BREAKING
December 22, 2024

တနင်္သာရီ အတွက် 3CC

December 9, 2024

အပိုင်း (၁)

3CC ဆိုလို့ တောင်တွေးမြောက်တွေး မတွေးပါနဲ့။ အခုပြောမဲ့ 3CC က Control, Command ရယ် CoC လို့ အများ သိကြတဲ့ Chain Of Command နဲ့ နောက်ဆုံး C ဖြစ်တဲ့ Complain အကြောင်းပါ။

တိုင်းထဲက တော်လှန်ရေး ရဲဘော်တွေနဲ့ ခေါင်းဆောင်ဆိုသူတွေ လက်နက်ကိုင် တော်လှန်ရေး အစ ကတည်းက အမြဲပြောကြလေ့ရှိပြီး အမြဲအလိုလို ကြားကြရတဲ့ အရာကတော့ CoC အောက်ဝင်ဖို့လိုတယ်။ CoC တည်ဆောက် နိုင်ဖို့ အရေးကြီးတယ် ဆိုတာတွေပါ။

အခု တော်လှန်ရေး သုံးနှစ်ကျော် လေးနှစ်ထဲရောက်လာတော့မဲ့အချိန် ထိကို CoC ဆိုတာကြီး ပါလေရာ ငပိကျက်ဖြစ်နေတုန်း။ တချို့က CoC တည်ဆောက်နိုင်ဖို့ ထောက်ပံ့ပေးကမ်း၊ တပ်ဆင်နိုင်ဖို့ အရေးကြီးတယ်။ ရဲဘော်တွေကို သင်တန်းစပေး ကတည်းက ကိုယ့်လူတွေ၊ ကိုယ်ပြောတဲ့စကား၊ ကိုယ်ပေးတဲ့ အမိန့်နာခံအောင် လုပ်ထားမှ CoC မိမယ် ဘာညာ ဆိုကြတယ်။

မမှန်ဘူးလားဆိုတော့ “ဟဲ့ပေါ်ဦး သူ့ချည်းပဲလား” မေးသလို ထောက်ပံ့ပေးကမ်း၊ တပ်ဆင်နိုင်တာ တစ်ခုတည်းနဲ့ လဲ မမှန်ပါ။ စစ်သင်တန်းတွေမှာ ရဲဘော်တွေကို ကိုယ်ပေးတဲ့ အမိန့်နာခံအောင် လုပ်တာ တစ်ခုတည်းနဲ့ CoC ကို တည်ဆောက်နိုင်တာမျိုးလဲ မဟုတ်ပါဘူး။

ထောက်ပံ့ပေးကမ်းနိုင်လို့လား၊ လက်နက် တပ်ဆင်ပေးနိုင်လို့လား မပေးနိုင်ရင် မဝင်ဘူးကွာ ဆိုတာလဲ အစွန်း၊ ဒီလိုပဲ ကိုယ့်အမိန့်နာခံစေချင်လို့ ဆရာမွေး၊ တပည့်မွေး တဲ့ သင်တန်းပေးတာလဲ အစွန်းပါပဲ။

အခု လေးနှစ်ထဲ ရောက်ခါနီးလေ အဲဒီ အစွန်းတွေ တိုင်းလုံး၊ တောင်လုံး၊ တောလုံး၊ တတပ်လုံး နှံ့နေတာတွေ တွေ့ ရများတော့ စိတ်မသက်သာဖြစ်ရ။

အမှန်တော့ CoC တည်ဆောက်တယ်ဆိုတာ “ဆား” ပါရတယ်။ ဘာ “ဆား” လဲဆိုရင် တော့ Control, Command ပါပဲ။

Control (ထိန်းချုပ်ခြင်း) ဆိုတာကို အနှစ်ချုပ်ရင် သက်ဆိုင်ရာ တပ်ဖွဲ့ရဲ့ အဆင့်ဆင့်သော တပ်မှူးတွေဟာ ကိုယ့် အုပ်ချုပ်မှုအောက်မှာရှိတဲ့ ရဲဘော်တွေအနေနဲ့ ကိုယ့်တပ်ရဲ့ မူ၊ စည်းကမ်း၊ အထက် ညွှန်ကြားချက် စတာတွေ အပေါ် လိုက်နာမှု ရှိ၊ မရှိ အမြဲလိုလို စစ်ဆေးကြပ်မတ်နေဖို့ ဖြစ်တယ်။

နောက်ပြီး ကိုယ့် တပ်ရင်း/ခွဲ/စု/စိတ် အဆင့်တိုင်းမှာရှိတဲ့ ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာ၊ အခက်အခဲတွေဖြေရှင်းပေးတာ၊ ပေါင်းစပ်ညှိနှိုင်းပေးတာ အပြင် ရဲဘော်တစ်ဦးချင်းစီအလိုက် နေ့စဥ် လုပ်ဆောင် ရမဲ့ တာဝန်ဝတ္တရားတွေနဲ့၊ ပြန်လည်အစီရင်ခံ သတင်းပို့စေတာတွေ ပါဝင်ပါတယ်။ ဒီလို စီမံမှု လုပ်ဆောင်တာကို Control (ထိန်းချုပ်ခြင်း) လို့ အကြမ်းဖျဥ်း နားလည်နိုင်ပါတယ်။

