BREAKING
December 22, 2024

ပွင့်လင်းရာသီ ပုလောစစ်ရေး သတိပေးခေါင်းလောင်း

November 9, 2024

တော်လှန်ရေးတပ်များ စိုးမိုးထားသည့် ပြည်ထောင်စုလမ်းတစ်လျှောက်ကို ပြန်လည်ရယူရန် ကာလရှည် အစီအမံချပြင်ဆင်နေသည့် စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၄ ရက်နေ့တွင် အင်အားအများအပြားဖြင့် ပုလောဒေသတစ်ခွင်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ်တွင် စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင်က မြိတ်ဘက်မှ မော်တော်ယာဉ်ဖြင့်ရောက်လာပြီး အင်အားဖြည့်လိုက်သည်။

အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်သားများက ယင်းနေ့ ညနေပိုင်းတွင်ပင် စစ်ကြောင်းသုံးကြောင်းခွဲကာ ပြည်ထောင်စုလမ်းတစ်လျှောက် တန်ပြန်တိုက်စစ် စဖွင့်တော့သည်။

အောက်တိုဘာလ ၁၄ ရက်နေ့ညနေတွင် မီးလောင်ချောင်းရွာအနီးဝန်းကျင်၌ တိုက်ပွဲစတင်ခဲ့သည်။

ယင်းအချိန်တွင် ပုလောမြို့ချောင်းဝမှတစ်ဆင့် လှေဖြင့်ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းတစ်ကြောင်းကလည်း ပလမြို့ဘက်ကို ချီတက်လာပြီး တော်လှန်ရေးတပ်များကို နှစ်ဖက်ညှပ် ချေမှုန်းရန် ဗျူဟာခင်းလာသည်။

“ပုလောချောင်းကနေ ထွက်ပြီးတော့ ပလကို အင်အားတစ်ရာကျော်လောက်ဝင်ပြီးတော့ နှစ်ဖက်ညှပ်ပြီးတော့ ထိုးတာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မြိတ်ဘက်က ချီတက်လာပြီး စစ်ကြောင်းသုံးကြောင်းခွဲလိုက်သည့် စစ်ကောင်စီတပ်က တောလမ်းများကိုသုံးကာ ကွေ့ပတ်ချီတက်လာသလို စစ်ကြောင်းတစ်ကြောင်းက ပြည်ထောင်စုကားလမ်းအတိုင်းပင် ပေါ်ပေါ်တင်တင် လာခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းများတွင် ၆၀ မမ လက်နက်ကြီး ၉ လက်ခန့်အထိ ပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ခြေလျင်စစ်ကြောင်းများဖြင့် ထိုးစစ်စချိန်တွင်ပင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်အား၊ ဒရုန်းအားကို ဖောခြင်းသောခြင်းသုံးခဲ့သည့်အပြင် လေကြောင်းပစ်ကူပါအသုံးပြုခဲ့သဖြင့် တော်လှန်ရေးအဖွဲ့များ စိုးမိုးနယ်မြေအချို့မှ နောက်ဆုတ်ပေးလိုက်ရသည်။

စိုးမိုးနယ်မြေ

မိုင်ပေါင်း ၄၇၀ ကျော်ရှည်လျားသည့် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အစပ်ရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်မှ တောင်ဘက်အဖျား ကော့သောင်းခရိုင်အထိ ပြည်ထောင်စုလမ်းတစ်လျှောက်ရှိ နယ်မြေနေရာ အများအပြားကို တော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုနိုင်သည်။

အဆိုပါ လမ်းတစ်လျှောက်ရှိ ခရိုင်မြို့ကြီးများနှင့် တပ်ရင်းနေရာများ၊ စစ်ဆေးရေးဂိတ်နေရာ၊ တံတားကြီးများကဲ့သို့သော နေရာများတွင်သာ စစ်ကောင်စီတပ်က လွှမ်းမိုးထိန်းချုပ်နိုင်တော့သည်။

ယင်းကြောင့် ပြည်ထောင်စုလမ်းကို နယ်မြေစိုးမိုးရေး ပြန်ရယူလိုသည့် စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများ ကြိုတင်လုပ်ဆောင်ထားပြီး ပွင့်လင်းရာသီ စစချင်းတွင်ပင် ထိုးစစ်စတင်လာခြင်း ဖြစ်သည်။

