Princes in The Darkness 1990s
အခန်း(၉)
ထိုနောက်ပိုင်းတွင်တော့ ဗေဒါ သည် ဂျာနူးအား တတ်နိုင်သမျှ ရှောင်လာခဲ့သည်။
အလုပ်ကိစ္စအရ ပြောဆိုဆက်ဆံသည်မှအပ အရင်ကလို စနောက်ခြင်း၊ ပြောဆိုခြင်းများပင် မရှိတော့။
သိင်္ဂီလင်းနှင့် တုန်းက..ခံစားခဲ့ရသည့် ခံစားချက်မျိုးကို သူနောက်ထပ်မလိုချင်။
ဂျာနူးအပေါ် တွယ်ငြိမိလုဆဲဆဲ သံယောဇဉ်ကို သူ ထိန်းချုပ်ရမည်။
ထိုအချိန်တွင် မစ္စတာလု ကလည်း သူ၏ စီးပွားရေးအင်ပါယာအတွက် နောက်ထပ် ခြေလှမ်းသစ်တစ်ခု ပြင်ဆင်နေသည်။
သူတို့နယ်မြေမှ ထွက်သော ဘိန်းစိမ်းများကို ငြိမ်းချမ်းရေးယူထားသော လက်နက်ကိုင်အဖွဲ့တစ်ခု၏ အထူးဒေသတွင် အဖြူအဆင့်အထိ ရအောင်ချက်လုပ်ပြီးနောက် ရန်ကုန်ရှိ ဗိုလ်ချုပ်ကြီးတစ်ဉီး၏ သားထံ လက္ကားသွင်းရန်ပင်။
ထိုကိစ္စတစ်ခုလုံးကို မစ္စတာလုက ဗေဒါအား ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးလိုက်သည်။ ဗေဒါ အတွက် သီးသန့် ရုံးခန်းတစ်ခုနှင့်အတူ လူဆယ်ယောက်ခန့် လက်အောက်တွင် ထားရှိပေးထားသည်။
ဗေဒါကိုင်ရန် ပစ္စတိုတလက်နှင့် ကျည်ဆံများပင် ထုတ်ပေးထား၏။
ပထမဉီးစွာ ဘိန်းစိမ်းများကို အဆင့်မှီ ဘိန်းဖြူချက်လုပ်နိုင်ရေးအတွက် ဗေဒါ သည် ထိုအထူးဒေသလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်၏ သမက် အိုက်ဟော့ နှင့် ချိတ်ဆက်ရသည်။
သူတို့အား ကြားခံချိတ်ဆက်ပေးသူမှာ ကျောက်စိမ်းနေဝင်း ဟု ခေါ်တွင်သောသူ။
ကျောက်စိမ်းနေဝင်းသည် ဖားကန့်ကျောက်လောကတွင် မသိသူမရှိ။ သူသည် အထူးဒေသအဖွဲ့ နှင့် အလုပ်အတော်များများကို ချိတ်ဆက်လုပ်ကိုင်နေသူဖြစ်သည်။
အိုက်ဟော့မှာ မူးယစ်လုပ်ငန်းမှ ရရှိသော ငွေမည်းများကို ခဝါချသည့်အနေဖြင့် ရန်ကုန်မြို့တွင် စစ်ထောက်လှမ်းရေးနှင့်အကျိုးတူပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေ၏။
ဖားကန့်တွင်လည်း ကျောက်စိမ်းလုပ်ငန်းကို လုပ်ကိုင်ကာ နေထိုင်တတ်သည်။
ဗေဒါမှာ အိုက်ဟော့နှင့်ရော၊ ကိုနေဝင်းနှင့်ပါ တွေ့ဆုံရန် ရန်ကုန် – ဖားကန့် အကြိမ်ကြိမ်ခရီးထွက်ကာ အလုပ်ရှုပ်နေရ၏။
ဗေဒါအတွက် အမြတ်ထွက်သည်မှာ အမှောင်လောကတွင် လူပေါင်းဆန့်ပြီး ပါးပါးနပ်နပ်ရှိသည့် ဝါရင့်သမ္ဘာရင့် ကိုနေဝင်း နှင့် ညီအကိုရင်းပမာ ခင်မင်သွားကြခြင်းပင်။
သူတို့နှစ်ယောက်၏ ရင်းနှီးမှုက ရန်ကုန်သို့ ဘိန်းဖြူလက္ကားသွင်းမည့် စီမံကိန်းကို ခြောက်လအတွင်း အောင်မြင်သည်အထိ အထောက်အကူပြုခဲ့သည်။
ဗိုလ်ချုပ်ကြီး၏ သားဖြစ်သူ ထံ ဘိန်းဖြူအတော်များများကို လက္ကားပို့ပေးနိုင်သဖြင့် မစ္စတာလု မှာ အတော်လေးပင် အမြတ်ရသွား၏။
လောမိသားစုမှာနောက်ထပ် စီးပွားရေးအင်ပါယာများ တိုးချဲ့လျက်ပင်။
တရက်တွင်တော့ ဗေဒါ၏ ရုံးခန်းသို့ ဖုန်းဝင်လာသည်။
မစ္စတာလု ထံမှ။
ဗေဒါ က တပည့်တစ်ယောက်ကို ခေါ်ကာ ရွှေတောင်ကြားအိမ်သို့ ချက်ချင်းပင် ထလိုက်သွား၏။
ဂျာနူးရှိနေသော အိမ်ဖြစ်သဖြင့် ဗေဒါ၏ စိတ်မှာ ပိုမိုလေးလံလာရသည်။
ထိုအိမ်သို့ ရောက်သောအခါ မစ္စတာလုက သူ့အခန်းတွင် သောက်လက်စ တရုတ်ဆေးစိမ်အရက်တစ်ခွက်ကိုဘေးချလျက် စီးကရက်ဖွာနေ၏။
