BREAKING
December 23, 2024

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ မူးဒူးရွာကို စစ်ကောင်စီစစ်ကြောင်းဝင်၊ ရွာခံနှစ်ဦးဖမ်းဆီးခံရ

November 9, 2024

ရေဖြူမြို့နယ် နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ မူးဒူးရွာကို ယနေ့ နိုဝင်ဘာလ ၉ရက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာပြီး ရွာခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

အင်အားတစ်ရာခန့်ရှိသည် စစ်ကောင်စီခြေလျင်စစ်ကြောင်းသည် လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာအုပ်စု၊ ညောင်ပင်ဆိပ်ရွာမှ ယနေ့ နံနက်၁၁ နာရီခွဲခန့်တွင် မူးဒူးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံများက ဆိုသည်။

စစ်ကြောင်းနှင့် တိုက်ရိုက်တိုးသည့် မူးဒူးရွာသူ အသက် ၄၀ ကျော်အရွယ် ဒေါ်ဝါဝါခိုင်နှင့် အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါဒေသခံနှစ်ဦးမှာ မူးဒူးရွာဘက်စစ်ကြောင်းဝင်သည့် နိုဝင်ဘာလ ၇ ရက်ကစပြီး တိမ်းရှောင်နေသည့် စစ်ဘေးရှောင် ရွာသားနှစ်ဦးဖြစ်ကြောင်း မူးဒူရွာခံအချို့က ဆိုသည်။

“သူတို့က စားစရာပြန်တက်ယူတာ။ ရွာမှာ အဲဒီမှာ စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံလိုက်ရတာ” ဟု ရွာခံတစ်ဦးက ပြောသည်။

စစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် မူးဒူးရွာအတွင်း လူမရှိသည့်နေအိမ်များကို ရိုက်နှက်ဖြိုဖျက်ဝင်ရောက် ရှာဖွေနေပြီး လက်နက်ကြီးပစ်ခတ်မှုလည်း လေးကြိမ်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

နိုဝင်ဘာလ ၅ရက်တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ မောင်းမကန်ရဲစခန်းကို ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ် – TPLF ချေမှုန်းရေးအဖွဲ့၊ TPLF Drone Team နှင့် ပူးပေါင်းတော်လှန်ရေးတပ်တို့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TPLF အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနောက် စစ်ကောင်စီစစ်ကြောင်းသည့် နိုဝင်ဘာလ ၆ရက်တွင် မောင်မကန်ရဲစခန်းသို့ ရောက်ရှိလာပြီး ၇ရက်တွင် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်ကြောင်းထိုးရာ ယနေ့ နိုဝင်ဘာလ ၉ ရက်တွင် မူးဒူးရွာသို့ရောက်ရှိနေခြင်း ဖြစ်သည်။

မူးဒူးရွာ၏ အနောက်မြောက်ဘက် ငါးကီလိုမီတာခန့်အကွာတွင် စစ်ကောင်စီနှင့် ရှရှားအစိုးရ ပူးပေါင်းအကောင်အထည် ဖော်မည်ဟု သတင်းထွက်ပေါ်ခဲ့ဖူးသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ရှိသည်။