ဒါတွေ မလိုပါဘူးကွာ။ ငါတို့က တော်လှန်ရေးပြီးရင် စစ်သားလုပ်မှာ မဟုတ်ဘူး။ အဲဒါတွေ သိဖို့၊ သင်ယူဖို့လဲ မလိုပါဘူးကွာ။ တော်လှန်ရေးက ပြီးတော့မှာ ဆိုပြီး အင်အားလေး ရာဂဏာန်းတောင်မှ ထိန်းမနိုင်၊ သိမ်းမရ တပ်နဲ့ မတော်နဲ့ တပ်မတော်တွေ ဖြစ်နေကြတာမလား။

ထိန်းချုပ်မှုအောက်လွတ်နေတဲ့ တချို့ ရဲဘော်တွေ သာသာယာယာပဲ။ ရည်ရွယ်ချက်မယ်မယ်ရရမရှိဘဲ ရပ်ရွာထဲ ယူနီဖောင်း တပြောင်ပြောင်၊ သေနတ် တကားကားနဲ့ လမ်း သလားနေတာ။ ဘိလိယက်ခုံနဲ့ ဂိမ်းဆော့ရင်း အချိန်ကုန်နေတာ။ အချို့ဆို အသောက်အစားလေးနဲ့ အလောင်းအစား ကပါလာသေး။

တကယ့်တကယ် စစ်ကောင်စီက စစ်ကြောင်းထိုးလာရင် ရှာလို့ကို မတွေ့တော့ဘူးဆိုတဲ့ ပြည်သူ့အသံတွေကလဲ အခုနောက်ပိုင်း တိုးတိုးကနေ ကျယ်ကျယ်လာနေတယ်။ မငြင်းနဲ့ ကြားအောင်သာ နားထောင်။

တပ်မှူးဆိုတဲ့သူတွေက ကိုယ့်တပ်က ဘယ်ရဲဘော်၊ ဘယ်ရောက်၊ ဘယ်ပေါက်ပြီး ဘာဖြစ်နေမှန်းမသိဘူး။ ပြဿ နာတက်တော့မှ နောက်က လိုက်ရှင်းနေရတဲ့ အဖြစ်တွေက ပိုပိုများလာ။

အခု တစ်မြို့ပြီး တစ်မြို့ သိမ်းနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ/ တပ်တော်တွေကို ကြည့်။ အင်အားက ရာဂဏာန်း မဟုတ်ဘူး။ သောင်းချီတဲ့ အင်အားကို ဘယ်လို ထိန်းချုပ်မှု (Control) လုပ်သလဲ။ ဘယ်လို ကွပ်ကဲမှု (Command) လုပ်သလဲ။ သင်ယူဖို့လိုတယ်။ လေ့လာဖို့လိုတယ်။ ကိုယ့်တပ်ကို စနစ်တကျ တည်ဆောက်ဖို့ လိုပါတယ်။

ကိုယ့် တပ်မှာ ထိန်းချုပ်မှု (Control)၊ ကွပ်ကဲမှု (Command) စနစ်တကျမတည်ဆောက်ဘဲ၊ သဘောတရား သိနားလည်မှု မရှိဘဲ စီအိုစီ….. စီအိုစီ အော်နေတာတော့ ရှက်စရာ၊ ကြောက်စရာပါ။

ဘယ်လောက် ပေးပေး ခဏပါ။ ကိုယ့်ဘက်က လက်နက်တပ်ဆင်ပေးလို့ ဝင်လာတယ်ဆိုရင်လဲ သိပ်ကြာကြာ ခံမှာမဟုတ်ဘူး။ ခွဲထွက်သွားမှာပဲ။ တော်လှန်ရေးတပ်ဖွဲ့တွေ မှိုလိုပေါက်နေတယ်။ ကွဲနေကြတယ်ဆိုတဲ့ အကြောင်းကြောင်းတွေထဲ (Control)၊ ကွပ်ကဲမှု (Command) စနစ် တကျတည်ဆောက်ထားနိုင်ပြီး လည်ပတ်နေတဲ့ စံပြုရမဲ့ တော်လှန်ရေးတပ်မျိုး ဒေသတွင်းမရှိတာလဲ အဓိက ကျတဲ့အချက် တစ်ချက် ဆိုရင်မမှားပါဘူး။

ဒီနေရာမှာ BPLA နဲ့ KNDF တို့လို တပ်တွေကတော့ ကြာလာလေလေ အားကောင်းလာလေလေပါပဲ။ ဘာလို့လဲဆိုရင် နွေဦးတော်လှန်ရေးကာလထဲပေါ်ပေါက်လာတဲ့တပ်ချင်းတူတာတောင်မှ Control နဲ့ Command ကိုစနစ်တကျတည်ဆောက်နိုင်ခဲ့လို့ဆိုတာ လယ်ပြင်ဆင်သွားပေါ်နေတာ ငြင်းမရဘူး။

နောက်အပတ်မှာတော့ ကွပ်ကဲမှု (Command) အကြောင်းနဲ့ CoC အားကောင်းအောင် စနစ်နည်းလမ်းကျ ဘယ်ပုံ၊ ဘယ်နည်း တည်ဆောက်နိုင်ရင် စစ်မြေပြင်မှာ လက်တွေ့ ရရှိလာမဲ့ အကျိုးအမြတ်တွေအကြောင်း ဆက်ဆွေး နွေးပါ့မယ်။

ထူဝေါလု
( ၇. ၁၂. ၂၀၂၄ )