သူ့ဘေးတွင် အရက်ငှဲ့ပေးရန် အသင့်အနေအထားရှိနေသော ဂျာနူးကို မြင်လိုက်သည့်အခါ ဗေဒါ့ ရင်ထဲတွင် နင့်ခနဲ ဖြစ်သွားသည်။
ဂျာနူးက မပြုံးပြစဖူး သူ့ကို ပြုံးပြနေ၏။
ဗေဒါက မသိယောင်ပြုကာ မစ္စတာလုရှေ့တွင် ဝင်ထိုင်လိုက်သဖြင့် ဂျာနူး၏ အပြုံးမှာ ဖျော့တော့သွားရသည်။
“ငါ့ကိုတော့ ထောက်လှမ်းရေးက ပင့်ဖိတ်ထားပြီ..ဗေဒါ”
ဗေဒါ ထိုင်ထိုင်ချင်းပင် မစ္စတာလုက ပြောလိုက်၏။
“ဟိုအဖြူကိစ္စလား..ဘယ်လိုဖြစ်တာလဲ”
ထောက်လှမ်းရေးကို ခါးပိုက်ဆောင်ထဲ ထည့်ထားသော လောမိသားစုဝင်တစ်ဉီးကိုပင် ထောက်လှမ်းရေးက ခေါ်ယူ စစ်ဆေးမည်ဆိုသဖြင့် ကိစ္စမှာ ပေါ့သေးသေးမဟုတ်မှန်း ဗေဒါ သဘောပေါက်လိုက်သည်။
“ဘယ်လိုမှမဖြစ်ဘူး..အဓိက က ဟိုဗိုလ်ချုပ်သား ငါ့ဆီကနေ အဖြူတွေ ဘယ်လောက်များများယူထားပြီး ဘယ်လိုဖြန့်တယ်ဆိုတာ ထောက်လှမ်းရေးက သိချင်တာပဲဖြစ်မယ်..သူတို့အချင်းချင်း ပြဿနာတွေကြား ညပ်တဲ့သဘောပဲ….ငါဖြေရှင်းနိုင်ပါတယ်…ဒါပေမယ့် လိုရမယ်ရ..မင်းနဲ့ မင်းအဖွဲ့ကတော့ ရုံးခန်းပိတ်ပြီး ခရီးအထွက်ပြနေလိုက်..နို့မဟုတ်ရင်..ထောက်လှမ်းရေးက မင်းတို့ကိုပါ ခေါ်နေရင် ရှုပ်ကုန်မယ်”
“ဟုတ်ကဲ့”
“မင်းတို့ ပဲခူးက ခြံမှာ ရှောင်နေရင်း နေထိုင်စားသောက်ဖို့ကိစ္စတွေကို.. ဂျာနူး စီစဉ်ပေးလိမ့်မယ်”
မစ္စတာလုက သောက်လက်စ အရက်ခွက်ကို မော့ချပြီး သူ့ထုံးစံအတိုင်း ထထွက်သွား၏။
ဂျာနူး သာ သူ့ရှေ့တွင် ကျန်ရစ်သည်။
ဂျာနူးက ဘာစကားမှ မပြောသေးပဲ ဗေဒါအား စိုက်ကြည့်နေ၏။
ဗေဒါက ဂျာနူးအား မျက်နှာလွှဲကာ မတ်တပ်ရပ်လိုက်သည်။
“ကဲ..အချိန်မရှိဘူး..ပဲခူးက ဘယ်ခြံကို ဘယ်လိုသွားနေရမလဲ.မြန်မြန်ပြော..ဂျာနူး”
“အဲ့ဒီခြံက ကျွန်မ လိုက်ပို့ပေးမှရမှာ”
“လိပ်စာသာပေးပါ….ကျွန်တော် ရအောင် ရှာသွားတတ်ပါတယ်”
“မဟုတ်ဘူး…အဲ့ဒီခြံက အတော်လေးကို အထဲဝင်ရတယ်..ပြီးတော့ သော့တွေကလည်း ဘေးက ခြံတဲမှာ အပ်ခဲ့တာ..ကျွန်မ ပါမှ သူတို့က ရှင့်ကို သော့ပေးလိမ့်မယ်”
ဗေဒါ စကားဆက်မပြောတော့ပဲ..မတ်တပ်ထရပ်လိုက်သည်။
“ကဲ..ဒါဆိုလည်း..ကျွန်တော့်လူတွေကို အဆင်သင့်ပြင်ခိုင်းလိုက်ဉီးမယ်…ပြီးရင်..ခင်ဗျားကိုဝင်ခေါ်ပြီး ထွက်ကြတာပေါ့”
ဗေဒါက စကားစဖြတ်ကာ လှည့်ထွက်လိုက်၏။
“အကို”
ရုတ်တရတ် သူ့လက်ကို ဂျာနူးက ဖမ်းဆွဲလိုက်သဖြင့် ရော..မခေါ်စဖူး အကို ဟု ခေါ်လိုက်သည့်အတွက်ပါ ဗေဒါ့ ရင်ထဲ ဒိန်း ခနဲ ဖြစ်သွားသည်။
ဂျာနူးက သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားဆဲ။
“အကို..ဂျာနူးကို ဘာလို့ရှောင်နေတာလဲ..အကို ဘာဖြစ်နေတာလဲ”
ဂျာနူး၏ အသံက နှစ်ကိုယ်ကြားရုံလေသံဖြစ်သော်လည်း တုန်ရီနေသည်။
“လွှတ်ပါ..ဟိုမှာ မြင်သွားရင် မကောင်းဘူး..ဂျာနူး”
ဂျာနူးက ဗေဒါ၏ လက်ကို လွှတ်ပေးလိုက်၏။
“ဂျာနူး ကို ဘာလို့ စိတ်ဆိုးနေတာလဲဟင်”
ဗေဒါက ပြန်မဖြေပဲ..လှည့်ထွက်လာခဲ့၏။
လှည့်မကြည့်ဖြစ်သော်လည်း ဂျာနူး၏ မျက်ဝန်းများတွင် မျက်ရည်များ ဝေ့သီနေမည်ကို ဗေဒါ သိပါသည်။
သို့သော်။
…………………………………..
