BREAKING
January 22, 2025

KNDO တပ်ဖွဲ့ဝင် အသတ်ခံရမှု PDF ရဲဘော်နှစ်ဦးကို စစ်ခုံရုံးဖွဲ့စစ်ဆေး

December 9, 2024

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ဖွဲ့ဝင် ရဲဘော်မောင်နိုင် အသတ်ခံရမှုနှင့်ပတ်သက်၍ မြိတ်ခရိုင် တပ်ရင်း (၁) က PDF ရဲဘော်နှစ်ဦးကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော် Star က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွင် KNDO တပ်ရင်း (၇) က ရဲဘော်မောင်နိုင်ကို မြိတ်ခရိုင်တပ်ရင်း (၁) ၊ တပ်ခွဲ (၁) မှ ရဲဘော်များက ကိစ္စရှိသည်ဟုဆိုကာ ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့သဖြင့် ဖြေရှင်းချက်ပေးရန် KNDO က နိုဝင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်ကို သိရှိသည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးကမူ ရဲဘော်မောင်နိုင်အပါအဝင် KNDO တပ်ဖွဲ့ဝင် သုံးဦးသည် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်နှင့်ဆက်သွယ်သည်ဟုဆိုကာ နိုဝင်ဘာလ ၂၄ရက်တွင် ဖမ်းဆီးခေါ်ဆောင် ပြီးနောက် ရဲဘော်မောင်နိုင်က အဆိုပါအမျိုးသမီးကို ရိုက်နှက်အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောသည်။

“ဥယျာဉ်ခြံထဲက တဲမှာ ထိန်းသိမ်းထားပြီး ညကျတော့ ဦးမောင်နိုင်က ကျန်တဲ့လူတွေကို သူကင်းစောင့်မယ်ဆိုပြီး ပြန်လွှတ်ပါတယ်။ ည ၁၁ လောက်မှာ တဲပေါ်တက်လာပြီး အဓမ္မကျင့်ဖို့ကြံတယ်။ ငြင်းဆန်တော့ လက်သီးနဲ့လည်းထိုး ရိုက်လည်း ရိုက်ပါတယ်။ ထမင်းချက်က အသံကြားတော့ ရောက်လာပြီး ဘာဖြစ်တာလဲဆိုပြီး လာမေးတယ်။ ထွက်ပြေးဖို့ကြိုးစားလို့ ဆုံးမနေတာလို့ ပြန်ဖြေတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနောက် သုံးကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး နောက်တစ်ရက် နံနက်တွင်မူ ကျပ်ငါးသောင်းပေးပြီးပြန်လွှတ်ပေးခဲ့ကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ပြောဆိုသည်။

အဆိုပါအမျိုးသမီးမှာ မြိတ်ခရိုင်တပ်ရင်း (၁) က ရဲဘော်တစ်ဦး၏ အစ်မဖြစ်ကြောင်း ၎င်း ဆိုသည်။

အဓမ္မပြုကျင့်ခံရမှုကို မောင်ဖြစ်သူ သိရှိသွားပြီးနောက် ရဲဘော်မောင်နိုင်ကို သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းရာ ရဲဘော်မောင်နိုင် သေဆုံးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အသက် ၅၅ နှစ်အရွယ် ရဲဘော်မောင်နိုင်သည် KNU တပ်မဟာ (၄) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်- KNDO တပ်ရင်း (၇) က ဖြစ်ပြီး ပုလောမြို့နယ် ၅ မိုင်ရွာ စစ်ဆေးရေးဂိတ်တွင် တာဝန်ရှိကျနေသူဖြစ်ကြောင်း စုံစမ်းသိရ သည်။

KNDO တပ်ရင်း (၇) တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်းကမူ တပ်ဖွဲ့ဝင်တစ်ဦး ပြစ်မှုကျူးလွန်ခဲ့လျှင် သက်ဆိုင်ရာတပ်ဖွဲ့၏ တာဝန်ရှိသူများကို သတင်းပို့ရမည်ဖြစ်ပြီး စစ်ဆေးမေးမြန်းခြင်းမရှိဘဲ သတ်ဖြတ်ခွင့်မရှိကြောင်း ပြောဆိုသည်။

“ရဲဘော်မောင်နိုင်က သူ့အပြစ်ရှိရင် သက်ဆိုင်ရာလူကြီးတွေကို သတင်းပို့ရမယ်။ သူတို့အမေးအမြန်းမရှိဘဲ သတ်ခွင့်မရှိဘူး။ သူတို့ထုတ်ပြောတာကမုဒိန်းကျင့်မှုပြောတယ်။ ဒါပေမဲ့ လူတစ်ယောက်ကိုသတ်ပြီး မတော်မတရား ထစွပ်စွဲတယ်ဆိုတာ လုံးဝ ကျွန်ုပ်တို့ လက်မခံဘူးဗျ” ဟု ၎င်းကပြောသည်။

အမျိုးသမီး၏ မောင်ဖြစ်သူ တပ်ဖွဲ့ဝင်အပါအဝင် PDF တပ်ဖွဲ့ဝင်နှစ်ဦးက ရဲဘော်မောင်နိုင်ကို သတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးကို စစ်ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော် Star က ဆိုသည်။

“လက်ရှိမှာ သက်ဆိုင်တဲ့ တပ်ရင်းတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ နှစ်ဖက်ပြေလည်မှု ရှိပါတယ်။ အဲဒီလောက်ပဲ ပြောပါရစေဗျ။ စုံစမ်းဖော်ထုတ်နေဆဲပါ” ဟု ၎င်းက ပြောသည်။

ရဲဘော်မောင်နိုင် အသတ်ခံရမှုနှင့်ပတ်သက်ပြီး မြေပြင်တွင် လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုကြား နှစ်ဖက်တင်းမာမှုရှိနေပြီး ရဲဘော်မောင်နိုင်ကို ပစ်သတ်ခဲ့သည့် PDF ရဲဘော်နှစ်ဦးကို ထုတ်ပေးရန် KNDO ဘက်က တောင်းဆိုနေသည်ဟု အမည်မဖော်လိုသည့် အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

ယင်းကြောင့် တိုင်းစစ်ဌာနက တာဝန်ရှိသူများနှင့် မြိတ်ခရိုင် တပ်ရင်း(၁) က တာဝန်ရှိများ၊ KNDO တပ်ရင်း(၇) က တာဝန်ရှိသူတို့ အချင်းချင်းကြားတွင် ညှိနှိုင်းဆွေးနွေးမှုများလည်း ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

PDF ရဲဘော်နှစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူသွားမည်ဟု အကြောင်းပြန် ထားကြောင်း KNDO တပ်ရင်း (၇) တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်းက ပြောဆိုသည်။

“သူတို့ ဆုံးဖြတ်သွားပြီ။ ထောင် ၁၀ နှစ်ချမယ်လို့ သူတို့ထုတ်ပြန်တာတော့ ရှိပါတယ်ခင်ဗျ” ဟု ၎င်းက ပြောသည်။

ရဲဘော် Star ကမူ ထောင်ဒဏ်ချမှတ်မည့်ကိစ္စကို စစ်ခုံရုံးကသာ လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောဆိုသည်။