အခြေခံ အဆောက်အဦဟုဆိုလိုက်လျှင် အများအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများဖြစ်သော လမ်း၊ တံတား အခြေခံ အဆောက်အဦများကို အလွယ်တကူမြင် တတ်ကြပါသည်။ မြန်မာနိုင်ငံသည် ဖွံ့ ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သောကြောင့်လည်း နေရာအနှံ့တွင် လျှပ်စစ်၊ လမ်း၊ တံတား၊ အဆောက်အဦ အစရှိသော အခြေခံ အဆောက်အဦများတိုးတက်ရန် လိုအပ် နေသေးသည်မှာ အမှန်ပင်ဖြစ်သည်။ သက်ဆိုင်ရာ အစိုးရဌာနများသည်လည်း ထိုလိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့်နေသည်မှာ မြင်သာလှပါသည်။
သို့ရာတွင် ထိုသို့ လူလုပ်ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦများ တိုးတက်ရေး ဆောင်ရွက်ရာတွင် ဂေဟအခြေခံ အဆောက်အဦများ၏ အရေးပါမှုကိုလည်း သိမြင် နားလည်ထားကာ ထိုအခြေခံ အဆောက်အဦများ အချင်းချင်း သဟဇာတဖြစ်အောင် ဆောင်ရွက်နိုင်ရန်လည်း အင်မတန် အရေးကြီးသည်ကို သတိမူကြစေလိုပါသည်။
စာရေးသူ၏ ပုဂ္ဂလအမြင်တွင်မူ လူအတော်များများမှာ ယင်းတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် အင်မတန်အရေးပါသော ဂေဟ အခြေခံအဆောက်အဦများကို မေ့လျော့ကြကာ သို့တည်းမဟုတ် သတိမမူမိကြဘဲ လူလုပ်ရုပ်ဒြပ် အခြေခံအဆောက် အဦများတိုးတက်ရေးကိုသာ အလေး ထားနေကြသည်ဟု ယူဆမိပါသည်။
ဂေဟအခြေခံအဆောက်အဦ ဆို သည်ကို သဘာဝအားဖြင့်တည်ရှိလှုပ် ရှားသက်ဝင်လျက်ရှိသော ဂေဟစနစ် ဖြစ်ပြီး လူသားများနှင့်အခြားသော သက်ရှိများအတွက် အဖိုးတန်လှသော ရေချို၊ လေသန့်၊ အဆီသြဇာကြွယ်ဝသော မြေ၊ ရာသီဥတုနှင့် သဘာဝအားဖြင့် ဘေးအန္တရာယ်လျှော့ချစေနိုင်သော အပင်မျိုးများ အစရှိသော အရာများကို ပေးသော ဂေဟစနစ်မျိုးဟု ဆိုကြပါသည်။ ယင်းသို့သော အရာများသည် သဘာဝ အားဖြင့်ဖြစ်ပေါ်တည်ရှိလာကာ ထိုအရာများကို မှီ၍ ရှင်သန်ရသော သက်ရှိ များအတွက် အင်မတန်မှ အရေးပါသော အရာများလည်း ဖြစ်ပါသည်။ ဥပမာ အားဖြင့် စမ်းချောင်းများ၊ စိမ်းစိုလျက် ပကတိသဘာဝ အတိုင်းရှိသော တောင်တန်းကြီးများ၏ ရေထွက် စမ်းပေါက်များ၊ ရေတံခွန်များ၊ တောအုပ်များ၊ တိရစ္တာန် များကျက်စားနိုင်သော လွင်ပြင်များ၊ ရေတိမ်တောများ၊ ရေဝပ်ဧရိယာများ၊ ကမ်းခြေများ၊ သောင်များ အစရှိသဖြင့် သဘာဝအားဖြင့်တည်ရှိ လှုပ်ရှားလျက်ရှိကာ တစ်ခုနှင့်တစ်ခု အပြန်အလှန်အချိန်အဆက် အမှီသဟဲပြုလျက် သက်ရှိများ ကို အကျိုးပြုနေသော အရာများဖြစ်ပါ သည်။ အထက်ပါ ဂေဟ အခြေခံ အဆောက်အဦများ၏ အရေးပါမှုကိုမူ အလေးဂရုပြုရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယေဘုယျအားဖြင့် ထို အရာများပျက်လျှင် လူနှင့်တကွ သက်ရှိများ အသက်တိုမည်ဖြစ်သောကြောင့်ပင်။