ဗေဒါ၏ ရုံးအဖွဲ့များက တောင်းအေ့စ်ကားတစ်စီး။
ဂျားနူးကမူ ဆူပါရုဖ်အဖြူရောင်ကားလေးဖြင့် လိုက်ပို့မည်။
ဗေဒါက ရုံးအဖွဲ့ကားနှင့်လိုက်ရန် ပြင်ဆင်လိုက်သည်။
“ကိုဗေဒါ..ကျွန်မ က လမ်းပြရမှာဆိုတော့…ရှေ့ကသွားမှာဖြစ်မှာ..ကျွန်မကားကို အကို လိုက်မောင်းပေးပါ”
“ခင်ဗျား ကားမောင်းတတ်တယ်မဟုတ်လား”
“အသွားရော အပြန်ရောမောင်းရမှာမို့..ပင်ပန်းလို့ပါ”
တပည့်များရှေ့မှာမို့ ဗေဒါက မငြင်းချင်တော့။
ဂျာနူးလက်ထဲမှ ကားသော့ကို ယူကာ ဝင်ထိုင်လိုက်သည်။
သူ့နဘေးတွင် ဂျာနူးက ဝင်ထိုင်၏။
ထူးထူးခြားခြား ဂျာနူးထံမှ သနပ်ခါးနံ့ကို ဗေဒါ သတိထားမိလိုက်သည်။
သူလက်ဆောင်ပေးထားသည့် သနပ်ခါးတုံးများကို သွေးလိမ်းထားသည်လား။
ဗေဒါက ကားစက်နှိုးရင်း ဂျာနူးကို ခိုးကြည့်လိုက်သည်။
သွေးကြောစိမ်းလေးများ ယှက်ဖြာနေသည့် ပါးမို့မို့ကြည်ကြည်လေးပေါ်တွင် ပါးကွက်ကြားလေး။
ဂျာနူးက ကားရှေ့လေကာမှန်မှတဆင့် ရှေ့ကိုသာ ခပ်တွေတွေငေးနေ၏။
ပြည်လမ်းမပေါ် ရောက်သည်အထိ သူတို့ ဘာစကားမှ မဆိုမိကြ။
စော်ဘွားကြီးကုန်းကိုကျော်လာပြီး ရန်ကုန် ပဲခူးလမ်းမပေါ်သို့ရောက်လာခဲ့ပြီဖြစ်သည်။
ဂျာနူးက သူ့ရှေ့မှ ကားကက်ဆက်ခလုပ်လေးကို ဖွင့်လိုက်၏။
“မျက်ရည်စက်တွေ ချွေသွား…ငိုညည်းတဲ့တေးသံ..အဝေးက ကြားနေရသလား… ခိုးယူသွားတဲ့ စိတ်ထား..ပြန်ပြီးပေးလိုက်ပါ..အတ္တရဲ့ မာနမျက်နှာ…သိကြလျက်နဲ့ အမှားကြီးမှားကြပြီလား..ချစ်ခဲ့ကြရတာတွေ..အလကား”
“အဲ့ဒါကို ပိတ်လိုက်စမ်း…အခု ပိတ်လိုက်”
ဗေဒါက ကားကို စောင့်ရပ်လိုက်ပြီး ကြုံးအော်လိုက်သဖြင့် ဂျာနူးမှာ အလန့်တကြားဖြင့် တုန်တက်သွားသည်။
“မင်းကို အဲ့သီချင်း ဘယ်သူ ဖွင့်ခိုင်းတာလဲ…ဘယ်သူဖွင့်ခိုင်းလို့ဖွင့်တာလဲ”
ဗေဒါက ဒေါသတကြီးဖြင့် ဂျာနူး၏ ပုခုံးကို တွန်းကာမေးလိုက်၏။
ဂျာနူးမှာ မျက်လုံးကလေးဝိုင်းကာ ကြက်သေသေလျက်။
ဗေဒါ ၏ နားထင်ကြောမှာ ထောင်ထလျက် အသက်ရှုသံများ မြန်နေသည်။
သူတို့အနောက်မှာပါလာသော ဗေဒါရုံးအဖွဲ့ကားကလည်း ထိုးရပ်သွားပြီး လူများ ပြေးဆင်းလာကြ၏။
“ကိုဗေဒါ..ဘာဖြစ်တာလဲ..ဘာဖြစ်လို့လဲ”
သူ့တပည့်များက ဗေဒါတို့ ကားဘေးသို့ လာရပ်ကာ မေးကြသည်။
“ဘာမှမဖြစ်ဘူး…ကျွန်မ ဖုန်းပြောစရာရှိလို့…ကားရပ်ခိုင်းလိုက်တာပါ…ရှင်တို့ ဆက်သွားနှင့်…အင်းတကော်လမ်းဆုံကနေ စောင့်နေပါ..ကျွန်မတို့ လိုက်ခဲ့မယ်”
ဂျာနူးက သူ့လက်ထဲမှ ဖုန်းကို ထောင်ပြကာ ပါးပါးနပ်နပ်ဝင်ပြောလိုက်သည်။
ဗေဒါတပည့်များလည်း ထိုအခါမှ ကားပေါ်သို့ တက်ကာ ထွက်သွားကြ၏။
