BREAKING
January 22, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

November 9, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ

စပိန်ရေဘေးကြောင့် သေဆုံးသူ ၂၀၀ ကျော်လာ

စပိန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ရေကြီးရေလျှံဖြစ်လာခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့အထိဆိုရင် သေဆုံးသူ အနည်းဆုံး ၂၁၉ ဦးအထိ ရှိလာခဲ့ပါတယ်။

နိုင်ငံအရှေ့ပိုင်းက ဗလန်စီယာဒေသ တစ်ခုထဲမှာတင် သေဆုံးသူ ၂၀၀ ကျော်ခဲ့တာပါ။

ပျောက်ဆုံးနေသူတွေလည်း ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က ဝင်ရောက်တဲ့ မုန်တိုင်းကြောင့် ပျက်စီးမှုတွေကနေ စပိန်နိုင်ငံမှာ လူသေဆုံးမှုတွေအထိ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

လမ်းတွေပေါ်မှာလည်း မော်တော်ကားတွေ၊ အပျက်အစီးတွေ ပုံနေခဲ့တာပါ။

လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး သောက်သုံးရေ မရတဲ့အပြင် ဖုန်း အဆက်အသွယ်လည်း ပြတ်တောက်ခဲ့ပါသေးတယ်။

Ref: AP

………………………………..

အစ္စရေးက ကုလသမဂ္ဂအေဂျင်စီနဲ့ အဆက်အသွယ်ဖြတ်

အစ္စရေးနိုင်ငံမှာ ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းမယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၄ ရက်နေ့က ကြေညာလိုက်ပါတယ်။

ကုလသမဂ္ဂအေဂျင်စီနဲ့ အဆက်ဖြတ်ပြီး နိုင်ငံတွင်းမှာ လုပ်ငန်းလုပ်ကိုင်ခွင့် တားမြစ်လိုက်တဲ့ ဥပဒေကို အစ္စရေးလွှတ်တော်က အတည်ပြုခဲ့တာပါ။

UNRWA လုပ်ငန်းတွေမှာ ဟားမတ်စ်တွေ ဝင်ရောက်နေတာကို ခိုင်မာတဲ့ အထောက်အထားတွေနဲ့ တင်ပြခဲ့ပေမဲ့ ကုလသမဂ္ဂက ပြုပြင်တာ မရှိဘူးလို့ အစ္စရေးဘက်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေးကို ဟားမတ်စ်တွေ ကျုးကျော်တိုက်ခိုက်ချိန်မှာ UNRWA ဝန်ထမ်းတွေ ပါဝင်တယ်လို့ အစ္စရေးဘက်က စွပ်စွဲထားတာပါ။

ဂါဇာဒေသမှာ အကူအညီ အထောက်အပံ့တွေကို UNRWA က အဓိကဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ကနေဒါမှာ ဟိန္ဒူဘုရားကျောင်း တိုက်ခိုက်ခံရ

ကနေဒါနိုင်ငံက ဟိန္ဒူ ဘုရားကျောင်းတစ်ခုကို ဆစ်ခ်ဘာသာရေး လှုပ်ရှားသူတွေက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက နိုဝင်ဘာလ ၄ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က တိုရွန်တိုမြို့ အနောက်မြောက်ဘက်က Brampton မြို့မှာ ဟိန္ဒူဘုရားကျောင်း အကြမ်းဖက် တိုက်ခိုက်ခံရတာပါ။

နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေတဲ့ကြားကနေ ဒီတိုက်ခိုက်မှုကြောင့် ဆက်ဆံရေး ပိုဆိုးရွာလာခဲ့ပါတယ်။

ဟိန္ဒူဘုရားကျောင်း တိုက်ခိုက်ခံရတဲ့ကိစ္စ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အိန္ဒိယဘက်က ဆိုပါတယ်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပျက်အောင် လုပ်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ဆိုတာပါ။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက ကနေဒါအစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို လေးစားပြီး တရားမျှတမှု ရှိအောင် ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက်ပိုင်း ကနေဒါရောက် ဟိန္ဒူတွေက ဆန္ဒပြခဲ့ကြပါတယ်။

Ref: The Guardian

………………………………..

