BREAKING
January 22, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

November 9, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၃ ရက်မှ ၉ ရက်အထိ

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် ဘာတွေထူးခြားလဲ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ မဟာမဲခေါင်ဒေသခွဲအစည်းအဝေး၊ ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး၊ ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ နိုဝင်ဘာလ ၅ရက်မှာ ကူမင်းမြို့ကို သွားရောက်ခဲ့တာပါ။

ခရီးစဉ်မှာ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းနဲ့တွေ့ဆုံခဲ့ပြီး ရှမ်းမြောက်အရေးကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA တို့အနေနဲ့ ငြိမ်းချမ်းရေးလိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ပြနိုင်မှသာ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။ ဘယ်လို လုပ်ဆောင်ချက်တွေ ပြသရမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုထားတာ မတွေ့ရပါဘူး။

မစ္စတာလီချန်းကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ကူညီမယ့်အကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း တည်ငြိမ်ရေးအရေးကြီးတဲ့အကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲနိုင်အောင် ဆက်လက် ဆောင်ရွက်မယ်လို့ ပြောတဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနရဲ့ သတင်းမှာတော့ မြန်မာအနေနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ပြန်လည်ရင်ကြားစေ့ရေး၊ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို တွန်းအားပေးတဲ့အပေါ် တရုတ်ကထောက်ခံတယ်လို့ လီချန်းက ပြောတဲ့အကြောင်း ဖော်ပြပါတယ်။ တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေကို လက်တွေ့အကာအကွယ်ပေးဖို့လည်း ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင် တရုတ်ကို ရောက်ရှိနေချိန်မှာပဲ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ ‘ဝ’ ပြည်ထဲမှာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC နဲ့ အစည်းအဝေးလုပ်ခဲ့တယ်လို့ ဘီဘီစီမြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

စစ်ခေါင်းဆောင်ဟာ တရုတ်ခရီးစဉ်အတွင်းမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို ဝန်ကြီးချုပ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါသေး တယ်။ အဲဒီလိုတွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမယ့်အကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ ပါတယ်။ ထိုင်းအတိုက်အခံ လွှတ်တော်အမတ်တချို့ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာ စစ်ခေါင်းဆောင်နဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံခဲ့မှုအပေါ်  စိတ်ပျက်တယ်လို့ ဝေဖန်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ပြီး စစ်ကောင်စီကို ထောက်ခံကြောင်းပြသတဲ့ တရုတ်အစိုးရအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ တရုတ်ရဲ့ မဟာဗျူဟာ စီမံကိန်းတွေအပေါ် စိုးရိမ်လို့ အခုလို လုပ်တာလို့လည်း ထောက်ပြမှုတွေ ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးကတော့ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ် ပိုဖြစ်လာမယ်လို့ ပြောဆိုထားပါတယ်။

……………………………………..

မြန်မာသင်္ကြန် ယူနစ်စကို ဆန်ခါတင်စာရင်းမှာပါဝင်

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ ယူနစ်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဆန်ခါတင်စာရင်းမှာ ပါဝင်လာပါတယ်။

ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်ဖို့အတွက် စစ်ကောင်စီ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် မတ်လမှာ ယူနစ်စကို ကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။ အမွေအနှစ်စာရင်းမှာ ထည့်သွင်းရေး မထည့်သွင်းရေးကို လာမယ့် ဒီဇင်ဘာလမှာ ပါရာဂွေးနိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ကတော့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၂၃ခုနှစ်မှာ ထည့်သွင်းသတ်မှတ်ခံထားရပါတယ်။

……………………………………..

ရခိုင်မှာ လူနှစ်သန်းကျော် အငတ်ဘေးဆိုက်နိုင်

ရခိုင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က ကုန်စည်သယ်ယူမှုတွေကို ဖြတ်တောက် ပိတ်ဆို့ထားတာ တွေကြောင့် လာမယ့်နှစ်မှာ လူနှစ်သန်းကျော် အငတ်ဘေးနဲ့ ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေ တစ်ကျော့ပြန် ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးနောက် စီးပွားရေး လုံးဝပြိုကျ ပျက်စီးသွားပြီး ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံတွေ့ဖူးသေးဘူးလို့ ဆိုပါတယ်။

