BREAKING
January 10, 2025

ပုလဲ၊ ပုဇွန်၊ ရော်ဘာလုပ်ငန်းများကို လာလေ့လာရန် တနင်္သာရီဝန်ကြီးချုပ်က တရုတ်ကို ဖိတ်ခေါ်

November 9, 2024

ပုံစာ - တရုတ်နိုင်ငံ ချင်ချုံ့မြို့သို့ရောက်ရှိနေသော ဦးမြတ်ကို။ ဓာတ်ပုံ - ပေါ်ပြူလာ

တနင်္သာရီတိုင်းရှိ ပုလဲလုပ်ငန်း၊ ပုဇွန်မွေးမြူရေးလုပ်ငန်းနှင့် ရော်ဘာလုပ်ငန်းများကို လာရောက်လေ့လာရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို စစ်ကောင်စီခန့် တနင်္သာရီဝန်ကြီးချုပ်က ဖိတ်ခေါ်‌‌ခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ တရုတ်နိုင်ငံခရီးစဉ်သို့ လိုက်ပါသွားသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဦးမြတ်ကိုအပါအဝင် စစ်ခေါင်းဆောင်များသည် နိုဝင်ဘာလ ၈ ရက်နေ့က တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ဖိတ်‌ခေါ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် စာစောင်တစ်ခုဖြစ်သော ပေါ်ပြူလာဂျာနယ်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းတွင် ပုလဲ‌မွေးမြူရေးလုပ်ငန်း ၇ ခုဖြင့် ရောင်းတန်းဝင်ပုလဲများထုတ်လုပ်နေကြောင်း၊
ပုဇွန်မွေးမြူရေးလုပ်ငန်းများလည်း လုပ်ကိုင်နေကြောင်း၊ ရော်ဘာဧက ၂ သိန်းခွဲကိုလည်း စိုက်ပျိုးထားသဖြင့် လာရောက်လေ့လာရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ကိုဦးမြတ်ကိုက ဖိတ်ခေါ်ခဲ့သည်ဟု ယင်းဂျာနယ်တွင် ဖော်ပြထားသည်။

ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် MAGGA Initiative အဖွဲ့၏ ထုတ်ပြန်ချက်အရ ပုလဲလုပ်ငန်းမှ တစ်နှစ်လျှင် ကျပ်ငွေ ၁၆ ဘီလီယံခန့် စစ်‌ကောင်စီထံသို့ စီးဝင်လျက်ရှိကြောင်း သိရသည်။

စစ်ခေါင်းဆောင်နှင့်အဖွဲ့သည် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (GMS အစည်းအဝေး)၊ ဆယ်ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးတို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ချင်ချုံ့မြိုကိုရောက်ရှိနေသော စစ်ခေါင်းဆောင်နှင့်အဖွဲ့သည် လူမူကူညီရေးလုပ်ငန်းများတွင် အသုံးပြုသည့် အဆင့်မြင့်ဒရုန်းများ ထုတ်လုပ်နေသည့် ကုမ္ပဏီသို့လည်း သွားရောက်ခဲ့သေးကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။