ထိုအခါမှ ဂျာနူးမှာ အိခနဲ ငိုချလိုက်တော့သည်။
ဗေဒါမှာ စိတ်များရှုပ်ထွေးနေရသည့်အထဲ မာနမျက်နှာသီချင်းကို ကြားလိုက်ရသဖြင့် သူ့အတိတ်ဒဏ်ရာကို ပြန်ဆွသလိုဖြစ်ကာ ဒေါသပေါက်ကွဲထွက်သွားခြင်းပင်။
သို့သော် တဟီးဟီးနှင့် ငိုနေသော ဂျာနူး ကို မြင်သည့်အခါ သူ၏ ဒေါသများမှာ တမုဟုတ်ချင်း ပျောက်သွားရတော့၏။
“ဂျာနူး…ဂျာနူး”
ဗေဒါက ဂျာနူး၏ ပုခုံးလေးကို ကိုင်လိုက်သည်။
ဂျာနူးက ငိုနေဆဲ။
“အကို..တောင်းပန်ပါတယ်..ဂျာနူး….စိတ်လွတ်ထွက်သွားလို့ပါ”
ဗေဒါက ဂျာနူး၏ ခေါင်းလေးကို လက်နှစ်ဖက်ဖြင့် ပင်တင့်ပြီး မျက်ရည်များကို သုတ်ပေးလိုက်၏။
ဂျာနူးက အလိုက်သင့်ပင် ဗေဒါ၏ ရင်ခွင်ထဲသို့ ဝင်လာသည်။
သို့သော် သူတို့နှစ်ယောက်၏ ရင်ခုန်သံအကြား ကားဂီယာတံက ခြားထားသေး၏။
“ဂျာနူးက အကို့ကို တောင်းပန်ရမှာပါ…အကို..ကက်ဆက်သီချင်းကို မကြိုက်မှန်း မသိလို့ ဖွင့်လိုက်မိတာ”
“မဟုတ်ပါဘူး..ကက်ဆက်သီချင်းကို အကိုကြိုက်ပါတယ်..အဲ့ဒီသီချင်းကိုသာ..”
ဗေဒါက ဆက်မပြောတော့။
ဂျာနူး မျက်နှာလေး မော့လာသည်။
“အဲ့ဒီသီချင်း ကို အကိုက ဘာလို့ မကြိုက်တာလဲ..ဘာလို့ ဒီလောက်ဒေါသထွက်ရတာလဲဟင်”
ဗေဒါက ဂျာနူးကို ဖက်ထားရာမှ လူချင်းခွာလိုက်သည်။
“ကဲ..ဟိုကောင်တွေ အကြာကြီးစောင့်နေရဉီးမယ်..အမှီလိုက်ကြတာပေါ့”
ဗေဒါက ကားစက်နှိုးပြီး မောင်းထွက်လိုက်၏။
ဂျာနူးက မျက်ရည်များကို သုတ်လိုက်သည်။
“ဂျာနူး..သီချင်းနားထောင်ချင်ရင် နားထောင်ပါ…အဲ့ဒီ သီချင်းက လွဲလို့ပေါ့”
ဂျာနူး မျက်နှာလေး ပြုံးသွား၏။
ထို့နောက် ကားဒတ်ချ်ဘုတ်ထဲမှ စိုင်းထီးဆိုင်အခွေတစ်ခွေကို ထုတ်ကာ ထည့်လိုက်သည်။
“အပြာရောင်မျက်ရည်” သီချင်းက ကားကက်ဆက်ထဲမှ ကြည်ကြည်မျှင်မျှင်လေးထွက်နေ၏။
“ရှိတဝက် ပျက်တဝက် နှစ်ဖက်သော ပါးပြင်ပေါ်မှာ လိမ်းတဲ့သနပ်ခါး ကွက်ကျန်လို့နေ… တလိမ့်ချင်းလိမ့်လို့ စီးဆင်းကြလာရာလမ်း..မြစ်နှစ်သွယ်လိုပဲ ထင်ရောင်နေ..စီးပလေစေ..ချစ်သူရေ..မသုတ်လိုက်နဲ့.. .အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ”
ဂျာနူး သည် ကားမောင်းနေသော..ဗေဒါ၏ ပုခုံးပေါ်သို့ သူ၏ ခေါင်းကလေး မှီတင်လိုက်သည်။
“ဂျာနူး..ပင်ပန်းတယ်..အကိုရယ်”
ဂျာနူး၏ နှုတ်မှ ခပ်တိုးတိုးရေရွတ်လိုက်ခြင်းဖြစ်သော်လည်း ဗေဒါ ကြားဖြစ်အောင် ကြားလိုက်၏။
သို့သော်…သူ့တွင် အားပေးခွင့်မရှိ၊ နှစ်သိမ့်ခွင့်မရှိ။ ထို့ထက်ပိုပြီး ရှေ့ဆက်ခွင့်လည်းမရှိ။
…………………………………..
