BREAKING
January 10, 2025

ကံပေါက်တိုက်နယ်ရှိ နေရာအများစုတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်

January 10, 2025

ပုံစာ - ကံပေါက်ရွာ ၊ အင်တောင်ခြေတွင်တည်ရှိသည့် MPT တာဝါတိုင်အား အဝေးမှလှမ်းမြင်ရစဥ် (ပုံဟောင်း)။ ဓာတ်ပုံ - ကံပေါက်သားများဆုံဆည်းရာ

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအများစုတွင် ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆွဲအားကျပြီး လိုင်းပြတ်တောက်မှုများဖြစ်နေသည်ဟု ဒေသခံများထံမှသိရသည်။

နေရာအများစုတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ တစ်နေ့လျှင် ပျှမ်းမျ ငါးနာရီခန့် ပြတ်တောက်နေပြီး အနိမ့်ပိုင်းကျေးရွာများနှင့် ရပ်ကွက်များတွင်မူ လိုင်းလုံးဝပြတ်တောက်နေသည်ဟု ဒေသခံများကဆိုကြသည် ။

ဖိုင်ဘာအင်တာနက် ဝိုင်ဖိုင်လိုင်းများလည်း အလားတူ လိုင်းဆွဲအားလျော့နည်းနေသည်ဟု ဝိုင်ဖိုင်အသုံးပြုသူများကပြောသည် ။

“ပြတ်ရင်လည်း အကုန်လုံးပြတ်သွားတယ်။ ဖုန်းလိုင်းတွေရော၊ ဝိုင်ဖိုင်တွေရော ပြန်ရရင်လည်း လိုင်းဆွဲအားညံ့တယ်။ တောင်ကုန်းလိုနေရာမျိုးတွေက လိုင်းကောင်းတယ်။ အနိမ့်ပိုင်းတွေမှာ လုံးဝလိုင်းမမိတာမျိုးဖြစ်နေတယ်” ဟု ကံပေါက်ရွာ လှည်းကုန်းရပ်ကွက်နေ အမျိုးသမီး တစ်ဦးကပြောသည်။

ကလိန်အောင်မြို့တွင်မူ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပုံမှန်ရရှိနေပြီး ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာများသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပါက ချိတ်ဆက်နိုင်ရန်(ဖုန်းဝင်ရန်) အချိန်ကြာမြင့်စွာ စောင့်ရကြောင်း ကလိန်အောင်မြို့ခံတစ်ဦးကပြောသည် ။

ကံပေါက်ကျေးရွာ အောက်ဘက်ကျေးရွာများတွင်လည်း ဖုန်းလိုင်းများ မကြာခဏပြတ် နေကြောင်း ကံပေါက်တိုက်နယ်၊ ဖောင်းတောကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောပြသည်။

ကံပေါက်တိုက်နယ် တွင် ဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးအတွက် အမ်ပီတီ ၊အက်တမ် နှင့် မိုင်တဲ အော်ပရေတာသုံးခုရှိပြီး ဖိုင်ဘာဝိုင်ဖိုင်အင်တာနက်အတွက် မိုင်တဲအော်ပရေတာ တစ်ခုသာရှိသည်ဟု ဒေသခံတို့ကပြောသည် ။

ဖုန်း နှင့် အင်တာနက်လိုင်းဆွဲအား လျော့နည်း၊ပြတ်တောက်နေသည့် အခြေအနေကို အမ်ပီတီနှင့် အက်တမ်၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာသို့ ဆက်သွယ်မေးမြန်းရာ ရေဖြူမြို့နယ်အတွင်း ဧရိယာအချို့တွင် ဆက်သွယ်ရေးလိုင်းများ ပြုပြင်နေခြင်းကြောင့်ဖြစ်သည်ဟု အက်တမ်မှ ပြန်လည်ဖြေကြားသည်။

အမ်ပီတီ အော်ပရေတာမူ ယနေ့ ဇန်နဝါရီလ ၁၀ ရက်နံနက်ပိုင်းအထိ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

မိုင်တဲဖိုင်ဘာအင်တာနက်လိုင်းများနှင့် ပတ်သက်၍ ဒေသခံ ဖိုင်ဘာအင်တာနက် ကိုယ်စားလှယ်တစ်ဦး ထံ မေးမြန်းကြည့်ရာတွင်လည်း လိုင်းဆွဲအားကျနေရသည့် အကြောင်းအရင်းကို ၎င်းအနေဖြင့် မသိရှိရကြောင်းနှင့် ၎င်းကိုယ်တိုင်လည်း အင်တာနက်အခက်အခဲကြုံနေရကြောင်း ပြန်လည်ဖြေကြားသည် ။

ပြီးခဲ့သည်နှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်က စစ်ကြောင်းထိုးခံရသည့် ကံပေါက်တိုက်နယ် ၊ ဇာဒီရွာတွင်မူ စစ်ကြောင်း ပြန်ထွက်သွားသည့် ဒီဇင်ဘာလ ၂၅ ရက်ကတည်းက လျှပ်စစ်မီးဖြတ်တောက် ခံထားရသဖြင့် တာဝါတိုင် မလည်ပတ်နိုင်၍ ဖုန်းလိုင်းများပြတ်တောက်နေကြောင်း ဇာဒီရွာသားများထံမှသိရသည် ။