BREAKING
January 11, 2025

ဘန်လောရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

October 9, 2024

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ် ဘန်လောကျေးရွာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၈ ရက်‌ နေ့လယ် ၁၂နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အနောက်ဘန်လောကို ဒရုန်းဖြင့်ဗုံး ၁၀လုံးကြဲချတိုက်ခိုက်ခဲ့သလို အရှေ့ဘန်လောရွာထဲကိုလည်း ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အနောက်ဘန်လောဒေသခံ အသက် ၅၀အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“အဲဒီအဖွားက အိမ်မှာနေရင်း ဒရုန်းဗုံးသီးအစ လာထိသွားတာပါ။ ရှပ်ထိတာမျိုးဆိုတော့ ဒဏ်ရာက မစိုးရိမ်ရဘူး” ဟု ၎င်းက ပြောဆိုသည်။

ဗုံးချတိုက်ခိုက်မှုကြောင့် အခြားထိခိုက်ပျက်စီးမှုမရှိကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

အဆိုပါဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းကိုညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းနှင့် အရှေ့ဘန်လောရွာ ကြားရှိ ကျောက်ပုံတောင်စခန်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်များနှင့် နီးစပ်သူများက ဆိုသည်။

ထိုစခန်းတွင် ပြီးခဲ့သည့် ငါးရက်ခန့်က စစ်ကောင်စီတပ်သားများက ကတုတ်ကျင်းများတူးကာ စခန်းချထားကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ကလည်း အဆိုပါစခန်းကို ဒရုန်းဖြင့်တန်ပြန် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်နှင့် နီးစပ်သူက ပြောဆိုသည်။

ထိုကဲ့သို့ တန်ပြန်ဗုံးချတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသည်ဟုသိရပြီး အသေးစိတ်ကို မသိရေသေးကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှု အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းဖြင့်ပြန်လည်တိုက်ခိုက်သည့် အကြောင်းအရာများကို အသေးစိတ်မေးမြန်းနိုင်ရန် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ နှင့် စစ်ကြောင်း ၂တို့၏ ပြန်ကြားရေးတာဝန်ခံများကို ဆက်သွယ်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဗုံးချတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း မြင့်တက်နေသည်။

Dawei Watch က လက်လှမ်းမီသမျှ ပြုစုထားသည့် စာရင်းများအရ ပြီးခဲ့သည့် စက်တင်ဘာလတွင် တနင်္သာရီမြို့နယ် အတွင်း စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှု ခုနစ်ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား လေးဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် အနောက်မော်တုန်း ကျေးရွာနေ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့သည်။