BREAKING
December 22, 2024

မြိတ်မြို့အနီး အုပ်ချုပ်ရေးမှူးများဦးဆောင်သည့် လောင်းကစားဝိုင်းများစည်ကား

December 9, 2024

ပုံစာ - ကျွဲကူးကျောက်ဖျာတံတား

မြိတ်မြို့နယ်အတွင်းရှိ ကျေး‌ရွာအချို့တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ လောင်းကစားဝိုင်းများ‌ နေ့တိုင်းနီးပါးပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကျွဲကူးရွာနှင့် သဘွတ်ကျေးရွာတို့တွင် ကြက်ဝိုင်းနှင့် ဖဲဝိုင်းများကို တစ်ပတ်လျှင် သုံးရက်နှုန်းဖြင့် အလှည့်ကျ ပြုလုပ်နေကြောာင်း ဒေသခံများက ပြောသည်။

ယင်းလောင်းကစားဝိုင်းများမှာ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေသည့် ပု‌လောမြို့နယ် ရှပ်ပုံရွာ၊ ပိန္နဲတောင်ရွာနှင့် သဲပုံ‌ကျေးရွာ များတွင် ပြုလုပ်နေရာက ပြောင်းရွှေ့လာကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီခန့် ဒေါ‌ကျေးရွာအုပ်ချုပ်ရေးမှူး၊ သဘွတ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပု‌လောနယ်ခံပွဲစီစဥ်သူတစ်ဦးက ဦးဆောင် ၍ ဥယျာဉ်ခြံမြေတစ်ခုအား လချုပ်ဖြင့်ငှားရမ်းကာ လောင်းကစားဝိုင်းပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

သဘွတ်ကျေးရွာနှင့်‌ ဒေါကျေးရွာမှာ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမဟောင်း‌ (ရှောင်ကွင်းလမ်း) ပေါ် တွင် တည်ရှိပြီး ကျွဲကူးကျေးရွာမှာ မြိတ်မြို့အဝင်တွင်တည်ရှိသည်။

“သဘွတ်‌နဲ့ ကျွဲကူး (ရွာ) မှာ လုပ်နေတာ နှစ်လလောက်ပဲ ရှိသေးတယ်။ တစ်ရွာမှာလုပ်ရင် နောက်တစ်ရွာက နားထားတယ်။ နေရာသာ ပြောင်းတာပါ။လူတွေက ဒီလူက ဒီလူပဲဗျ” ဟု အထက်ပါဒေသခံက ပြောသည်။

ယခင်က ဒေါကျေးရွာ၊ စန္ဒဝတ်ကျေးရွာအုပ်စုရှိ ကွမ်းသီးချောင်းရွာတို့တွင် ပြုလုပ်နေသည့် ကြက်ဝိုင်းများလည်း တိုက်ပွဲများကြောင့် သဘွတ်ကျေးရွာနှင့် ကျွဲကူးကျေးရွာသို့ လာရောက်ပြီး စု‌ပေါင်းပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

မြိတ်မြို့နယ်အနီးတဝိုက်တွင် နယ်‌မြေတည်ငြိမ်နေပြီး သွားလာရလွယ်ကူသဖြင့် သဘွတ်နှင့် ကျွဲကူးကျေးရွာကို ရွေးချယ် ပြုလုပ်‌နေခြင်းဖြစ်ကြောင်း ကြက်တိုက်ဝါသနာပါသူတစ်ဦးက ပြောဆိုသည်။

“စနေ၊ တနင်္ဂနွေဆိုရင် ပွဲကြီးချိန်းပွဲဖြစ်သွားတယ်။ လူက ရာနဲ့ချီရှိတာပါ။ နေရာပေါင်းစုံက လောင်းကစားဝါသနာရှင်တွေ ကားကြီးကားငယ်နဲ့ အကုန်ရောက်လာတယ်။ လောင်းကြေးတွေကလည်း အများကြီးပဲ” ဟု ၎င်းက ပြောသည်။

လောင်းကစားဝိုင်းများရှိနေသည့် ကျွဲကူးရွာအနီးတွင် စစ်ကောင်စီ၏ အမှတ် (၁၀၁) တပ်ရင်းရှိပြီး ဒေါကျေးရွာတွင်လည်း စစ်ကောင်စီတပ်ရင်းတစ်ခုရှိသည်။

အဆိုပါစစ်ကောင်စီတပ်ရင်းများက လောင်းကစားဝိုင်းများကို တားမြစ်ခြင်းမရှိဘဲ တရားဝင်ခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။