ပဲခူးအင်းတကော်ရှိ မစ္စတာလုပိုင် ရာဘာခြံကျယ်ကြီးတွင် ဂျာနူးက သူတို့အား နေရာထိုင်ခင်းများ စီမံပေးသည်။
သစ်ရိပ်ဝါးရိပ်ဖြင့် စိမ်းမြနေသော ရာဘာခြံကြီးက ချောင်ကျကျတွင် ရှိသော်လည်း အထဲမှ အဆောက်အဉီများမှာမူ ကျွန်းသစ်အကောင်းစားများ၊ ခေတ်မီပရိဘောဂများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်၏။
ဗေဒါ တစ်ယောက်တည်း သီးသန့်နေရန် ဘန်ဂလိုတစ်လုံးရသည်။
စားရေးသောက်ရေးစရိတ်စကများက အစ ဂျာနူးက ထောင့်စေ့အောင် စီမံပေးနေသည်ကို ဗေဒါ သတိထားမိ၏။
ကားပေါ်တွင် သူ့ပုခုံးအား မှီကာ လိုက်ပါလာသည့် ဖျော့တော့တော့ သနားစရာဂျာနူးမဟုတ်တော့။
ချွန်မြသွက်လက်နေသည့် ဂျာနူး ဖြစ်နေပြန်ပြီကော။
ဂျာနူးက သူ့အား အကြောင်းရှိလျှင် ဖုန်းဆက်ရန် ဗေဒါကို မှာကြားပြီးနောက် ညနေပိုင်းတွင် ကားကို မောင်းကာ ရန်ကုန်သို့ ပြန်သွား၏။
ဂျာနူးပြန်သွားသည့်အခါတွင် ဗေဒါ၏ ရင်ထဲတွင် အမျိုးအမည်မသိ ဝေဒနာက ကျန်ရစ်ရပြန်သည်။
ဂျာနူးကို သူချစ်နေသည်လား။ ဒါမှမဟုတ် သနားနေသည်လား။
ဗေဒါ ဆက်မတွေးချင်။
အသင့်ရှိနေသော အရက်ဘားမှ ဝီစကီတစ်လုံးကို ဖောက်ကာ ရေခဲမထည့် ရေမထည့်ပဲ….ဖန်ခွက်ထဲ ငှဲ့ထည့်ကာ မော့ချလိုက်၏။
အိုဘဲ့…အိုဘဲ့..ဝီစကီ..အသင်သည် ချစ်ခြင်းတရားလောက်များ.. ပူလောင်ပြင်းရှနိုင်ပါဉီးမလား။
အိုဘဲ့..အိုဘဲ့..ဝီစကီ..သင်သည် ငါ့အား ကုစားပေးနိုင်ပါဉီးမလား။
…………………………………..
“လိုက်ခဲ့ပါလားကွာ..တပတ်လောက်ပဲကြာမှာပါ..မင်းလည်း အားနေတာပဲ”
ကျောက်စိမ်းနေဝင်း ဆီမှ ဝင်လာသောဖုန်း။
ပဲခူးသို့ ဗေဒါရောက်ပြီး သုံးရက်အကြာတွင် ဆက်လာခြင်းပင်။
ကိုနေဝင်းသည် သူ့ကိစ္စတစ်ခုဖြင့် အိန္ဒိယနယ်စပ် မိုးရေးမြို့သို့ သွားရမည်။ တမူးမှတဆင့် မိုးရေးထဲသို့ ဝင်မည်။
သူတစ်ယောက်တည်းမို့ ဗေဒါကို အဖော်ခေါ်နေခြင်းပင်။
ဗေဒါကလည်း ဒီရာဘာတောကြီးထဲ အားအားရှိ အရက်ထိုင်သောက်လိုက်…ရှိသည့် မဂ္ဂဇင်း၊ ဂျာနယ်အဟောင်းများ ဖတ်လိုက်ဖြင့် ပျင်းလှပြီ။
အလုပ်မရှိသည့်အခါ ဂျာနူးအကြောင်းများချည်း တွေးမိနေပြန်သဖြင့်..စိတ်ကို မနည်းဖြေဖျောက်နေရ၏။
မစ္စတာလု ကို ထောက်လှမ်းရေးက နှစ်ရက်ခန့်စစ်မေးပြီး ပြန်လွှတ်လိုက်ပြီဖြစ်သော်လည်း နဝတအစိုးရအဖွဲ့အတွင်းတွင်တော့ ဝန်ကြီးဌာနများတွင် ဝန်ကြီးရာထူးရယူထားသော ဝါရင့်စစ်ဗိုလ်ချုပ်ကြီးများ အစုလိုက်အပြုံလိုက် အနားပေးခံလိုက်ရသည်။
သူတို့ထံမှ ဘိန်းဖြူများ လက္ကားယူရောင်းသည့် ပုဂ္ဂိုလ်၏ ဖခင် ဗိုလ်ချုပ်ကြီးပါ အနားပေးခံရသည့်အထဲပါသွား၏။
ထိုသို့ အခြေအနေမတည်ငြိမ်ခင်တွင် ရန်ကုန်ပြန်မလာသေးရန်နှင့် လုပ်ငန်းများကို ခေတ္တရပ်ထားရန် မစ္စတာလုက ဗေဒါတို့အား မှာထားသည်။
ဗေဒါက ကိုနေဝင်းနှင့် လိုက်သွားချင်သည့်အကြောင်း မစ္စတာလုထံ ဖုန်းဆက်ခွင့်တောင်းရာ မစ္စတာလု က လည်း ခွင့်ပြု၏။
