BREAKING
October 16, 2024

ပင်လည်ဘူးမြို့ကို သိမ်းယူထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းပကဖ ထုတ်ပြန်

October 9, 2024

ဓာတ်ပုံ - စစ်ကိုင်းတိုင်း ပကဖ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချပြီး ထွက်ခွာသွားသဖြင့် မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ အောက်တိုဘာလ ၉ရက်တွင် ထုတ်ပြန်သည်။

ပင်လည်ဘူးမြို့ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်တွင် ပဉ္စမအကြိမ်မြောက်အဖြစ် စတင်တိုက်ခိုက်ခဲ့ပြီး ၅၃ ရက်အကြာ အောက်တိုဘာလ ၈ရက်တွင် မြို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အောက်တိုဘာလ ၇ရက်ညတွင် ရဲစခန်းနှင့် ပင်လည်ဘူးသို့ စစ်ကူရောက်ရှိနေသည့် ဘဏ်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် ဒဏ်ရာရရှိသူများသလို မိသားစုဝင်များတွင်လည်း ရိက္ခာပြတ်လပ်ခြင်းတို့ကြောင့် လက်နက်ချထွက်ခွာခွင့် တောင်းခံခဲ့ကြောင်း စစ်ကိုင်းတိုင်း ပကဖက ထုတ်ပြန်သည်။

ယင်းသို့တောင်းခံမှုကို ခွင့်ပြုလိုက်သဖြင့် အောက်တိုဘာလ ၈ရက် နံနက်ပိုင်းတွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဆိုသည်။

လက်နက်ချသူများကို ဝန်းသိုမြို့သို့ ထွက်ခွာခွင့်ပြုခဲ့ပြီး ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုမူ ဆက်လက် ထိန်းသိမ်းထားကြောင်း ဖော်ပြသည်။ ပင်လည်ဘူးတွင် စစ်ကောင်စီတပ်ရင်း လေးခုနှင့် ရဲတပ်ဖွဲ့တို့ရှိပြီး တိုက်ပွဲကာလ အတွင်း စစ်ကောင်စီတပ်ရင်း ၁၁ ခုက စစ်ကူလည်း လေးကြိမ်လာရောက်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေယာဉ်မျိုးစုံဖြင့် အကြိမ်ရေ ၁၃၀ ကျော် လာရောက်ဗုံးကြဲတိုက်ခိုက်ခံပြီး ပေါင် ၅၀၀၊ ၃၀၀၊ ၂၀၀ ဗုံးများအပါအဝင် ဗုံးအလုံးရေ သုံးထောင်ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်းလည်း စစ်ကိုင်းတိုင်း ပကဖက ဆိုသည်။

မြို့ကို အမှတ် (၁) စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ထိန်းချုပ်ပြီးနောက်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဆိုသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီထံမှ လက်နက် လေးရာကျော် သိမ်းဆည်းရမိပြီး စစ်ကောင်စီ ရဲစခန်းတွင်လည်း ဘိန်းဖြူခွက်ရေ ၈၀ခန့် သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုတို့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်လည်း ပထမအကြိမ် သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်သဖြင့် ရက်ပိုင်းအကြာတွင် ပြန်လည်လက်လွှတ်ခဲ့ရသည်။ ထို့ကြောင့် ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်မြောက် သိမ်းယူနိုင်ခြင်းဖြစ်လာသည်။