ထို့ကြောင့်ပင် လူသားနှင့် သက်ရှိ များအားလုံး၏ အသက်ရှင်သန်ရေးအတွက် အရေးပါသော ထိုဂေဟ အခြေခံ အဆောက်အဦများကို အများပြည်သူနှင့် သက်ဆိုင်သော အရာ၊ တနည်းအားဖြင့် ပညာရေး ကျန်းမာရေးစောင့်ရှောက်မှု များကဲ့သို့ပင် လူသားတိုင်း လက်လှမ်း မီနိုင်သော အရာမျိုးအဖြစ် အသိအမှတ် ပြု အလေးဂရုထားကြရပါသည်။ ထိန်းသိမ်းကြရပါသည်။ အများပြည်သူတန်းတူ လက်လှမ်းမီနိုင်အောင် တနည်းအားဖြင့် တစ်ဦးတစ်ယောက် တစုတဖွဲ့က အပိုင်သိမ်း ထိန်းချုပ် လက်ဝါးကြီး မအုပ်ရအောင် ဆိုင်ရာ အစိုးရများက ထိုဂေဟအခြေခံအဆောက်အဦများကို လိုအပ်သော မူဝါဒ ဥပဒေများနှင့် ကာကွယ်ထိန်းသိမ်းပေးထားကြရပါသည်။ ထိုသို့ထိန်းသိမ်းထားခြင်းကြောင့် ဂေဟ အခြေခံအဆောက်အဦများ ကျန်းမာနေလျှင် ထိုဂေဟနစ်က လူနှင့် သက်ရှိများအား အဖိုးမဖြတ်နိုင်သော အရာများကို ဆက်လက် ပံ့ပိုးနေမည်ဖြစ်သည်။
ဂေဟ အခြေခံအဆောက်အဦများကို တစ်ဦးတစ်ဖွဲ့ကို လုပ်ပိုင်ခွင့် ပေးလိုက် ခြင်းကြောင့် ထိုဂေဟ စနစ်ကြီး ပျက်ယွင်းသော် လုပ်ပိုင်ခွင့်ရသူများသာ အကျိုးဆက်ကို ခံရမည်မဟုတ်ဘဲ အခြားသော လူများ၊ သက်ရှိများ၊ ရိုးရာ ယဉ်ကျေး မှု အစဉ်အလာများသည်လည်း ဆိုးဝါးသော အကျိုးဆက်ကြီးကို ခံစားရမည် ဖြစ်ပါသည်။ ဤသည်မှာ ဂေဟအခြေခံ အဆောက်အဦအတွင်းရှိ ပါဝင်သော အရာများသည် အပြန်အလှန် အမှီသဟဲ ပြုနေသော အညမညသဘောတရား၊ အတူတကွယှဉ်တွဲဖြစ်တည်မှု သဟဇာတတရားများကြောင့်ဖြစ်ပါသည်။
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ အဖွဲ့အစည်းများက အစိုးရများကို ဂေဟ အခြေခံအဆောက်အဦများ၏ အရေးပါမှုကို သတိမူကာ မဖျက်မိဖို့၊ ထိန်းသိမ်းကာကွယ်ရာတွင် ငွေကြေး အားဖြင့်လည်းကောင်း၊ အခြားအရာများ အရလည်းကောင်း ပိုမိုရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းလေ့ရှိကြပါသည်။ ထိုပညာ ရှင်များထောက်ပြသည်မှာ ဂေဟအခြေခံ အဆောက်အဦ ကောင်းသော နေရာတွင် အစိုးရအဖို့ အခြားအများပြည်သူဆိုင်ရာ လိုအပ်ချက်များ၊ အခြေခံအဆောက် အဦများအတွက် သုံးရသော ငွေကြေး ကုန်ကျမှုကို သက်သာစေသည်ဟု ဆိုပါသည်။ တနည်းအားဖြင့် ဂေဟအခြေခံအဆောက်အဦတို့ပျက်ယွင်းသော အရပ်တွင် ဆိုင်ရာ အစိုးရများ၊ ဒေသနေပြည်သူ များသည် ပိုမို၍ ကုန်ကျစရိတ်များ များပြားလာမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဥဒါဟရုဏ်အားဖြင့်အောက်ပါ အချက်များ ကို ကြည့်ပါ။