ရုရှားရောက် မြောက်ကိုရီယားတပ်တွေ ပြန်ရုတ်သိမ်းဖို့ တောင်ကိုရီးယားနဲ့ ဥရောပသမဂ္ဂတောင်းဆို

ယူကရိန်းကို တိုက်နေတဲ့ ရုရှားနိုင်ငံကို စေလွှတ်ခဲ့တဲ့ မြောက်ကိုးရီးယား တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းဖို့ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂကနေ တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက‌နေ ရုရှားကို လက်နက်တွေ ကူညီ ထောက်ပံ့ပေးနေတဲ့အတွက်လည်း ပူးတွဲ ရှုတ်ချထားပါတယ်။

ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားကနေ စစ်တပ်တွေ စေလွှတ်ခဲ့တာနဲ့ပတ်သက်ပြီး စိုးရိမ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဥရောပသမဂ္ဂနဲ့ တောင်ကိုရီးယား အရာရှိတွေလည်း ဆိုးလ်မြို့တော်မှာ နိုဝင်ဘာလ ၄ ရက်နေ့က ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး ရုရှားကို မြောက်ကိုရီးယားက လက်နက်တွေ ဥပဒေမဲ့ ပေးပို့နေတာကို ရှုတ်ချပြီး ရုရှားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရပ်တန့်ဖို့နဲ့ ရုရှားကို စေလွှတ်ထားတဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းဖို့ ပူးတွဲ ကြေညာခဲ့ပါတယ်။

Ref: REUTERS

………………………………..

ဆီရီးယားရှိ ဟစ်ဘိုလာဌာနခွဲကို အစ္စရေးက လေကြောင်းတိုက်ခိုက်

ဆီးရီးယားနိုင်ငံ ဒါမာစကာမြို့တော်မှာရှိတဲ့ ဟစ်ဘိုလာအဖွဲ့ရဲ့ ထောက်လှမ်းရေးဌာနချုပ်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

ဆီးရီးယားမှာ တိုက်ခိုက်တာတွေနဲ့ ပက်သက်လို့ အစ္စရေး အာဏာပိုင်တွေက တရားဝင် ထုတ်ပြောလေ့မရှိပေမဲ့ ယခုတိုက်ခိုက်မှုကို ထုတ်ပြောလာတာပါ။

လက်ဘနွန်မှာရှိတဲ့ ဟစ်ဘိုလာတွေကို အစ္စရေးက စစ်ဆင်နေတဲ့အချိန် ဆီးရီးယားက ပစ်မှတ်တွေကိုလည်း ပိုပြီး အရှိန်မြှင့် တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာ အဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ကြေညာပါတယ်။

ဆီးရီးယား နိုင်ငံခြားရေးဌာနကတော့ ဒီတိုက်ခိုက်မှုဟာ မြို့တောင်ဘက် အရပ်သား ပြည်သူတွေ နေထိုင်နေတဲ့ နေရာတွေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။

Ref: Aljazeera

………………………………..

မြောက်ကိုရီးယားတပ်နဲ့ ယူကရိန်းတပ်ကြား တိုက်ပွဲဖြစ်

စစ်ပွဲတွင်းမှာ ရုရှားဘက်ကနေ ကူညီဖို့ စေလွှတ်ထားတဲ့ မြောက်ကိုရီးယား တပ်တွေနဲ့ ယူကရိန်းတပ်တွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သမ္မတ ဇလန်းစကီးက နိုဝင်ဘာလ ၅ ရက်နေ့က ပြောပါတယ်။

နှစ်ဖက်တပ်တွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့တာကို ပထမဆုံး တရားဝင် ထုတ်ဖော်ပြောဆိုလိုက်တာပါ။

မြောက်ကိုရီးယားတပ်သားတွေနဲ့ ပထမဆုံး တိုက်ပွဲ ဖြစ်ခဲ့တာက မတည်မငြိမ် ဖြစ်နေတဲ့ ကမ္ဘာကြီး အတွက် ပိုအန္တရာယ်ရှိလာနေတယ်လို့ ဇလန်းစကီးက ဆိုပါတယ်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးကလည်း မြောက်ကိုရီးယား တပ်သားတွေ ဝင်လာတာကို အတည်ပြုခဲ့ပြီး ယူကရိန်းနဲ့ မြောက်ကိုရီးယား တပ်သားတွေကြား အသေးစား တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါက နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အရှေ့အာရှ ဒေသက တပ်သားတွေ ဥရောပမှာ ပါဝင်တိုက်ခိုက်လာတာ ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

Ref: BBC

………………………………..