အလုပ်လက်မဲ့ဦးရေ တိုးလာပြီး ဝင်ငွေလျော့ကျတာ၊ အလွန်အမင်း ငွေကြေးဖောင်းပွတာ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဆုံးရှုံးတာ၊ စပါးစိုက်ပျိုးမှု လျော့ကျတာ၊ စစ်ကောင်စီတပ်က ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ထားတာ တွေကြောင့် ဆင်းရဲငတ်မွတ်မှုနဲ့ ကြုံတွေ့နေရတာလို့ ဆိုပါတယ်။

ဒါ့ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအပါအဝင် ကုန်စည်စီးဆင်းရေး တားဆီးပိတ်ပင်မှုတွေကို ဖယ်ရှားပေးဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ သွားရောက်ပေးအပ်ခွင့်ပြုဖို့ UNDP က တောင်းဆိုထားပါတယ်။

……………………………………..

ဖီမော်မြို့ကို KIA သိမ်းယူ

ကချင်အထူးဒေသ (၁) ထဲက တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဖီမော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၂ရက်နေ့မှာ သိမ်းယူလိုက်ပါတယ်။

သတ္တူလုပ်ငန်းတွေရှိတဲ့ ဖီမော်မြို့ဟာ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ် ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။ ဒီမြို့ကို သိမ်းပိုက်ပြီးနောက်မှာ ကချင်အထူးဒေသ (၁) ရဲ့ နယ်မြေ ထက်ဝက်ကျော်ကို သိမ်းယူထားနိုင်ပြီလို့ KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက မီဒီယာတချို့မှာ ပြောဆိုထားပါတယ်။ ဖီမော်မြို့ သိမ်းယူခံရပြီး နောက်တစ်ရက်မှာပဲ ဖီမော်နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပိတ်လိုက်ပါတယ်။

ကချင်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်မြို့မှာလည်း နိုဝင်ဘာလ ၁ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေပြင်းထန်လာပြီးနောက်မှာ စစ်ကောင်စီက လမ်းတွေ ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်နေပါတယ်။

တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ KIA ကို တရုတ်က ဖိအားပေးနေပြီး နယ်စပ်ဂိတ်တွေကိုလည်း တရုတ်ဘက်က ပိတ်ဆို့ထားပါတယ်။

……………………………………..

စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ လူတစ်ရာကျော် ဖမ်းဆီးခံရ

ပုံစာ – စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုမြင်ကွင်း။ (ပုံဟောင်း)

စစ်ကောင်စီကို အင်တာနက်လူမှုကွန်ရက် အွန်လိုင်းပေါ်ကနေ ဝေဖန်ရေးသားပြောဆိုတာကြောင့် သုံးလအတွင်း လူ ၁၄၀ ကျော် ဖမ်းဆီးခံရတယ်လို့ Myanmar Internet Project က နိုဝင်ဘာလ ၂ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်လို့ ဩဂုတ်လမှာ ဖမ်းဆီးခံရသူ ၅၇ဦး၊ စက်တင်ဘာလမှာ ၅၈ဦးနဲ့ အောက်တိုဘာလမှာ ၂၈ဦးရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဟာ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက် ပိတ်ပင်ထားတဲ့အပြင် အွန်လိုင်းမှာ ပြောဆိုမှုတွေကိုလည်း စောင့်ကြည့်အရေးယူတာတွေ စဉ်ဆက်မပြတ် လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ Facebook အပြင် TikTok လူမှုကွန်ရက်မှာ ပြောဆိုမှုတွေကို စောင့်ကြည့်အရေးယူတာတွေလည်း တိုးမြှင့် လုပ်ဆောင်လာတယ်လို့ ဖော်ပြပါတယ်။

အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Freedom House ရဲ့ အောက်တိုဘာလအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဆိုရင်လည်း မြန်မာဟာ တရုတ်နဲ့အတူ ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံစာရင်းမှာ ပူးတွဲရပ်တည်နေပါတယ်။

စစ်ကောင်စီကို အွန်လိုင်းပေါ်ကနေ ဝေဖန်သူတွေ၊ ဆန့်ကျင်သူတွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်အရေးယူနေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

……………………………………..