BREAKING
January 22, 2025

သရက်ချောင်းတွင် ဥယျာဉ်ခြံများကို တော်လှန်ရေးအဖွဲ့က သိမ်းပြီးသီးစားချနေဟုဆို

December 9, 2024

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ဥယျာဉ်ခြံများကို တော်လှန်ရေး အဖွဲ့အချို့က သိမ်းယူပြီး ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ သီးစားချစားနေကြောင်း သိမ်းခံထားရသည့် ခြံပိုင်ရှင်အချို့ထံမှ သိရသည်။

တောင်ပျောက်တိုက်နယ်ရှိ အလယ်စုရွာနှင့် ဝင်းကဖော်ရွာရှိ ဒေသခံအချို့ပိုင်ဆိုင်သည့် ဥယျာဉ်ခြံများ အများဆုံးအသိမ်းခံရပြီး သီးစားရောင်းချနေခြင်းဖြစ်ကြောင်း ဥယျာဉ်ခြံအသိမ်းခံရသည့် ကာယကံရှင်အချို့က ပြောဆိုသည်။

တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာတစ်ရွာမှ အမည်မဖော်ရဲသည့် မိသားစုတစ်စုက ၎င်းတို့ပိုင် ကွမ်းခြံကို တော်လှန်ရေးအဖွဲ့တစ်ခု သိမ်းယူပြီး လုပ်ကိုင်စားနေဟုဆိုသည်။

မိသားစုဝင်တစ်ဦးကို ဒလန်ဟု သံသယဝင်နေသဖြင့် မနေရဲတော့ဘဲ အခြားမြို့တစ်ခုကို မိသားစုလိုက်တိမ်းရှောင်နေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းတို့ပိုင်ကွမ်းခြံကို တောင်ပျောက်တိုက်နယ်တွင် အခြေစိုက်သော အမည်မသိ တော်လှန်ရေးအဖွဲ့တစ်ခုက သိမ်းယူလိုက်ပြီး အခြားသူများကို သီးစားချထားကြောင်း ၎င်းကဆိုသည်။

“အာဏာသိမ်းပြီးကတည်းကဆိုရင် ကျွန်မတို့ခြံ(ကွမ်းခြံ)ကို တစ်နှစ်ပဲလုပ်စားရတယ်။ ကျန်တဲ့ ၃ နှစ်က သူတို့( တော်လှန်ရေးအဖွဲ့အချို့) လုပ်ကြတယ်” ဟု ၎င်းကပြောပြသည်။

ယခုနှစ် ကွမ်းသီးပေါက်ဈေးအရဆိုလျှင် ယင်းကွမ်းခြံကို သီးစားရောင်းချမည်ဆိုပါက ကျပ်သိန်း ၁၀၀ ခန့်ရရှိနိုင်ကြောင်းလည်း သူကဆက်ပြောသည်။

တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာတစ်ရွာမှ အခြားဒေသခံတစ်ဦးကလည်း ၎င်းတို့ပိုင် ကွမ်းသီးခြံအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုကို နှစ်စဉ် အခွန်ပုံစံမျိုးပေးရကြောင်း ပြောဆိုသည်။
၂၀၂၁ ခုနှစ်တွင် ကျပ် ၁၂ သိန်း၊ ၂၀၂၂ ခုနှစ်တွင် ကျပ်သိန်း ၁၀ သိန်းပေးခဲ့ရပြီး ၂၀၂၃ ခုနှစ်တွင် တောင်းသည့်ငွေပမဏကို မပေးနိုင်သဖြင့် ၎င်းတို့ပိုင်ကွမ်းခြံကို လုပ်ကိုင်ခွင့်မရတော့ကြောင်း ၎င်းကဆိုသည်။

“ပိုက်ဆံပေးနိုင်တဲ့ နှစ်နှစ်ကတော့ ကျွန်မတို့လုပ်စားခွင့်ရတယ်။ အခု နောက်ဆုံးနှစ်နှစ်(၂၀၂၃၊ ၂၀၂၄ ခုနစ်) မှာတော့ သူတို့တောင်းတဲ့ပိုက်‌ဆံ မပေးနိုင်လို့ ကျွန်မတို့လုပ်စားခွင့်မရတော့ဘူး။ ဥယျာဉ်ကိုသိမ်းပြီး ရွာသားတွေကို (သီးစား) ရောင်းပစ်လိုက်ကြတယ်” ဟု ၎င်းကပြောဆိုသည်။

၎င်းတို့နှစ်စဉ်‌ အခွန်ပုံစံကဲ့သို့ ငွေကြေး ပေးဆောင်နေရသည့်အဖွဲ့မှာ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ဖြစ်သည်ဟုလည်း ပြောဆိုသည်။

တောင်ပျောက်တိုက်နယ်မှ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲ‌ဘော်ကျောက်ခဲကမူ ၎င်းတို့အဖွဲ့အနေဖြင့် ဒေသခံတို့‌ပြောဆိုသကဲ့သို့ ဥယျာဉ်ခြံများတွင် အခွန်ကောက်ခြင်း၊ သိမ်းဆည်းပြီး သီးစားရောင်းချခြင်းမျိုး လုပ်‌ဆောင်ခြင်းမရှိကြောင်း ပြောဆိုသည်။

