BREAKING
January 20, 2025

ရော်ဘာအစေးရည်စျေးနှုန်း ပြုတ်ကျ

November 9, 2021

Dawei_Golden_Land_fb

ရာသီဖွင့်စက စျေးကောင်းခဲ့သည့် ရော်ဘာအစေးရည်စျေးနှုန်းမှာ လက်ရှိအချိန်တွင် တစ်ပေါင်လျှင် ၂၅၀ ကျပ်ကွာဟသွားပြီး စျေးကျသွားခဲ့သည်။

ရာသီစသည့် ယခုနှစ်အောက်တိုဘာလအတွင်းက ရော်ဘာအစေးရည်တစ်ပေါင် (Dry Rubber Content) လျှင် ၁၂၅၀ ကျပ် ပေါက်စျေးရှိပြီး လက်ရှိတွင် ကျပ်တစ်ထောင်သာ ရှိတော့သည်။

ငွေကြေးလဲလှယ်မှုနှုန်းထား၊ ငွေကြေးမူဝါဒ နှင့် ကမ္ဘာ့‌ရော်ဘာစျေး အနည်းငယ်ကျဆင်းနေခြင်းတို့ကြောင့် ရော်ဘာအစေးရည် စျေးနှုန်းကျသွားခြင်းဖြစ်ကြောင်း ထားဝယ်ရွှေပြည်အဆင့်မြင့်မှိုင်းခံစက်ရုံ မန်နေဂျာ ဦးဘိုဘိုက ဆိုသည်။

“ကမ္ဘာ့‌စျေးကွက်က နည်းနည်း(စျေး)လျော့ကျလာတာကလည်း တစ်ပိုင်းပေါ့ခင်ဗျား”ဟု ၎င်းက ပြောသည်။

၎င်းတို့စက်ရုံမှ တစ်ရက်လျှင် ပျမ်းမျှ ရော်ဘာအစေးရည် ပေါင်နှစ်သောင်းခွဲ နှင့် ပေါင်သုံးသောင်းကြား ဝယ်ယူနေကြောင်း ဦးဘိုဘိုက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ရာသီဖွင့်ဈေးမှာ ရော်ဘာစေးတစ်ပေါင်လျှင် ၇၅၀ ကျပ်ဝန်းကျင်ရှိပြီး ရာသီပိတ်ချိန်တွင် ၉၀၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။

ထားဝယ်‌ဒေသရှိ ရော်ဘာခြံပိုင်ရှင်အချို့မှာ ရော်ဘာအစေးရောင်းချခြင်းမရှိဘဲ ရော်ဘာပြားနှင့် ရော်ဘာချေး (ကော်ချီး)အဖြစ် ထုတ်လုပ်ရောင်းချသူများလည်း ရှိသည်။

ထားဝယ်မြို့နယ်တွင် ထားဝယ်ရွှေပြည်အဆင့်မြင့်မှိုင်းခံစက်ရုံနှင့် ထား၀ယ်နဂါးကုမ္ပဏီအပါအဝင် ရော်ဘာအ‌စေးဝယ်ယူသည့် စက်ရုံသုံးရုံရှိသည်။

ထားဝယ်ရွှေပြည်စက်ရုံက ကံပေါက်ဒေသ၊ ဧကနိရွာတစ်ဝိုက် ကမ်းရှေ့ကျေးရွာ၊ ကျိုက်ဖီလန် ၊ မဲအုန်းနှောက်ကျေးရွာ အစရှိသည့် ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများတွင်ခြံအရောက် သွားဝယ်ခဲ့သည်။

ထားဝယ်နဂါးကုမ္ပဏီကမူ ကံပေါက်ဒေသနှင့် ထားဝယ်အရှေ့တောဒေသတွင် ရော်ဘာခြံအရောက် ကားဖြင့်သွားဝယ်ကြောင်း သိရသည်။

ထိုသို့ ဝယ်ယူရာတွင် စက်ရုံတွင် လာရောင်းသည့်ဈေးနှုန်းနှင့် ခြံအရောက်ဝယ်ယူသည့် ဈေးနှုန်းမှာ ရော်ဘာဈေးတစ်ပေါင်လျှင် ၁၀ ကျပ်မှ ၂၀ ကျပ်ဝန်းကျင် ဈေးကွာကြောင်း ယင်းစက်ရုံတာဝန်ရှိသူများထံမှ သိရသည်။