BREAKING
January 13, 2025

ရောင်းမော်ရွာက ရော်ဘာသွားခြစ်သည့် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ

November 9, 2023

ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာက အမျိုးသမီးတစ်ဦး ရော်ဘာခြစ်ရန်သွားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာလ ၈ ရက် နံနက် ၄ နာရီတွင် ရော်ဘာခြံသို့သွားစဉ် ရောင်းမော်ရွာ စာသင်ကျောင်းအနီးတွင် ပျူစောထီးတို့က သေနတ်ဖြင့် ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။

ပစ်ခတ်ခံရသူမှာ အသက် ၃၈ ခန့်ရှိ ဒေါ်ရီရီချိုဖြစ်ပြီး အလှူသွားရန်ရှိသဖြင့် ရော်ဘာခြစ်သွားရန် စောစော သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“အခု ပစ်ခံရတဲ့ စာသင်ကျောင်းက သူတို့အိမ်နဲ့ နီးနီးလေးပဲ။ ထိတာက ရင်ဘတ်မှာပဲ နှစ်ချက်လို့ပြောတယ်။ ထားဝယ်ဆေးရုံကြီးမှာ (ဆေးကုသမှုခံယူနေရတယ်) လို့ ပြောတယ်” ဟု ဒေါ်ရီရီချို၏ သူငယ်ချင်းဖြစ်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးရုံးခန်းမှာ ရောင်းမော်ရွာစာသင်ကျောင်းနှင့် ကပ်လျက်ဖွင့်ထားတာဖြစ်ပြီး ယင်းနေရာ အနီးတွင် ပစ်ခတ်ခံရသဖြင့် ပျူစောထီးအဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ် ကျေးရွာပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ဦးအေးဝင်း ပစ်ခတ်ခြင်း ဖြစ်သည်ဟုလည်း သတင်းထွက်နေကြောင်း ဒေသခံအချို့က ပြောဆိုသော်လည်း Dawei Watch က သီးခြား အတည်မပြုနိုင်သေးပေ။

ကျေးရွာတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားကြောင်း အထက်ပါဒေသခံအမျိုးသမီးက ပြောသည်။

လူမှားပြီးပစ်ခတ်မိသည်ဟု ပျူစောထီးအဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းက မိသားစုဝင်များကို ပြောဆိုခဲ့ကြောင်းလည်း ဒေသခံအချို့က ဆိုသည်။