သို့သော် ကိုနေဝင်း၏ လုပ်ကွက်ကိုင်ကွက်များကို လေ့လာခဲ့ရန်နှင့် တမူးဘက်တွင် စီးပွားရေးလုပ်နိုင်မည့် အခြေအနေများကို ကြည့်ရှုခဲ့ရန် မှာလိုက်သည်။
နောက်နှစ်ရက်အကြာတွင် ကိုနေဝင်းက သူ့ကို ကားဖြင့် လာခေါ်၏။
ထို့နောက် မင်္ဂလာဒုံလေဆိပ်မှတဆင့် ကျွန်းပတ်လေယာဉ်ဖြင့် ကလေးသို့ ထွက်ခွာကြသည်။ ကလေးမှ တဆင့် တမူးမြို့သို့ ကားဖြင့် ဆက်တက်ကြ၏။
ကလေးနှင့် တမူးလမ်းမှာ အတော်ပင်ကြမ်းတမ်းသဖြင့် သုံးရက်ခန့် ခက်ခက်ခဲခဲတက်ကြရသည်။
တမူးရှိ ကိုနေဝင်း၏ မိတ်ဆွေ ကုန်သည်တစ်ဉီးအိမ်တွင် တညအိပ်တည်းခိုကြ၏။
ထိုအချိန်အထိ ကိုနေဝင်းသည် ဒီလောက်ခက်ခက်ခဲခဲခရီးကို ဘာကိစ္စဖြင့် လာကြောင်း ဗေဒါကို လုံးဝ စကားမစ။
ဗေဒါက လည်း မမေး။
ဒီခရီးတွင် သူက အတွေ့အကြုံတစ်ခုအဖြစ်လိုက်ပါလာခြင်းဖြစ်သဖြင့် သူတို့လောက စည်းအရ မမေးလည်း မမေးအပ်။
နောက်တစ်နေ့မိုးလင်းတွင်တော့ နန်းဖာလုံဈေးမှတဆင့် အိန္ဒိယနယ်စပ်မြို့၊ မိုးရေးမြို့ထဲသို့ ဝင်ကြမည်ဆိုကာ ကိုနေဝင်းက ဉီးဆောင်သွား၏။
နယ်စပ်ဆိုသော်ငြား ထွေထွေထူးထူးကာရံထားခြင်းမရှိ။ ကင်းတဲ့ ခပ်စုတ်စုတ်လေးနှစ်ခုသာ တွေ့ရသည်။
ကိုနေဝင်းနှင့် ဗေဒါ တို့က မြန်မာဘက်ရော၊ အိန္ဒိယဘက်ကင်းတဲ့ကိုပါ ဖြတ်ကျော်လိုက်သည့်အခါတိုင်း နှစ်ဖက် စစ်သားများက ကိုနေဝင်းကို နှုတ်ဆက်ကြသည်။
ကိုနေဝင်း၏ လူဝင်ဆန့်မှုနှင့် လက်တံရှည်မှုကို ဗေဒါ ပိုပြီး သတိထားမိလာ၏။
မိုးရေးမြို့ အဝင်တွင်တော့ ဂျစ်ကားတစ်စီးက အသင့်စောင့်ကြိုနေသည်။
ဂျစ်ကားပေါ်တွင် သေသေသပ်သပ်ဝတ်ဆင်ထားသော အိန္ဒိယလူမျိုးနှစ်ဉီး က ကိုနေဝင်းနှင့် ဗေဒါအား ခရီးဉီးကြိုပြုကြ၏။
ကိုနေဝင်းပြောစကားအရ အိန္ဒိယထောက်လှမ်းရေးများဟု ဗေဒါသိလိုက်ရသည်။
ကားပေါ်ရောက်သည့်အခါတွင်တော့ ဗေဒါ မနေနိုင်တော့။
“ကိုနေဝင်း..ကျွန်တော်တို့ကို သူတို့ ဘယ်ခေါ်သွားကြမှာလဲ”
“ဘယ်မှမဟုတ်ဘူး…အသုဘတစ်ခု သွားပို့မလို့ပါကွာ”
“ဟာ..အသုဘက အိန္ဒိယပြည်ထဲမှာလား..ဘယ်သူ့အသုဘလဲ”
“အဘိုးကြီးတစ်ယောက်ပါ..အသက်(၉၀)ကျော်အဘိုးကြီးတစ်ယောက်”
“ဗမာလား”
“အင်း…ဗမာပါပဲ”
“ဒီလောက်ခရီးအဝေးကြီးကို လာပို့ရလောက်အောင် ..ခင်ဗျားနဲ့ ဆွေမျိုးတော်တာလား”
ကိုနေဝင်း က ပြုံးလျက် ခေါင်းခါလိုက်သည်။
“ဒီလောက်ခရီးအဝေးကြီးကို လာပို့ရလောက်အောင်..လာပို့သင့်တဲ့လူမျိုးမို့..ငါလာပို့တာပေါ့ကွာ… ပြီးတော့ အဲ့ဒီ အသုဘအခမ်းအနားမှာ ငါ့အတွက် အကျိုးရှိမယ့်လူတွေ လည်းတက်ကြမှာ…မင်းအတွက်လည်း အသုံးဝင်နိုင်တဲ့လူတွေပါ”
ကိုနေဝင်းစကားကို ဗေဒါ နားမလည်။
သို့သော် မည်သည့်စကားမျှ ဆက်မမေးဖြစ်တော့။
ကားသည် မိုးရေမြို့ပြင်ရှိ သင်္ချိုင်းတစ်ခုရှေ့တွင် ရပ်လိုက်သည်။
