BREAKING
January 10, 2025

ပုလောတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

January 10, 2025

ပုလောမြို့နယ် စက်တော်ရာရွာဘက်၌ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ကြောင်း KNU တပ်မဟာ (၄) နှင့် မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၇) တပ်ရင်း၊ စက်တော်ရာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း (၇) ၊ PDF ပူးပေါင်းတပ်တို့က ဇန်နဝါရီလ ၉ရက် နံနက် အစောပိုင်း တွင် ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။

မြိတ်မြို့ဘက်သွားသည့် ဘုတ် လမ်းခွဲတွင်တည်ရှိသည့် ခလရ (၁၇) တပ်ရင်းကို KNDO တပ်ရင်း (၇)၊ တပ်ခွဲ(၂)နှင့် PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဆိုသည်။

“အဲ့ဒါကြောင့် စကစက လေယာဉ်နဲ့ဗုံးသုံးကြိမ်လောက်ပြန်ကြဲတယ်။ အသေးစိတ်တော့ မသိဘူးနော်။ ဒါပေမဲ့ သူတို့သတင်းပို့ချက်အရ ရန်သူက သုံးယောက်ဆုံးတယ်၊ စခန်းကိုတော့ သိမ်းလို့မရဘူး။ မသိမ်းဘူးပေါ့နော်၊ သွားပစ်တာပဲရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးမှာ ပပြင်ရွာထဲက နေအိမ်တစ်လုံးပေါ်ကို ကျရောက် ပေါက်ကွဲသဖြင့် နေအိမ်ပျက်စီးပြီး လူမရှိသဖြင့် လူထိခိုက်မှု မရှိခဲ့ကြောင်း ပဒိုစောအယ်နားက ဆိုသည်။

မြေပြင်အခြေအနေကို သိရှိသည့် ပုလောမြို့နယ်က သတင်းအရင်းအမြစ်တစ်ဦးကလည်း စစ်ကောင်စီ၏ တပ်ရင်း (၁၇)နှင့် စက်တော်ရာရွာရှိ စစ်ကောင်စီတပ်တို့ကို KNDO နှင့် PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုသည်။

ခလရ (၁၇) တပ်ရင်းကို တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စင်း၊ ဟယ်လီကော်ပတာတစ်စင်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်၊ စက်တော်ရာရွာက စစ်ကောင်စီတပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် ဗုံးကြဲတိုက်ခိုက်မှု ၁၃ ကြိမ် စုစုပေါင်း ၁၈ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲစပြီး မကြာဘူး လေယာဉ်ရောက်လာတာဘဲဗျ။ ထူးခြားတာက သာမန်တိုက်ပွဲအဆင့်လောက်ကိုဘဲ စကစဘက်က လေယာဉ်နဲ့ပစ်ကူပေးတာNon-Stop ပဲဗျ။ ဂျက်ဖိုက်တာလာကြဲပြီးရင် ဟယ်လီကော်ပတာ နောက်တစ်စီး Yak- 130 ဆက်တိုက်လာကြဲသလို ပွိုင့်ဖိုက်တွေနဲ့ ဝဲပြီးကို ပစ်တာလို့ တိုက်ပွဲထဲပါတဲ့ ရဲဘော်ကပြောတယ်” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ ခလရ(၁၇)၊ စက်တော်ရာရွာသစ်နှင့် စက်တော်ရာဘုရားဝင်းထဲတွင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်နေစဉ် နံနက် ၈ နာရီခန့်ကစပြီး ညနေပိုင်းအထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးလောက်ရှိတယ်လို့လည်း ပြောတယ်။ စစ်ကောင်စီတပ်ဘက်လည်း သေတာ မနည်းဘူးလို့ သတင်းရတယ်” ဟု ၎င်းက ပြောဆိုသည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ပုလော-မြိတ်သွားကားလမ်းပိတ်ဆို့ထားပြီး ခရီးသွားကားများ လမ်းတွင်ပိတ်မိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇန်နဝါရီလ ၆ ရက်ကလည်း ကြဲကျေးရွာအုပ်စု စက်တော်ရာရွာတွင် တပ်စွဲထားသည့် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်ကို KNDO အမှတ် ၇ တပ်ရင်း၊ တပ်ခွဲ ၂ နှင့် PDF ပူးပေါင်းတပ်များကာ ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ဇန်နဝါရီလ ၆ ရက်ကစပြီး ပုလောမြို့နယ် ကြဲကျေးရွာအုပ်စုနှင့် မီးလောင်ချောင်းရွာဘက်တွင် နှစ်ဖက်စစ်ရေးတင်းမာနေသည်။