BREAKING
December 23, 2024

ထားဝယ်မြို့ပေါ်တွင် ကထိန်ပဒေသာပင် အရောင်းသွက်

November 9, 2024

ယခုနှစ် ကထိန်ရာသီတွင် ထားဝယ်မြို့ပေါ်ရှိ နိဗ္ဗာန်ကုန်ဆိုင်များတွင် ကထိန်ပဒေသာပင်များ ယမန်နှစ်ကထက်ပို၍ အရောင်းသွက်သည်ဟု နိဗ္ဗာန်ကုန်လုပ်ငန်းရှင်များထံက သိရသည်။

နယ်ဘက်တွင် ပဋိပက္ခများကြောင့် အလှူလုပ်ရန်ခက်သဖြင့် ကထိန်ခင်းအလှူပွဲများကို မြို့ပေါ်သို့ ရွှေ့ပြောင်းပြုလုပ်သူများလာသဖြင့် မြို့ပေါ်ရှိကထိန်များအတွက် ပဒေသာပင် ပိုရောင်းရသည်ဟု စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည် ။

ယင်းအပြင် တန်ဆောင်တိုင်ကာလအကြို မြို့တွင်းရပ်ကွက်များ၌ နှစ်ကျိပ်ရှစ်ဆူ ဘုရားပူဇော်ခံသည့်နေရာများလည်း ယခင်နှစ်ကထက် ပိုစည်ကားလာပြီး ကိုဗစ်မတိုင်မီကဲ့သို့ ပဒေသာပင်လှူဒါန်းသူများ ပြန်ရှိလာသဖြင့် ပဒေသာပင် အရောင်းသွက်နေခြင်းဖြစ်ကြောင်း နိဗ္ဗာန်ကုန်ရောင်းသူတို့ကဆိုသည်။

ပုံနှိပ်စက်ဖြင့်ထုတ်သည့် စက္ကူပဒေသာပင် ၊ ပန်းချီရေး စက္ကူပဒေသာပင်နှင့် အရုပ်ပုံပဒေသာပင် ဟူ၍ စျေးကွက်အတွင်း ဖြန့်ချိပြီး ယခုနှစ်တွင် သုံးမျိုးစလုံးအရောင်းသွက်သည်ဟု ဆိုကြသည်။

“ပဒေသာပင်လှူတာက အစဥ်အလာတစ်ခုဖြစ်နေတော့ အစဥ်အလာမပျက်လှူကြတယ်။ ဆိုင်မှာဆို အခုကထိန်ရာသီတောက်လျှောက် မနက်ကနေ ညအထိပဒေသာပင်ပဲ လုပ်နေရတယ်။ အခုနှစ်က အရင်နှစ်တွေကထက် ရောင်းအားပိုလာတယ်” ဟု ထားဝယ်မြို့ က နိဗ္ဗာန်ကုန်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ပဒေသာပင် ဒီဇိုင်းအသစ်များထုတ်၍ ဝယ်သူယူများအောင်လည်း ဆွဲဆောင်ရသည်ဟု ၎င်းကဆိုသည်။

ယခုနှစ်တွင် အရောင်းရအများဆုံး ပဒေသာပင် ဒီဇိုင်းမှာ ဒေါင်းရုပ်နှင့် စေတီပုံစံ ပဒေသာပင်ဖြစ်သည်ဟု လက်လုပ် ပဒေသာပင်ပြုလုပ်သူတစ်ဦးကပြောသည်။

“အခုကထိန်ရာသီထဲမှာ ကျွန်တော်တစ်ယောက်တည်းမှာတောင် အခုရေ ၆၀ ကျော်လုပ်ပြီးပြီ ၊ နောက်ထပ်အော်ဒါတွေလည်းရှိသေးတယ်။ မနှစ်ကထက်တော့ပိုလုပ်ရတယ် “ ဟု ၎င်းပြောပြသည်။

လက်လုပ် ပဒေသာပင် ပြုလုပ်ရာတွင် ကုန်ကြမ်းဖြစ်သည့် သစ်သားပုံး၊ စတေကာ ၊ ကတ္ထူစက္ကူ များသည် ယခင်နှစ်ကထက် စျေးတက်သဖြင့် ယခင်က ပဒေသာပင်တစ်ခုအတွက် ကုန်ကျငွေ ကျပ်တစ်သောင်းဝန်းကျင် ရှိရာမှ ယခုနှစ်တွင် တစ်ခုပြုလုပ်လျှင် ကျပ်နှစ်သောင်းနီးပါးကုန်ကျသည်ဟု ပဒေသာပင်ပြုလုပ်သူများထံကသိရသည်။

အလားတူ ပုံနှိပ်စက္ကူပဒေသာပင်နှင့် ပန်းချီရေးပဒေသာပင်များလည်း စျေးထက်ဝက်ခန့်တက်သည်ဟု နိဗ္ဗာန်ကုန်ဆိုင်များကဆိုကြသည်။

ထားဝယ်ဒေသတွင် ကထိန်အလှူပွဲများ ၊ နှစ်ကျိပ်ရှစ်ဆူဘုရား အပူဇော်ခံပွဲများ၌ ငွေသားများကို စက္ကူပဒေသာပင်သီ၍လည်းကောင်း ၊ အရုပ်ပုံပဒေသာပင်ပြုလုပ်၍လည်းကောင်း လှူဒါန်းလေ့ရှိကြသည်။