ထူးထူးခြားခြား သင်္ချိုင်းရှေ့တွင် အိန္ဒိယရဲအရာရှိဝတ်စုံများဝတ်ထားသောသူများ၊ မြန်မာဝတ်စုံဝတ်ထားသော လူများကိုတွေ့ရ၏။
ကိုနေဝင်းက အိန္ဒိယထောက်လှမ်းရေးနှစ်ယောက်နှင့်အတူ စကားတပြောပြောနှင့် နာရေးအခမ်းအနားကျင်းပနေရာသို့ လျှောက်သွားသည်။
အိန္ဒိယ – မြန်မာနယ်စပ်မြို့မို့ သင်္ချိုင်းသည် မြန်မာဆန်ဆန် ဇရပ်လေးတစ်ဆောင်နှင့်။
ထိုဇရပ်ပေါ်တွင် ကတ္တီပါခင်းထားသော ကျွန်းကုတင်ကြီးတစ်လုံး။ကုတင်ပေါ်တွင် ရွှေထီးများမိုးထားသည့် ကျွန်းအခေါင်းကြီး။
အိန္ဒိယအာဏာပိုင်ဟု ယူဆရသော သူအချို့နှင့် အသက်(၅၀)အရွယ် မြန်မာအမျိုးသမီးကြီးတစ်ဉီး၊ အသက်(၂၀)အရွယ်အမျိုးသမီးငယ်တစ်ဉီး တို့ က အခေါင်းရှေ့တွင် ထိုင်လျက် စကားပြောနေကြ၏။
အမျိုးသမီးကြီးက ကိုနေဝင်းကို လှမ်းပြုံးပြလိုက်သည်ကိုတွေ့ရသည်။
အိန္ဒိယအာဏာပိုင်ဆိုသူများ ထွက်ခွာသွားသည့်နောက် ကိုနေဝင်းက အမျိုးသမီးကြီးထံသို့ သွား၏။ ဗေဒါလည်း နောက်မှ ကပ်လိုက်သွားသည်။
“အစ်မကြီး…နေကောင်းပါရဲ့နော်…မတွေ့တာနှစ်ပေါင်းအတော်ကြာလှပြီပဲ”
“ဪ..ကိုနေဝင်း..ရှင်..ရောက်အောင်တော့လာသားပဲ”
“ဒါက ဘယ်သူလဲ..မေယုလား”
ကိုနေဝင်းက အမျိုးသမီးကြီးနဘေးမှ ဆံတိုမလေးကို မေးငေါ့ပြလိုက်သည်။
“ဟုတ်တယ်လေ”
“အော်..မတွေ့တာကြာတဲ့နှစ်တွေမှာ မေယုတောင် အပျိုကြီးဖားဖားဖြစ်လာမှပဲ”
ဗေဒါက အမျိုးသမီးကြီးကို အကဲခတ်လိုက်သည်။
အသက်(၅၀)ကျော်ဆိုသော်လည်း အသားအရည်မှာ ဝင်းဖန့်ဖန့်၊ ခန္ဓာကိုယ်ကောက်ကြောင်းတောင့်တောင့်ဖြင့် ခက်ထန်သည့်အလှတရားတို့ရှိနေဆဲ။
ပိုးသားဝမ်းဆက်အနက်ရောက်ဖြင့် နေကာမျက်မှန်အနက်ကို တပ်ထားပုံက မဟာဆန်လွန်းနေသည်။
အမျိုးသမီးကြီး၏ဘေးတွင်တော့ ဆံပင်တိုတို ၊ တီရှပ်နှင့် ဂျင်းပန်ကို ဝတ်ထားသောကောင်မလေး။
အသားညိုညို ၊လူကောင်သေးသေးတွင် ဆာမူရိုင်းကေ ခေါ် နဖူးတွင် ဆံပင်ကို အတိချထားပုံက ဂျစ်ကန်ကန်ဟန်အပြည့်။
ကိုနေဝင်းနှင့် အမျိုးသမီးကြီးတို့ စကားလက်ဆုံကျနေစဉ် ဗေဒါက နောက်ထပ်ပတ်ဝန်းကျင်ကို လိုက်အကဲခတ်နေသည်။
အမျိုးသမီးတစ်ဉီးတွန်းလာသော ဝှီးချဲပေါ်မှ အဘိုးအိုတစ်ဉီးကို မြင်သောအခါ အသုဘအခမ်းအနားတက်လာသူများ က ရုတ်ရုတ်သဲသဲဖြင့် ထကြိုဆိုကြသည်ကိုလည်း တွေ့ရ၏။
ကိုနေဝင်းနှင့် အမျိုးသမီးကြီးကလည်း စကားစဖြတ်ကာ ထိုဝှီးချဲနားသို့ အပြေးအလွှားထွက်သွားကြသည်။
ဗေဒါနှင့် ကောင်မလေးသာ အခေါင်းကြီးရှေ့တွင် ရပ်ရစ်တော့၏။
“အင်း…သေသွားတဲ့လူကို အကြောင်းပြပြီး ရှင်နေတဲ့လူတွေက ဂွင်အသစ်တွေ၊ အကြံအဖန်အသစ်တွေ ရှာကြတဲ့ပွဲပါလား”
သူ့ဘေးမှ ကောင်မလေးက တစ်ကိုယ်တည်းပြောသလိုလိုနှင့် ပြောလိုက်သည့်အသံ။
“မင်း..စကားက ထူးဆန်းလှချည်လား”
ကောင်မလေးက ဗေဒါကို ကြည့်ကာ ပခုံးတွန့်ပြလိုက်သည်။
