ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းက ပြန်လည်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။
မင်းပြား ကျိန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီတပ်ရင်း ၃၇၉၊ ၃၈၀၊ ၅၄၁ တို့ကို AA က ယနေ့ ဇန်နဝါရီလ ၁၀ ရက် နံနက် အာရုဏ်တက်ချိန်တွင် တိုက်ခိုက်ကြောင်း ဖော်ပြသည်။
ယင်းမတိုင်ခင် ဇန်နဝါရီလ ၉ ရက်ညတွင် စစ်ကောင်စီတပ်ရင်းက လက်နက်များဖြင့် ပစ်ခတ်နေကြောင်းလည်း ဆိုသည်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များအပြင် လေကြောင်းဖြင့် မြို့ထဲသို့ ပစ်ခတ်နေသဖြင့် ပြည်တော်လှ၊ ဦးစိုးတင့်ရပ်ကွက်နှင့် ဖားပြိုကျေးရွာတို့တွင် ရဟန်းတစ်ပါးနှင့် အရပ်သား သုံးဦးထက်မနည်း ထိခိုက် ဒဏ်ရာရပြီး မင်းပြားမြို့စျေးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ မီးလောင်နေကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။
တိုက်ပွဲပြင်းထန်နေဆဲဖြစ်သဖြင့် ဒဏ်ရာရလူနာများကို ဆေးရုံသို့ ပို့ဆောင်၍ မရသေးသလို လူမှုကူညီရေးအသင်များက လာရောက်ခေါ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ဖော်ပြသည်။
တိုက်ပွဲကြောင့် မြို့ခံများနှင့် အနီးဝန်းကျင်ကျေးရွာများက ဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဖော်ပြသည်။