အထူးသဖြင့် ထားဝယ်-မြိတ်- ကော့သောင်းကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးတစ်လျှောက်ရှိ ဆုံးရှုံးထားသည့် ဒေသများကို နယ်မြေစိုးမိုးမှု ပြန်ယူရန် စစ်ကောင်စီက အစီအမံချထားပုံရသည်။

ထိုကြောင့်လည်း တော်လှန်ရေးတပ်များ စိုးမိုးထိန်းချုပ်ထားသည့် ပြည်ထောင်စုလမ်းပေါ်ရှိ ပုလောမြို့နယ် တောင်ပိုင်းဒေသတစ်ခွင်ကို အောက်တိုဘာလ လလယ်ပိုင်းမှစကာ အင်အားရာပေါင်းများစွာ အသုံးပြုပြီး တန်ပြန်တိုက်စစ်ဖွင့်လာခြင်းဖြစ်သည်။

ပုလောဒေသက တော်လှန်ရေး

ယခုစစ်ကောင်စီ စစ်ကြောင်းထိုးနေသော ပုလာဒေသမှာ တော်လှန်ရေးအားကောင်းသည့် ဒေသတစ်ခုဖြစ်သည်။

ပုလော- မြိတ် ပြည်ထောင်စုလမ်းပေါ်ရှိ ကျေးရွာအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး စစ်ဆေးရေးဂိတ်အချို့ကိုပင် ဖွင့်လှစ်ထားကြသည်။

ပုလောမြို့နယ် တောင်ဘက်ပိုင်းရှိ ပလမြို့အထွက်မှ မီးလောင်ချောင်းရွာအဝင်အထိ လမ်းတစ်လျှောက်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားခြင်းဖြစ်သည်။

ပြည်ထောင်စုလမ်းပေါ်ရှိ ကြဲရွာ၊ တပို၊ ဇရပ်ဆိပ်၊ မိန်းမမြို့၊ ဘိုင်းပြင်၊ မင်းပြင် စသည့် ရွာတန်းရှည်တစ်လျှောက် ၁၂ မိုင်ကျော်အကွာအဝေးကို တော်လှန်ရေးတပ်များက စိုးမိုးထားနိုင်သည်။

ယင်းကြောင့်ပင် အဆိုပါဒေသကို စစ်ကောင်စီတပ်က ဖြတ်တောက်မှုများ လုပ်ထားပြီး ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ၊ လူသုံးကုန် သယ်ယူခွင့်ကို ကန့်သတ်ထိန်းချုပ်ထားသည်။

သို့သော်လည်း တော်လှန်ရေးအရှိန်ကျမသွားဘဲ အင်အားကောင်းကောင်းဖြင့် နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြသည်။

ယင်းဧရိယာမှာ ပြည်ထောင်စုလမ်းမပေါ်ရှိ တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် နယ်မြေများအနက် တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

အဆိုပါဒေသတွင် တောင်ပိုင်း၌တည်ရှိသည့် မီးလောင်ချောင်းရွာတွင် စစ်ကောင်စီတပ်စစ်ဆေးရေး ဂိတ်တစ်ခုရှိပြီး စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားသည်။

ရက်ရှည်တိုက်ပွဲ

ပွင်းလင်းရာသီအစ အောက်တိုဘာလလယ်တွင်မူ စစ်ကောင်စီက အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာခဲ့ပြီး နယ်မြေစိုးမိုးမှုများ ပြန်လည်ရယူလာသည်။

အောက်တိုဘာ ၁၄ ရက်နေ့မှစကာ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းများကို တော်လှန်ရေးတပ်များက လမ်းတစ်လျှောက်ခုခံတိုက်ခိုက်ရာ တိုက်ပွဲကြီး တိုက်ပွဲငယ်များက နေ့တိုင်းနီးပါးဖြစ်ပွားခဲ့သည်။

အောက်တိုဘာလ ၁၄ ရက်နေ့ညနေတွင် မီးလောင်ချောင်းရွာအနီးဝန်းကျင်၌ တိုက်ပွဲစတင်ခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့တွင်မူ ကြဲရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည်အထိ အရှိန်မြင့်လာသည်။

ကြဲရွာအနီးတွင် တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်ဆုတ်ရချိန်တွင် စစ်ကောင်စီတပ်က ရှေ့တိုးလာပြီး တပိုကျေးရွာတွင် နှစ်ရက်ခန့် တပ်စွဲထားလိုက်သည်။

