BREAKING
December 22, 2024

ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင်နှစ်ဦး အသတ်ခံရမှု စုံစမ်းနေဟု ကျွန်းစု ပကဖပြော

November 9, 2024

ကျွန်းစုမြို့နယ် ကျောက်ပိတ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်ဇော်နှင့် ဘုတ်ပြင်းမြို့နယ်ရွှေဂဲညိုရွာသား ဦးကြောင်ခေါင်း အသတ်ခံရမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ရန် ကြိုးစားနေကြောင်း ကျွန်းစု ပကဖက ပြောဆိုလိုက်သည်။

၎င်းတို့နှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ပြည်သူများ၏ သတင်းပေးပို့မှုနှင့်အတူ စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်နေကြောင်း ကျွန်းစုပကဖ ပြန်ကြားရေးတာဝန်ခံ ကိုငမန်းက ဆိုသည်။

ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာအုပ်စုရှိ ကျောက်ပိတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်နှင့် ဦးကြောင်ခေါင်းကို ကျောက်ပိတ်ရွာရှိ နာရေးအိမ်တွင်ရှိနေချိန် အမည်မသိလက်နက်ကိုင်လူတစ်စုက အောက်တိုဘာလ ၂၆ ရက် ည ၉ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထိုနောက် ဦးအောင်ဇော်ကို ကျောက်ပိတ်ကျေးရွာ တံတားတွင် သေနတ်ဖြင့် ၁၄ ချက်တိတိ ပစ်သတ်ပြီး ထားခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ၏ထုတ်ပြန်ချက်အရ သိရသည်။

နောက်တစ်ဦးဖြစ်သည့် ဦးကြောင်ခေါင်း၏ အလောင်းကိုလည်း အောက်တိုဘာလ ၂၉ ရက်နေ့တွင် မဲတောကျေးရွာရေပိုင်နက်တွင် ပြန်လည်တွေ့ရှိကြောင်း ဒေသခံများကဆိုသည်။

အဆိုပါ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်မှုက ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း နိုဝင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဦးကြောင်ခေါင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးနေသူဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျွန်တော်တို့က အားလုံးတိကျခိုင်မာတဲ့ အချက်အလက်တွေစုံပြီး ရပြီဆိုရင်လုပ်တဲ့သူတွေကို အရေးယူမယ်။ လက်ရှိကတော့ စုံစမ်းဖော်ထုတ်နေဆဲပေါ့”ဟု ကျွန်းစု ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုငမန်းက ပြောသည်။

လက်ရှိ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကျေးရွာအုပ်စုနှင့် မဲတောကျေးရွာအုပ်စု၊ ဘန္ဒနဲကျေးရွာအုပ်စုတို့တွင် ‘ဒေါင်းနက်’(BLACK PEACOCK) စစ်ခွေးလက်ပါးစေ သုတ်သင်ရှင်းလင်းရေးအဖွဲ့’ဟု အမည်ပေးထားသည့် အင်အား ၁၀ ဦးခန်းရှိ အဖွဲ့တစ်ခုပေါ်နေပြီး ဒေသခံအချို့ကို ခြိမ်းခြောက်စာပို့ခြင်း၊ သေနတ်ပစ်ဖောက်ပြီး ငွေတောင်းခြင်းများရှိနေကြောင်း ကျွန်းစု ပကဖက နိုဝင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

အထက်ပါ လူသတ်မှုဖြစ်စဉ်က ဒေါင်းနက်အဖွဲ့ နှင့် ဆက်စပ်မှုရှိ မရှိကိုမူ မသိရသေးပေ။

ထို့အပြင် ထိုင်းနိုင်ငံသို့ ကဏန်း၊ပုဇွန်၊ မီးသွေး စသည့်ဒေသထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တစ်နိုင်တစ်ပိုင်တင်ပို့နေသည့် ကုန်လှေများနှင့် မီးသွေးဖောင်း(ဖို)အချို့ကို ယင်းအဖွဲ့က ခြိမ်းခြောက်စာပေးပို့၍ အဓမ္မငွေတောင်းခံနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်ပိတ်ရွာအုပ်ချုပ်ရေးမှူးနှင့် ရွှေဂဲညိုကျေးရွာသား ဦးကြောင်ခေါင်း အသတ်ခံရမှုနှင့် ပတ်သက်၍ ကျောက်ပိတ်ရွာဒေသခံ တစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သော်လည်း “စိုးရိမ်ရတာတွေကြောင့် မဖြေပါရစေနဲ့”ဟုသာပြောဆိုခဲ့သည်။

အဆိုပါ ဒေါင်းနက်အဖွဲ့က ‘ဝင်းနိုင်’ ဆိုသည့် အမျိုးသားတစ်ဦးကို သတ်ဖြတ်ရန် ခြိမ်းခြောက်ထားသည့်စာနှင့်အတူ ကျည်ဆန်တစ်တောင့် ပေးပို့ထားကြောင်း လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည်။

သို့သော် စာပို့သည့် အချိန်ကာလကို ဖော်ပြထားခြင်းမရှိသဖြင့် မည်သည့်အချိန်က ပေးပို့ခဲ့သည်ကိုမူ မသိရသေးပေ။