“ဒီကိစ္စတွေက ထင်ယောင်ထင်မှားဖြစ်နေကြတာတွေပါ။ ဒီလိုမျိုးအရာတွေကို အဖွဲ့အနေနဲ့ လုပ်လေ့မရှိဘူး။ တစ်ခြားရွာခံအဖွဲ့တွေအနေနဲ့တော့ လုပ်ကောင်းလုပ်နိုင်တာရှိတယ်။ (ဒေါင်းမင်းစစ်ဆင်‌ရေး) အဖွဲ့အနေနဲ့တော့မလုပ်ပါဘူး” ဟု ရဲဘော်ကျောက်ခဲက ပြောဆိုသည်။

တောက်ပျောက်တိုက်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်အဖွဲ့မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးကမူ ၎င်းတို့ဒေသအတွင်း အကြောင်းအမျိုးမျိုးကြောင့် ‌အိုးအိမ်စွန့်ခွာသွားသူများ၏ ဥယျာဉ်ခြံအချို့ကို သိမ်းပြီး သီးစားရောင်းချနေသည်များရှိသော်လည်း ယင်းကဲ့သို့ သီးစားရောင်းချခြင်းမှ ရရှိလာသည့် ငွေကြေးများကို ဒေသဖွံ့ဖြိုးရေးနှင့် တော်လှန်ရေးရန်ပုံငွေအဖြစ် အသုံးပြုကြောင်း ပြောဆိုသည်။

“တောင်ပျောက်ထဲမှာ ရပ်ရွာကတင်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာရှိတယ်။ အဲဒီအုပ်ချုပ်ရေးအဖွဲ့တွေကနေပြီး (ဥယျာဉ်ခြံအချို့ကို) သိမ်းပြီးတော့ သီးစားရောင်းတာတွေရှိတယ်။ ဒလန်ဆိုပြီးလည်းမဟုတ်ဘူး။ (အကြောင်းအမျိုးမျိုးကြောင့်) ရွာမှာနေလို့မရဲတဲ့သူတွေရဲ့ ခြံတွေပေါ့။ အဲဒီခြံတွေကို ရွာပိုင်ရန်ပုံငွေအတွက်ဆိုပြီး ရောင်းတာတွေရှိတယ်။ ရွာကထိန်သိမ်းပေးထားတဲ့ ပုံစံမျိုးပေါ့” ဟု ၎င်းက‌ပြောသည်။

ဥယျာဉ်ခြံအသိမ်းခံရသည့် ဒေသခံအချို့ကမူ ယင်းသို့ လုပ်ဆောင်မှုကို မကျေနပ်ကြောင်း၊ ၎င်းတို့ခြံများကို ပြန်လည်လုပ်ကိုင်လိုကြောင်း Dawei Watch ကိုပြောဆိုကြသည်။

တောင်ပျောက်တိုက်နယ်အတွင်းရှိ ဒေသခံဥယျာဉ်ခြံများသိမ်းဆည်းပြီး သီးစားရောင်းချနေသည့်ကိစ္စ၊ ငွေကြေးကောက်ခံနေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရန် ရှိမရှိသိရှိနိုင်စေရန် သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဒီဇင်ဘာလ ၉ ရက် နံနက် ၁၀ နာရီကျော်က ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်မရဖြစ်နေသဖြင့် မေးမြန်းမရသေးပေ။

အများအားဖြင့် ဥယျာဉ်ခြံအသိမ်းခံရသူတို့မှာ ဒလန်ဟုစွပ်စွဲခံရသူများ၊ ကြံခိုင်ရေးပါတီဝင်များဖြစ်ပြီး နေရပ်တွင်မနေရဲသဖြင့် အိုးအိမ်၊ ဥယျာဉ်ခြံများထားကာ ထွက်ပြေးနေကြရသူများ ဖြစ်သည်။

“ကျွန်တော်တို့ဒေသထဲမှာတော့ ပါတီနှစ်ခုရှိတဲ့အထဲက NLD ပါတီဖက်က လူတွေရဲ့ခြံတွေဆိုရင် အသိမ်းခံရတာမရှိဘူး။ သူတို့တတွေအိမ်မှာမနေရဲရင်တောင်မှ သူတို့ရဲ့ဆွေမျိုးတွေက ဒီခြံတွေကို လုပ်ကိုင်လို့ရတယ်” ဟု အမည်မဖော်လိုသည့် တောင်ပျောက်တိုက်နယ်သားတစ်ဦးက ဆိုသည်။

Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သည့် တောင်ပျောက်တိုက်နယ်ရှိ ‌ခြံအသိမ်းခံရသူ မိသားစုဝင်သုံးဦးက ၎င်းတို့ကို ဒလန်အဖြစ်စွပ်စွဲခံရသဖြင့် ရွာမှတိမ်းရှောင်နေကြရပြီး၊ ၎င်းတို့မှာ ဒလန်မဟုတ်ကြောင်း ပြောဆိုကြသည်။

ထိုသို့တိမ်းရှောင်နေပြီး ဥယျာဉ်ခြံအသိမ်းခံရသူများအထဲတွင် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)တွင် ပါဝင်ထားသည့် ဝန်ထမ်းမိသားစုဝင်များလည်း ပါဝင်နေကြကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ တောင်ပျောက်တိုက်နယ်သည် တော်လှန်ရေးအားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။