BREAKING
January 10, 2025

မြိတ်-ဘုတ်ပြင်းလမ်းမှ စစ်ကောင်စီဂိတ်များ အစစ်အဆေးများပြီး ပိုက်ဆံအတောင်းကြမ်းနေ

November 9, 2024

ပုံစာ - ဘုတ်ပြင်းမြို့အတွင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်(ပုံဟောင်း)

စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ပေါင်းများစွာရှိနေသည့် မြိတ်-ဘုတ်ပြင်းလမ်းတွင် ခရီးသည်တင်ဆောင်လာပါက အစစ်အဆေးကြမ်းပြီး ပိုက်ဆံအတောင်း ကြမ်းနေကြောင်း ယာဉ်မောင်းအချို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လဝန်းကျင်မှစကာ ထိုကဲ့သို့ အစစ်အဆေးတင်းကျပ်ပြီး ငွေကြေးတောင်းခံမှုများနေ၍ ကားသမားများက ခရီးသည်မတင်လိုဘဲ ကုန်ပစ္စည်းများသာ တင်လိုကြောင်း ကားသမားတစ်ဦးက ပြောသည်။

“ခရီးသည်ပါရင် ရစ်လို့မပြီးတော့ဘူး။ ဂိတ်ကြေးကလည်း အရင်ကထက် ပိုပေးရတယ်။ ခရီးသည်တွေကိုလည်း ဟိုမေးဒီမေးနဲ့ မပြီးနိုင်တော့ဘူး။ ခရီးအချိန်လည်း ကြန့်ကြာတယ်‌ ရောက်ရမယ့်အချိန် မရောက်ဘူး”ဟု ပြည်ကြီးမဏ္ဏိုင်မြို့နေ ကားသမားတစ်ဦးက ပြောသည်။

ကားပေါ်တွင် ခရီးသည်မပါက စစ်ဆေးရေးဂိတ်တစ်ခုလျှင် ကျပ်ငါးထောင်ခန့်သာပေးရပြီး ခရီးသည်ပါက ခရီးသည်အရေအတွက်အပေါ်မူတည်ကာ ကျပ်သောင်းချီ ပေးနေရကြောင်း ကားမောင်းသမားအချို့က ဆိုသည်။

စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်များကို ပေးရသည့်ငွေပမာဏမှာ ပုံမှန်မရှိဘဲ တာဝန်ကျစစ်ကောင်စီတပ်သားနှင့် ဆက်ဆံရေးပြေလည်မှုအပေါ် မူတည်ကာ ကွာခြားလေ့ရှိကြောင်း ၎င်းတို့က ပြောသည်။

ကားသမားများမှာ မြိတ်မြို့က စားသောက်ကုန်များ၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ ကျေးရွာ ကုန်စုံဆိုင်များ၏အမှာ ပစ္စည်းများကို ဟိုက်ဂျက်၊ လိုက်ထရပ်အမျိုးအစားကားများဖြင့် ဘုတ်ပြင်းမြို့နယ်အတွင်းသို့ သယ်ယူပို့ဆောင်ပေးရသည်။

ထို့အပြင် ဘုတ်ပြင်းမြို့နယ်ကထွက်သည့် ရော်ဘာ၊ကွမ်းသီး၊ရေထွက်ပစ္စည်းများ၊ထင်းနှင့် မီးသွေး စသည့်ဒေသထွက်ကုန် ပစ္စည်းများကို မြိတ်မြို့သို့ပြန်လည်ပို့ဆောင်ကြသည်။

မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့မှာ မိုင် ၁၄၀ ကျော်ကွာဝေးပြီး တနင်္သာရီမြို့နယ်နှင့် ပြည်ကြီးမဏ္ဏိုင်မြို့များကို ဖြတ်သန်းသွားလာရသည်။

“အရင်က ဘိတ်(မြိတ်) တက်ရင် ကိုယ့်ရွာက ကားနဲ့ပဲတက်ကြတယ်လေ။ အခုကျတော့ လူပါရင် လမ်းမှာအစစ်အဆေး များလို့ ကားသမားတွေ မခေါ်ဆောင်ကြတော့ဘူး” ဟု ပြည်ကြီးမဏ္ဌိုင်မြို့ မနိုးရုံးကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်မြို့အထွက်တွင်ရှိသည့် ကျောက်ဖြူတောင်၊ ပသောင်း၊ တုံးဗျောရွာနှင့် ဇဝဲရွာရှိ စစ်ကောင်စီတပ်စစ်ဆေးရေး ဂိတ်များအပြင် တနင်္သာရီတံတားစစ်ဆေးရေးဂိတ်တွင်လည်း အစစ်အဆေးများကြောင်း မြိတ်နှင့် ဘုတ်ပြင်းမြို့နယ်ကို မကြာခဏ သွားလာနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

လမ်းခရီးရှိ အခြားစစ်ကောင်စီစစ်ဆေး‌ရေးဂိတ်များတွင်မူ ငွေကြေးတောင်းခံသော်လည်း အစစ်အဆေးနည်းကြောင်း အထက်ပါ အမျိုးသမီးက‌‌ ပြောသည်။

ပြည်ကြီးမဏ္ဌိုင်မြို့နှင့် လေညာရွာကြားရှိ ရတနာပုံလမ်းဆုံတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည့်အတွက် အဆိုပါနေရာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိကြောင်း ခရီးသွားအချို့နှင့် ကားသမားများက ဆိုသည်။

“လေညာတံတားမှာဆို ဖုန်းတွေရောယူစစ်တယ်။ ဖုန်းထဲမှာရှိတဲ့ဟာတွေပါ အကုန်ဝင်ကြည့်တယ်”ဟု ပြည်ကြီးမဏ္ဌိုင်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ လမ်းခရီးတွင် တော်လှန်ရေးတပ်များ၏ စစ်ဆေးရေးဂိတ် ၅ ခုခန့် ရှိပြီး စေတနာရှိသလောက်ထည့်ဝင်ရန်သာ ပြောဆိုလေ့ရှိပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့မရှိကြောင်း ဒေသခံခရီးသွားများနှင့် ကားသမားများက ဆိုသည်။

တော်လှန်ရေးတပ် စစ်ဆေးရေးဂိတ်အချို့၏ အရှေ့တွင် အလှူခံဖလားထားရှိလေ့ရှိကြောင်း ၎င်းတို့က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်၊ကော့သောင်း ပြည်ထောင်စုလမ်းတ‌စ်လျှောက်တွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များအပြင် တော်လှန်ရေးတပ်များ၏ စစ်ဆေးရေးဂိတ်များလည်းရှိပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။