“ဘာများထူးဆန်းလို့လဲ..ဘဲကြီးကရော..ဒီလူတွေနဲ့ဆုံပြီး ဂွင်အသစ်ရိုက်ဖို့ လာချောင်းတဲ့သူ ပဲ မဟုတ်လား”
ကောင်မလေးစကားကြောင့် ဗေဒါ အနည်းငယ်တင်းသွား၏။
“နေစမ်းပါဉီး…ငါ့ဘယ်သူဆိုတာတောင် မင်းမသိပဲ..ဘာတွေလာပြောနေတာလဲ…ငါက ကိုနေဝင်းခေါ်လို့ လိုက်လာတာ…ဒီဘက်ရောက်မှသာ ဒီမသာချပွဲရှိကြောင်းသိရတာပဲ”
“အော်..ကိုနေဝင်းဆိုတာ ခုနလူကြီးလား”
ဗေဒါက မျက်နှာထားတင်းတင်းဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို အခု ဘဲကြီးရောက်နေတာ..ဘယ်သူ့အသုဘလဲ..ဆိုတာတောင် မသိဘူးပေါ့”
“မသိဘူး”
“ဘဲကြီး..စိန်ဓါးမြှောင် ဆိုတာ ကြားဖူးလား”
“ဟင်အင်း”
“တို့အမေ ပြောပြဖူးတာတော့…သူက တချိန်က ရန်ကုန်နဲ့ မန္တလေးမှာ နာမည်ကြီး ဓါးပြခေါင်းဆောင်တဲ့..ဓါးပြခေါင်းဆောင်သာဆိုတယ်..ဆေးဆရာလည်းလုပ်သေးသတဲ့..အင်္ဂလိပ်စစ်တပ်နဲ့တောင် ဝိုင်းဖမ်းခဲ့ရသတဲ့ ..ပါလီမန်ခေတ်၊ မဆလခေတ် တစ်လျှောက်လုံးလည်း ရန်ကုန်မှာ သူက ဇော်ပဲ..အစိုးရထိပ်တန်းခေါင်းဆောင်တွေတောင် သူ့အကြံဉာဏ်ယူရတယ်တဲ့လေ… နောက်ပိုင်းတော့..မြန်မာတပြည်လုံးက မှောင်ခိုလောက၊ လူဆိုးလူမိုက်လောက ရဲ့ နောက်ကွယ်က အကြံပေး၊ အခါပေးဆရာကြီး တဲ့…အခု အိန္ဒိယဘက်ကမှာလည်း သူက ဆရာကြီးတဆူပဲ..ပြည်နယ်ဝန်ကြီးချုပ် တွေအထိတောင် ပေါက်ရောက်တယ်..အခုတော့ သူ့ အသုဘကို အကြောင်းပြပြီး မြန်မာပြည်အနှံ့က လာကြမယ့် ဒုစရိုက်သမား လက်ဟောင်း၊ လက်သစ်ကြီးငယ်တွေကို သူလည်း အခါမပေးနိုင်တော့ပဲ…အခေါင်းထဲမှာ ဆန့်ဆန့်ကြီးလှဲနေလေရဲ့”
ထိုအခါမှ ကိုနေဝင်း ပြောပြသည့် စကားအသွားအလာကို ဗေဒါ ခပ်ရေးရေးသဘောပေါက်လိုက်မိသည်။
သူရောက်ရှိနေသည်မှာ ဂေါ့ဖားသားဟောင်းကြီးတစ်ယောက်၏ ဈာပနဖြစ်နေသည်ပဲ။
ခဏအကြာတွင် ဘုန်းကြီးများ ကြွလာပြီဖြစ်သဖြင့် အားလုံးက တရားနာရန် နေရာအသီးသီးယူလိုက်ကြ၏။
ဗေဒါကတော့ ခပ်လှမ်းလှမ်းရှိ အုတ်ဂူတစ်လုံးပေါ်တွင် စီးကရက်ဖွာရင်း သွားထိုင်နေလိုက်သည်။
ကိုနေဝင်းက သူ့ဘေးနားသို့ လာထိုင်ရင်း စီးကရက်တစ်လိပ်တောင်းသောက်၏။
“ဘယ်လိုလဲ….ခုန..ကောင်မလေးနဲ့ စကားလက်ဆုံကျနေတယ်ပေါ့..ဗေဒါ”
ဗေဒါက ပြုံးလိုက်သည်။
“ခင်ဗျား မပြောပြတော့လည်း..ဒီမသာသမိုင်းကို သူ့ မေးကြည့်ရတော့တာပေါ့ဗျာ”
“ဟုတ်ပါပြီကွာ….အဲ့ကောင်မလေးလည်း နယ်နယ်ရရမမှတ်နဲ့ကွ”
“သူက ဘယ်သူတုန်း”
“မေယုကြေးမုံ တဲ့….သူ့အမေ က ခုန ငါနဲ့စကားပြောနေတဲ့ ဒေါ်ယုယုမော်…ရွှေတြိဂံလက်နက်မှောင်ခိုလောက ကို ချုပ်ကိုင်ထားတဲ့ အချုပ်ပေါ့ကွာ…သူ့အဖေက တချိန်က နာမည်ကြီးလူမိုက် ဉီးကြေးမုံ တဲ့….ဘယ်နှယ့်လဲ ဖြုန်သွားပြီလား”
ကိုနေဝင်း၏ စကားအဆုံး ဗေဒါက ခပ်ထေ့ထေ့ရယ်လိုက်ရင်း.. ဇရပ်ပေါ်မှ ထိုဆံတိုမလေးကို လှမ်းကြည့်လိုက်သည်။
ခက်ဇော်
*** အခန်း ၁၀ ကို သဘက်ခါ ညနေ ၆ နာရီမှာ တင်ဆက်သွားပါမယ် ***