ထိုနောက် တပိုရွာရှိ နေအိမ်တံခါးများကို ရိုက်ဖျက်ကာ တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားကြကြောင်း ဒေသခံများက ဆိုသည်။

ထိုနောက် ဇရပ်ဆိပ်ရွာဘက်ကို စစ်ကြောင်းဆက်ထိုးသွားပြီး ရွာထိပ်ရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲကာ ဇရပ်ဆိပ်၊ မိန်းမမြို့၊ ဘိုင်းပြင်၊ မင်းပြင် စသည့်ကျေးရွာများရှိ နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းများ ကား၊ ဆိုင်ကယ်အပြင် ဈေးဆိုင်များရှိ ပစ္စည်းများကို ပလမြို့ဘက်ကားဖြင့် တင်ဆောင်သွားကြသည်။

ထိုမှတစ်ဆင့် စစ်ကောင်စီတပ်စစ်ကြောင်းက သင်္ကန်းတောရွာတွင် တပ်စွဲထားပြီး အောက်တိုဘာလ ၂၆ ရက်နေ့တွင် သင်္ကန်းတော‌ရွာနေ အသက် ၃၀ ဝန်းကျင်အရွယ်အမျိုးသားနှင့် ကဒဲရွာနေ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမြင့်လွင် (ခ) ကိုကပ်ပကို ပစ်သတ်သွားခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်သားများက ကဒဲရွာဘက် စစ်ကြောင်းဆက်ထိုးကာ အရပ်သားသုံဦးကိုလည်း ဖမ်းဆီးကာ နေအိမ်အချို့က မီးရှို့ဖျက်ဆီးခဲ့သည်။ မီးလောင်သွားသည့် နေအိမ်အရေအတွက်ကိုမူ မသိရသေးပေ။

ကဒဲကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ ပြီး နောက်တစ်ရက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ပဝတ်ကုန်းရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် မိုင်းထိပြီး စစ်ကောင်စီတပ်သား အများအပြားထိခိုက်မှုရှိကာ သေဆုံးသွားသည့် စစ်ကောင်စီတပ်သားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းမှာ လက်ရှိအချိန်အထိ ရှိနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ပဝတ်ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျောင်းနိမ့်ရွာတွင် တိုက်ပွဲထပ်ဖြစ်ရာ စစ်ကောင်စီတပ်က ဗျူဟာမှူးတစ်ဦးသေဆုံးပြီး ထိခိုက်သေဆုံးမှုများပြားသည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။

သို့ရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ တော်လှန်ရေးတပ်များဘက်က တစ်စုံတရာ မထုတ်ပြန်သေးသလို Dawei Watch အနေဖြင့် သီးခြားအတည်မပြု နိုင်သေးပေ။

ထိုတိုက်ပွဲများအနက် ကြဲရွာအုပ်စုနှင့် စက်တော်ရာရွာတို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်အင်အား လူအင်အားအများအပြားဖြင့် အပြင်းအထန် စစ်ကြောင်းထိုးနေမှုကြောင့် တော်လှန်ရေးတပ်များက တဖြည်းဖြည်းဆုတ်ပေးလိုက်ရသည်။

လက်ရှိတန်ပြန်ထိုးစစ် စခဲ့သည့် ရက် ၂၀ ကျော်ကာလအတွင်း ပြည်ထောင်စုလမ်းတစ်လျှောက် တော်လှန်ရေးတပ်များ ထိန်းချုပ်ခဲ့သည့် ရွာစဉ်တန်းတစ်လျှောက်ကို စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှု ပြန်ယူသွားခဲ့သည်။

စစ်ရေးပြင်းထန်လာမည့် ပွင့်လင်းရာသီ

ပုလောဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှာ ယခင်နှင့်မတူသည့် အခြေအနေအချို့ကို တွေ့နေရသည်။

စစ်ကြောင်းထိုးရာတွင် အင်အားအများအပြားသုံးကာ စစ်ကြောင်းများခွဲပြီး ဝင်ရောက်လာသလို လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းပစ်ကူများကို ပေါင်းစပ်အသုံးပြုလာသည်။

ယင်းအပြင် ယခင်က စစ်ကြောင်းထိုးလာချိန်တွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးကာ နယ်မြေရှင်းလင်းသည့်ပုံစံ လုပ်ဆောင်ပြီးနောက် ပြန်ဆုတ်သွားလေ့ရှိသော်လည်း ယခုတွင် နယ်မြေစိုးမိုးရေးအတွက် အဓိကထားလုပ်ဆောင်လာသည်။

