BREAKING
December 22, 2024

လုပ်သားရှားပါးမှုကြောင့် မြိတ်တွင် အနည်းဆုံးတစ်နှစ်စာချုပ်ဖြင့် အလုပ်ခေါ်မှုများလာ

December 9, 2024

အလုပ်သမားရှားပါးနေသဖြင့် မြိတ်မြို့ရှိ လုပ်ငန်းရှင်များ အလုပ်ခေါ်ရာတွင် အနည်းဆုံး တစ်နှစ်ကြာ အလုပ်လုပ်ရမည် ဆိုသည့် စာချုပ်ဖြင့် အလုပ်ခေါ်ကြကြောင်း ဒေသခံများနှင့် အလုပ်ရှင်အချို့က ပြောသည်။

စစ်ကောင်စီက စစ်မူထမ်းစနစ်ကို အတင်းအဓမ္မအကောင်အထည်ဖော်နေသည့်အတွက် လူငယ်လူရွယ်များက အိမ်နီးချင်း ထိုင်းနှင့် ပြည်ပနိုင်ငံများအပါအဝင် စစ်မှုထမ်းကင်းလွတ်ရာနေရာသို့ အစုလိုက်အပြုံလိုက် တိမ်းရှောင်သွားကြသည်။

ထိုကြောင့် အလုပ်လုပ်နိုင်သည့် လူငယ်ရှားပါးလာပြီး မြိတ်မြို့ရှိ လုပ်ငန်းအများစုတွင် အနည်းဆုံးတစ်နှစ် အလုပ်လုပ်ရမည် ဆိုသည့်စည်းကမ်းချက်ကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုလာကြကြောင်း မြို့ခံများနှင့် လုပ်ငန်းရှင်အချို့က ဆိုသည်။

“အလုပ်သမားတွေက တစ်လ နှစ်လလောက်လုပ်ပြီး ထွက်သွားကြတာများတော့ တစ်နှစ် စာချုပ်ချုပ်တဲ့ စနစ်ကို သုံးလိုက်တာ” ဟု မြိတ်မြို့ရှိ အထည်ချုပ်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်ကလည်း စည်းမျဉ်းသတ်မှတ်ချက်ဖြင့် စာချုပ်ချုပ်ဆိုပြီးမှ အလုပ်ခန့်သည့် လုပ်ငန်းအချို့ရှိခဲ့သော်လည်း စစ်မှုထမ်းစနစ် အကောင်အထည်ဖော်လာပြီးနောက်ပိုင်း ပိုများလာခြင်းဖြစ်ကြောင်း လုပ်ငန်ရှင်းအချို့ထံမှ သိရသည်။

“တစ်နှစ်စာချုပ်နဲ့ အလုပ်ခေါ်တာကတော့ လုပ်တာ သိပ်မကြာသေးဘူး။ အလုပ်သမား ရှာရတာ ပင်ပန်းလာလို့ နယ်ဘက်က လူတွေကို နေဖို့အိမ် စီစဉ်ပေးမယ်ဆိုပြီးခေါ်နေရတယ်” ဟု မြိတ်မြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

စာချုပ်ပါစည်းကမ်းချက်အရ အနည်းဆုံးတစ်နှစ် အလုပ်လုပ်ရမည်ဖြစ်ပြီး အလုပ်ထွက်မည်ဆိုပါက နှစ်လကြိုတင် အကြောင်းကြားရမည်ဆိုသည့် အချက်လည်း ပါဝင်ကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

မြိတ်မြို့ရှိ ဖုန်းဆိုင်၊ ရွှေဆိုင်၊ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်ကြီးများတွင် အလုပ်သမားဦးရေ နည်းပါးနေသလို အလုပ်‌သမားခေါ်ရခက်ခဲမှုများ ကြုံနေရကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။