လက်ဘနွန်မြို့တော်ကို အစ္စရေး လေကြောင်းက တိုက်ခိုက်

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မြို့တောင်ပိုင်းက ပစ်မှတ်တွေကို နိုဝင်ဘာလ ၇ ရက်နေ့က အစ္စရေးကနေ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

ဘေရွတ်နိုင်ငံတကာလေဆိပ်နားကနေ ဘေးလွတ်ရာသွားကြဖို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီးနောက် လေဆိပ်နားကပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့တာပါ။

မြို့တော်မှာရှိတဲ့ ဟစ်ဘိုလာ စစ်သွေးကြွအဖွဲ့ရဲ့ ဌာနချုပ်တွေ၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။

အစ္စရေးစစ်တပ်ဟာ လက်ဘနွန်မှာ စစ်ဆင်နေသလို ဂါဇာဒေသမှာလည်း စစ်ဆင်ရေး တိုးမြှင့်နေတာပါ။

တိုက်ပွဲကြောင့် ဂါဇာဒေသမှာ လူပေါင်း တစ်သိန်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

ဂါဇာဒေသက ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂရဲ့ UNRWA အဖွဲ့ကို အစ္စရေးက ပိတ်ပင်ထားခဲ့ပါသေးတယ်။

ဒါကြောင့် ပါလက်စတိုင်းတွေအတွက် ကုလသမဂ္ဂ အကူအညီပေးနေတဲ့ လုပ်ငန်းတွေ ပြိုပျက်သွားမှာ စိုးရိမ်နေကြပါတယ်။

Ref: DW

………………………………..

အမေရိကန် ရွေးကောက်ပွဲ ဒေါ်နယ်ထရပ်အနိုင်ရ၊ ကယ်မလာဟဲရစ်က အရှုံးကို လက်ခံ

သမ္မတဟောင်း ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၆ ရက်နေ့ ရွေးကောက်ပွဲမှာ ဒုသမ္မတ ကယ်မလာဟဲရစ်ကို အနိုင်ရပြီး အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ဆက်မြောက် သမ္မတအဖြစ် အရွေးကောက်ခံလိုက်ရပါတယ်။

ထရမ့်က အနိုင်ရလို့ လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး သမ္မတအိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်တော့မှာပါ။

ဒုသမ္မတ ဟဲရစ်ကတော့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားပြီဆိုတာကို လူထုကို အသိပေးတဲ့ မိန့်ခွန်းကို ဝါရှင်တန်ဒီစီမှာရှိတဲ့ ဟောဝပ်တက္ကသိုလ်မှာ ပြောကြားခဲ့ပါတယ်။

ပြည်နယ် ကိုယ်စားလှယ်မဲ ၅၃၈ မဲထဲက အနိုင်ရရှိဖို့ အနည်းဆုံး မဲ ၂၇၀ လိုအပ်တာ ဖြစ်ပြီး ဒေါ်နယ်ထရမ့်က အနည်းဆုံး ၃၀၁ မဲနဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။

ထရမ့်ကတော့ ရွေးကောက်ပွဲ ကတိအတိုင်း သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်လည်ပို့ဆောင်သွားမယ်လို့ အနိုင်ရရှိတဲ့နေ့မှာပဲ ကြေညာခဲ့ပါတယ်။

Ref: CNN

………………………………..

ဖိလစ်ပိုင်က ပြင်သစ် ကင်းလှည့် အမြန်ရေယာဉ် ၄၀ ကို ဝယ်ယူမယ်

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ပြင်သစ်နိုင်ငံကနေ ကမ်းခြေစောင့် ကင်းလှည့်အမြန်ရေယာဉ် ၄၀ ကို ဝယ်ယူမယ်လို့ နိုဝင်ဘာလ ၇ ရက်‌နေ့က ပြောကြားလိုက်ပါတယ်။

တချို့ကိုတော့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ ထားသွားမယ်လို့ ဆိုတာပါ။

ဝယ်ယူထားတဲ့ သင်္ဘောတွေကို ၄ နှစ်အတွင်းမှာ စတင်ပို့ပေးသွားမယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရေယာဉ်အမျိုးအစားတွေကိုတော့ မပြောပြသေးဘဲ တန်ဖိုးအနေနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၄၁ သန်း ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်အပါအဝင် တခြားအိမ်နီးချင်းနိုင်ငံတွေက တောင်တရုတ်ပင်လယ်ထဲမှာရှိတဲ့ နေရာအတော်များများကို ပိုင်ဆိုင်မှုနဲ့ ပက်သက်လို့ ငြင်းပွားနေဆဲဖြစ်ပါတယ်။

Ref: Taipei Times

………………………………..