“အရင်တုန်းကဆိုရင် ရွာထဲကို စစ်ကြောင်းထိုးလာတယ်။ အိမ်တွေကို မီးရှို့တယ်။ ပြီးရင် လက်နက်ကြီး ပစ်ပြီးတော့ ပြန်ထွက်သွားတယ်ပေါ့လေ။ အခုကျတော့ အရင်စစ်ကြောင်းထိုးသလို မဟုတ်ဘဲနဲ့ ပြန်ထိန်းချုပ်နိုင်ဖို့ ဦးတည်တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကြောင်းထိုးပြီးချိန်တွင် စစ်ကြောင်းပါ စစ်ကောင်စီတပ်စိပ်၊ တပ်စုများကို ကျေးရွာလမ်း တစ်လျှောက် အထိုင်ချထားခဲ့ပြီး နယ်မြေစိုးမိုးရေးကို ရယူထားသည်။

ထို့အပြင် ရပ်ကျေးအုပ်ချုပ်ရေးကို ပြန်တည်ဆောက်လာပြီး စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ပတ်ရန် ကြိုးပမ်းလာသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအားကောင်းလာချိန် ယင်းဒေသဝန်းကျင်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားရပ်တန့်ကုန်ပြီး တော်လှန်ရေးအဖွဲ့ကပင် လွှမ်းမိုးအုပ်ချုပ်ထားခြင်း ဖြစ်သည်။

လက်ရှိတွင်မူ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ပြန်လည်နေရာယူထားသည့် ဧရိယာရှိ ဇရပ်ဆိပ်ရွာတွင် ဒေသခံရွာသားကို အုပ်ချုပ်ရေးမှူးခန့်ပြီး ရပ်ကျေးအုပ်ချုပ်ရေးစနစ်ကို ပြန်အသက်သွင်းလိုက်သည်။

အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က စစ်ကောင်စီတပ်နှင့် ပေါင်းပြီး စစ်ဘေးရှောင် ထွက်ပြေးနေသည့် ဒေသခံရွာသားများ နေအိမ်သို့ပြန်လာပြီး ခံဝန်ထိုးနေထိုင်ရန်နှင့် ခံဝန်ထိုးပြီး အိမ်များတွင် လူဦးရေစိစစ်ခြင်း၊ ဓာတ်ပုံမှတ်တမ်းရိုက်ခြင်းများ လုပ်ဆောင်လာသည်။

ယင်းအပြင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများက ပေါ်လိုက်ပျောက်လိုက်ပုံစံဖြင့် ရှိနေဆဲဖြစ်သည်။

ပုလောဒေသ စစ်ရေးအခြေအနေမှာ လက်ရှိအချိန်အထိ တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီက တနင်္သာရီတိုင်းတွင် နယ်မြေစိုးမိုးရေး ပြန်ရယူရန် ချမှတ်ထားသည့် အစီအမံများအတိုင်း ရှေ့ဆက်တိုးလာရန်ရှိနေသည်။

ပွင့်လင်းရာသီ စစ်ကောင်စီ၏ စစ်ဆင်ရေးများတွင် နယ်မြေစိုးမိုးမှု ပြန်ရယူရေးအတွက် လူအင်အား၊ လက်နက်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာမည့်အပြင် ဒရုန်းအသုံးပြု ထောက်လှမ်းခြင်းများလည်း ပြုလုပ်လာဖွယ်ရှိနေသည်။

စစ်ကောင်စီက ပွင့်လင်းရာသီ စစ်ဆင်ရေးအတွက် အချိန်ယူပြင်ဆင်မှုများ လုပ်ဆောင်ထားသဖြင့် လာမည့်လများတွင် တနင်္သာရီတိုင်းရှိ တော်လှန်ရေးအားကောင်းသော ဒေသများကို စစ်ကြောင်းထိုးဝင်ရောက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်။

ယင်းသို့ပင် တော်လှန်ရေးအဖွဲ့များကလည်း နောက်ဆုတ်ပေးလိုက်ရသည့် နယ်မြေများ ပြန်ရယူရန်နှင့် စစ်ကောင်စီထိုးစစ်ကို ဟန့်တားနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ရာ တနင်္သာရီတိုင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန် ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်းရှိနေသည်။