BREAKING
October 19, 2024

တရားမဝင် မြန်မာလုပ်သား ငါးဦးလိုက်ပါသောကားကို မလေးရှားရဲကားက ဝင်တိုက်၍ဖမ်းဆီး

December 9, 2022

မလေးရှားနိုင်ငံ ကလန်တန်းပြည်နယ် GUA MUSANG ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ငါးဦးလိုက်ပါလာသော ကားကို ရဲတပ်ဖွဲ့က ရဲကားဖြင့် ဝင်တိုက်၍ ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းဌာနများတွင် ရေးသားဖော်ပြသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီတွင် GUA MUSANG ခရိုင်ရဲတပ်ဖွဲ့များက လမ်းတစ်နေရာ၌ ရှောင်တခင်စစ်ဆေးနေချိန် ကားတစ်စီးသည် ဂငယ်ကွေ့ပြန်ကွေ့ကာ GUA MUSANG မြို့ထဲသို့ အရှိန်ဖြင့် ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

လိုက်လံစစ်ဆေးရာတွင် ကားသည် လွတ်မြောက်ရန်အတွက် မီးပွိုင့်များကို ဖြတ်ကာ အရှိန်ပြင်းပြင်း မောင်းပြေးခဲ့ပြီး ရပ်တန့်ရန် အချက်ပြသော်လည်း မရပ်ကြောင်း ဖော်ပြသည်။

ယင်းကားကို ၁၅ ကီလိုမီတာအကွာအဝေးအထိ မိနစ် ၂၀ ကြာအောင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရကာ နောက်ဆုံးတွင် ကား၏ အနောက်ပိုင်းကို ရဲကားဖြင့် ဝင်တိုက်ကာ ဖမ်းဆီးခဲ့ရကြောင်း ရေးသားသည်။

ကားနှစ်စီးသည် လမ်းဘေးမြောင်းကို ကျော်ကာ ရပ်တန့်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။

ကားပေါ်တွင် အသက် ၁၆ နှစ်မှ ၄၂ နှစ်အထိရှိသော မြန်မာအလုပ်သမား အမျိုးသားသုံးဦး၊ အမျိုးသမီး နှစ်ဦးတို့ကို ဖမ်းမိခဲ့ပြီး ၎င်းတို့တွင် ခရီးသွားအထောက်အထား တစ်စုံတစ်ရာမပါရှိကြောင်း သတင်းတွင် ဖော်ပြသည်။

ကားသမားဖြစ်သော အသက် ၃၁နှစ်အရွယ်ရှိ မလေးရှားနိုင်ငံသားတစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့ပြီး ဆီးစစ်ချက် အရ မူးယစ်ဆေးဝါးသုံးစွဲထားသည်ကို တွေ့ရှိခဲ့ရကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

မြန်မာအလုပ်သမားတစ်ဦးလျှင် မလေးရှား ရင်းဂစ် ၂၅၀ ဖြင့် ထိုင်း-မလေးရှားနယ်စပ်မှတဆင့် ပါဟမ်းပြည်နယ်၊ ဘင်တွန်းဒေသသို့ ပို့ဆောင်ရန် ရည်ရွယ်ထားသည်ဟု ကားသမား၏ ထွက်ဆိုသည်။

မလေးရှားကသမားနှင့် မြန်မာအလုပ်သမား ငါးဦးတို့ကို မလေးရှားနိုင်ငံ လဝက ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Kosmo Online, Sinar Harian