ဂေဟအခြေခံအဆောက်အဦတို့ ပျက်သွား၍ (ချောင်းကော၊ စမ်းပေါက်များ ရေခမ်း၊ ရာသီဥတုပိုပူလာ အစသည်) ရာသီဥတုဖောက်ပြန်သော အရပ်အတွက် အစိုးရများသည် ကုန်ကျစရိတ်များစွာ သုံး၍ ရေရှိရေးလုပ်ဆောင်ခြင်း၊ ရာသီ ဥတုပိုပူလာသည်ကို ခံနိုင်ရန် ရုံးများ၊ ကျောင်းများ၊ အများပြည်သူများအတွက် လေအေးပေးစနစ်ကို စဉ်းစားလာရခြင်း၊ ကုန်ကျခံရခြင်း၊ ရာသီဥတုပိုပူခြင်းကြောင့် ထိခိုက်သွားရသော စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြား လုပ်ငန်းများအတွက် ငွေကြေးနှင့်နည်းပညာများ ထောက်ပံ့ရခြင်း၊ ဒေသခံများတွင် ရောဂါဘယများ တိုးလာနိုင်ခြင်းကြောင့် ကျန်းမာရေး ဆိုင်ရာ အသုံးစရိတ်များ ပြင်ဆင်လာရခြင်း၊ ရေကြီးနစ်မြုပ်မှုများ၊ မြေပြိုမှုများ ရှိလာခြင်းကြောင့်လည်း ကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည် နေရာချထားရေး လုပ်ငန်းများအတွက် အစိုးရအသုံးစရိတ်များ ပိုမို သုံးစွဲလာရခြင်း၊ သဘာဝ ဘေးအန္တရာယ်ကို အထူးခံနိုင်ရည်ရှိသော အခြေခံအဆောက်အဦနှင့် နည်းပညာ များကို သုံးလာရခြင်းကြောင့် ငွေကြေး ပိုမိုကုန်ကျမှုရှိလာခြင်း အစရှိသော အဖြစ်အပျက်မျိုးများက ကမ္ဘာတဝန်းတွင် ဖြစ်ပျက်နေပါ၏။ ဂေဟအခြေခံ အဆောက်အဦ ပျက်ယွင်းနေသော အရပ်ရှိ သာမန်ပြည်သူတစ်ဦးအဖို့လည်း နေ့စဉ် ကုန်ကျစရိတ်မှာ အခြားသော သဘာဝဂေဟစနစ် ကောင်းမွန်စွာ လည်ပတ်လျက်ရှိသော အရပ်ရှိ လူများ နှင့်ယှဉ်လျှင် မြင့်နေတတ်ပါသည်။ ဥပမာအားဖြင့် လေထုညစ်ညမ်းမှု ရှိသော အရပ်နေ ပြည်သူတစ်ဦးအဖို့ ကျန်းမာ ရေးဆိုင်ရာ ကုန်ကျစရိတ် သို့မဟုတ် လေသန့်စင်စက် တပ်ဆင်ရန်၊ ထိုစက် အတွက် လျှပ်စစ်မီတာခ အစရှိသော ကုန်ကျစရိတ်များရှိနိုင်သည်။ ရေရှားပါးလာ၍ မသန့်သောရေ များသုံးမိလျှင် ကျန်းမာရေး ပြဿနာများရှိလာနိုင် သည်။ ရေသန့်များ ဝယ်ယူ သုံးစွဲရသဖြင့် ကုန်ကျစရိတ် ရှိလာနိုင်သည်။ စေ့စေ့တွေးကြည့်လျှင် ဂေဟအခြေခံ အဆောက်အဦပျက်ယွင်းခြင်းကြောင့် ဖြစ်လာရသော အကျိုးဆက်များအတွက် သုံးရသည့် ကုန်ကျစရိတ် အဖိုးအခမှာ မနည်းလှသည်ကို သိရမည်ဖြစ်သည်။ ဂေဟအခြေခံ အဆောက်အဦများ၏ အရေးပါမှုကို ထည့်မတွက်မိဘဲ လုပ်ဆောင်လိုက်သည့် ဖွံ့ဖြိုးရေးဟုဆိုကြသော လုပ်ငန်းများ၊ စီမံကိန်းများခြင်းကြောင့်လည်း ဒေသတစ်ခုသည် သဘာဝ ဘေးအန္တရာယ်ကပ်ဆိုးများကို ဖိတ်ခေါ်မိသလိုလည်းဖြစ်သွားနိုင်ပေသည်။
လူအများအတွက် လိုအပ်သော အခြေခံအဆောက်အဦများ ဆောက်ကြ သော အခါအနည်းနှင့်အများဆိုသလိုပင် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်တတ် ပါသည်။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင်၊ သဘာဝ နှင့်လိုက်လျောညီထွေ ဖြစ်အောင် အလေးထားကာ လိုအပ်သော အခြေခံ အဆောက်အဦများကို အကောင်အထည် ဖော်ရမည်ဖြစ်ပါမည်။ ထိုသို့ သဘာဝအတွက် အထူးအလေးထားကာ ပုံစံထုတ် တည်ဆောက်သော နည်းစနစ်ကိုကား အစိမ်းရောင် နည်းပညာ၊ အစိမ်းရောင် အခြေခံအဆောက်အဦဟူ၍လည်း ခေါ်ကြပါသည်။ အစိမ်းရောင်နည်းပညာ ကို စနစ်တကျသုံးနိုင်ရန်အတွက် အစိုးရများကလည်း လိုအပ်သောမူဝါဒ၊ ဥပဒေလုပ်ထုံးများကို ပြဋ္ဌာန်းထားရှိသင့် ပါသည်။
