ်ထောင်ဝန်းကျင်သာ ပေါက်ဈေးရှိတော့ကြောင်း ဝဥကုန်သည်တစ်ဦးက ပြောသည်။
“ဒီဘက်မှာလည်း ကုန်(ဝဥ)တွေက များနေတယ်။ အရင်ပို့လိုက်တဲ့ ကုန်ဖိုးတွေတောင် မရသေးဘူး။ ဒါကြောင့် ခဏနားလိုက်တာ။ ပေးတဲ့ဈေးနဲ့ ရောင်းနိုင်တဲ့သူဆိုရင်တော့ ဝယ်ပေးတယ်” ဟု ၎င်းက ဆိုသည်။
တစ်ဖက်တွင်လည်း တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေသဖြင့် ဝဥသယ်ယူပို့ဆောင်ရာတွင် အခက်အခဲရှိကြောင်း ဝဥရောင်းဝယ်ရေးလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ပြောဆိုသည်။
“လမ်းပိုင်းတွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတော့ ဝဥတွေတင်ပို့ဖို့အတွက် အခက်အခဲတွေရှိတယ်။ဝဥက အကြာကြီး ထားလို့မရဘူး။ ကုန်ချိန်လျှော့လာပြီး အရှုံးပေါ်တယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။
ဘုတ်ပြင်းနှင့် မြိတ်မြို့နယ်အပါအဝင် တနင်္သာရီတိုင်းတွင် ဝဥကို သီးခြားစိုက်ပျိုးသူများရှိသလို သဘာဝအလျောက် အလေ့ကျပေါက်သည့် ဝဥများကိုလည်း ဒေသခံများက တူးဖော်ရောင်းချကြသည်။
တောင်သူများရောင်းချသည့် ဝဥအစိုကို ပွဲရုံနှင့် စက်ရုံများက ဝဥအခြောက်ပြုလုပ်ကာ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်သည်။
ဝဥကို ခေါက်ဆွဲခြောက်၊ အသားတု၊ အသားလုံးစသဖြင့် စားသောက်ကုန်များထုတ်လုပ်သလို အလှကုန်နှင့် ဆေးဝါးထုတ်လုပ်များတွင်လည်း အသုံးပြုကြသည်။