BREAKING
January 10, 2025

နေ့အပူချိန်နှင့် လေပြင်းတိုက်ခတ်မှုကြောင့် မီးဘေးသတိပြုရန် သတိပေး

January 10, 2025

ပုံစာ - အောက်ရေဖြူကျေးရွာနှင့် ကဒက်ငယ်ဆိပ်ကျေးရွာအကြားရှိ လယ်ကွင်းများ မီးလောင်နေစဥ်။ ဓာတ်ပုံ - အရှင်ဓမ္မိက (လောင်းလုံး)

တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အားလုံးတွင် ဇန်နဝါရီလအတွင်း နေ့အပူချိန်မြင့်တက်မှုနှင့် လေပြင်းတိုက်ခတ် မှုကြောင့် မီးအန္တရာယ်သတိပြုရန်လိုကြောင်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ဇန်နဝါရီလ ၉ရက်တွင် တိုက်တွန်းထားသည်။

တနင်္သာရီတိုင်းတွင် လာမည့် ရက်သတ္တပတ်အတွင်း နေ့အပူချိန် ၃၀ ဒီဂရီဆဲစီးယပ်အထက်တွင် ဆက်ရှိနေမည်ဖြစ်ပြီး ညအပူချိန်မှာ ၂၀ ဒီဂရီဆဲစီးယပ်ဝန်းကျင်တွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တနင်္သာရီတိုင်းအတွင်း တိုင်းတာချက်အရ ဇန်နဝါရီလ ၆ ရက်မှ ၉ ရက်အထိ နေ့အပူချိန်များသည် ၃ဝ ဒီဂရီဆဲစီးယပ်ဝန်းကျင်တွင်ရှိခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဝန်ကြီးဌာနကလည်း ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အရှေ့ဘက်နှင့် အရှေ့တောင်ဘက်မှ လေများတိုက်ခတ်လာနိုင်ပြီး ကမ်းရိုးတန်းဘက်တွင် လေသည် တစ်နာရီ ဆယ်မိုင်မှ ဆယ်ငါးမိုင်အကြားတွင် တိုက်ခတ်နိုင် ကြောင်း ခန့်မှန်းထားသည်။

အနိမ့်ဆုံးအပူချိန် (ညအပူချိန်) သည် နံနက်အစောပိုင်း ၆ နာရီခန့်တွင် အပူချိန်အကျဆုံး (အအေးဆုံး) ဖြစ်ပြီး အမြင့်ဆုံး အပူချိန် (နေ့အပူချိန်) သည် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အမြင့်ဆုံးဖြစ်သည်ကိုတွေ့ရကြောင်း ဦးဝင်းနိုင်က ဆိုသည်။

ဇန်နဝါရီလတွင် နံနက်အစောပိုင်းအေး၍ နေ့လည်ပိုင်းတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုအခြေအနေရှိသည့်အပြင် ကွင်းပြင်ကျယ်များတွင် မီးလောင်လျှင် လေပြင်းတိုက်ခတ်မှုအခြေအနေလည်းရှိနေသဖြင့် မီးကူးစက်မြန်နိုင်သည့်အတွက် မီးဘေးအန္တရာယ် သတိထားသင့်ကြောင်း ၎င်းက တိုက်တွန်းသည်။

ဇန်နဝါရီလ ၉ ရက်က လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာနှင့် ကဒက်ငယ်ဆိပ်ကျေးရွာကြားရှိ လယ်ကွင်းများ မီးရှို့မှုတွင် မီးထိန်းမနိုင်ဘဲ ဘုန်းကြီးကျောင်းဝန်းကျင်နှင့် ကားလမ်းမနံဘေးအထိ မီးကူးစက်လောင်ကျွမ်းခဲ့သည်။

“ရေပိုက် မော်တာကလည်း အဆင်သင့်ရှိတာရယ်၊ မီးလာတာရယ် ဓနိခက်တွေနဲ့ ဝိုင်းရိုက်သတ်တာရယ်ကြောင့် မီးထိန်းနိုင်သွားတယ်။ သတိမထားရင် ရွာပါလောင်နိုင်တာ။ ဒီလိုမီးရှို့တာ လေထုညစ်ညမ်းမှုလည်းဖြစ်တယ်” ဟု ကဒက်ငယ်ဆိပ်ရွာသားတစ်ဦးက ပြောသည် ။

လယ်ကွင်းများ မီးရှို့မည်ဆိုပါက မီးလမ်း (မီးရှို့ဧရိယာကိုအကန့်အသတ်ထား၍ မီးမကူးစေရန် ကြိုတင် ဖြတ်တောက် ထားသည့် နေရာ) လုပ်၍ ရှို့သင့်ပြီး မီးရှို့ပြီးပါက မီးမငြိမ်းမချင်း စောင့်ကြည့်တာဝန်ယူသင့်ကြောင်း ၎င်းက ပြောဆိုသည် ။

အလားတူ လောင်းလုံးမြို့နယ်၊ ကထောင်းနီရွာတွင်လည်း ယခုသီတင်းပတ်အတွင်း လယ်မီးရှို့၍ မီးမထိန်းနိုင်ဘဲ အခြားဧရိယာများ ကူးစက်လောင်ကျွမ်းခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။