သို့မှသာ လူလုပ်အခြေခံအဆောက်အဦများကြောင့် ဂေဟအခြေခံ အဆောက်အဦများ လုံးဝပျက်ယွင်းသွား ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ ဥပမာဆိုရလျှင် ကွန်ကရစ်ခင်းလျှင် မိုးရေများ မြေတွင်းသို့ မရောက်နိုင်တော့ပေ။ ထိုသို့ဖြစ်ပွားခြင်းမျိုးမှ ကာကွယ်ရန် လမ်းခင်းသောအခါ၊ လူသွား လမ်းများဆောက်သောအခါ ရေစိမ့်နိုင်သော ပစ္စည်းများ၊ နည်းပညာများနှင့် ပုံစံထုတ်တည်ဆောက်ခြင်းမျိုး၊ သစ်ပင် များကို မခုတ်လှဲဘဲ လမ်းချဲ့နိုင်ခြင်းမျိုး၊ မြစ်ချောင်းများ၏ ရေစီးဆင်းမှုကို အနှောင့်အယှက်မဖြစ်စေရန် တံတား ဆောက်သော အခါရေလယ်တိုင်များ လျှော့ချခြင်း၊ လုံးဝ မထည့်ခြင်း စသော နည်းများသုံးခြင်းမျိုးကို အစိုးရများ အနေနှင့် လုပ်ဆောင်၍ရနိုင်သည်။ အထက်ပါနည်းပညာများသည် လတ်တလောတွင် ကုန်ကျစရိတ်များနိုင်သော်လည်း ရေရှည်တွင် ဂေဟစနစ်ပျက်ခြင်းကြောင့် ကုစားရမည့် ကုန်ကျစရိတ်နှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် လူသားအရင်းအမြစ်သုံးရမည့် အခြေအနေမျိုးနှင့်ယှဉ်လျှင် သက်သာသည်ကို သိနိုင်ကြောင်း ပညာရှင်များက ထောက်ပြထားကြပါသည်။ အစိမ်းရောင်အခြေခံ အဆောက်အဦးမျိုးဖြစ်လာအောင် ကြိုးပမ်းခြင်းသည် တနည်းအားဖြင့် သက်ရှိ များနှင့် ဂေဟအခြေခံ အဆောက်အဦအကြား သဟဇာတဖြစ်မှု၊ အညမညဖြစ်မှု သဘောတရားကိုလည်း အလေးထားရာ ရောက်ပေသည်။
ဂေဟ အခြေခံအဆောက်အဦများကို ထိန်းသိမ်းခြင်း၊ တိုးတက်စေခြင်း နှင့်ပက်သက်၍ ပညာရှင်များက ထို အခြေခံအဆောက်အဦများသည် ကျေးလက်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အလုပ်အကိုင်ရစေခြင်း၊ ဥတုရာသီပြောင်းလဲ လာမှုကိုလည်း အတိုင်းအတာတစ်ခုအထိ ကိုင်တွယ်နိုင်ခြင်း စသော ကောင်းကျိုးများရှိသည်ဟုဆိုကြပါသည်။
အချုပ်ဆိုရလျှင်မူ ဖွံ့ဖြိုးရေးဟု ဆိုသော လုပ်ငန်းများ၊ စီမံကိန်းများကို စဉ်းစားကြရာတွင် သဘာဝအားဖြင့် ရှိရင်းစွဲ ဂေဟအခြေခံအဆောက်အဦများ၏ အရေးပါမှုကို အလေးထား ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး လူလုပ် ရုပ်ဒြပ်အခြေခံအဆောက်အဦများနှင့် ဂေဟ အခြခံအဆောက်အဦများအကြား ရေတို ရေရှည်တွင် သဟဇာတဖြစ်အောင် ကြိုတင်မျှော်မြင်ကာ အစိမ်းရောင်နည်း နာများသုံး၍ လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပါရစေ။
ဝေယံထွဏ်း