BREAKING
January 11, 2025

ကံပေါက်တိုက်နယ် ကျေးရွာအချို့တွင် ရော်ဘာခြစ်လုပ်သားများနှင့် စစ်ရှောင်များ ထောက်ခံစာလုပ်ရ

October 9, 2024

ပုံစာ - ထွက်၀-ဖောင်းတောလမ်ပိုင်းက ရော်ဘာခြံများ (ပုံဟောင်း)။ ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖောင်းတောနှင့် သဲချောင်းကျေးရွာအုပ်စုများ၌ ယခုနှစ်ပွင့်လင်းရာသီတွင် အလုပ်လုပ်မည့် ရော်ဘာခြစ်လုပ်သားများ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများထံတွင် ထောက်ခံစာပြုလုပ်ရကြောင်း ဥယျာဥ်ခြံရှင်များထံမှ သိရသည်။

ဥယျာဥ်ခြံပိုင်ရှင်နှင့် အလုပ်လုပ်မည့် ရော်ဘာခြစ်လုပ်သားများ၏ အမည် ၊ မှတ်ပုံတင်အမှတ်နှင့် ဓာတ်ပုံ စသည့် အချက်အလက်များကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံပေး၍ ထောက်ခံစာ တစ်ချပ်ပြုလုပ်လျှင် ကျပ်နှစ်သောင်း ပေးရကြောင်း ၎င်းတို့က ဆိုသည်။

“သူတို့လာစစ်တဲ့အခါ ပြလို့ရအောင် ထောက်ခံစာလုပ်ခိုင်းတယ်။ ပြီးတော့ ဂိတ်တွေဖြတ်တဲ့အခါ စစ်ဆေးရင်ပြလို့ရအောင် လုပ်ခိုင်းတယ်။ အရင်က ဘာထောက်ခံစာမှ လုပ်ရတာမရှိခဲ့ဘူး” ဟု ဖောင်းတောရွာက ရော်ဘာခြံရှင်တစ်ဦးက ပြောသည်။

ကံပေါက်တိုက်နယ်ရှိ ဥယျာဥ်ခြံအများစုသည် ရော်ဘာခြံများဖြစ်ကြပြီး ရော်ဘာခြစ်ရာတွင် ကိုယ်တိုင်ခြစ်သည့် ခြံများရှိသလို အခြားဒေသမှ အလုပ်သမားများကို ခြစ်ခိုင်းသည့် ခြံများလည်းရှိသည်။

ရော်ဘာခြစ်လုပ်သားများအပြင် ဇာဒီကျေးရွာအုပ်စုဘက်မှ ဖောင်းတောရွာဘက်သို့ စစ်ဘေးရှောင်လာသည့် ရွာသားများ ကိုလည်း စစ်ဘေးရှောင်လာသူ မှန်ကန်ကြောင်းထောက်ခံစာ လုပ်ရကြောင်း စစ်ဘေးရှောင်ရွာသားများထံမှ သိရသည်။

“ရွာလူကြီး (ကျေးရွာအုပ်ချုပ်ရေးမှူးဆီ) က တစ်ချပ်၊ ရေတပ်က တစ်ချပ် ထောက်ခံစာယူရတယ်။ နှစ်ချပ်စလုံး နှစ်သောင်းပေးရတယ်။ အမှန်တကယ် စစ်ဘေးရှောင်နေတဲ့သူဖြစ်တယ်လို့ သက်သေခံလက်မှတ်ပုံစံမျိုးပါပဲ” ဟု စစ်ဘေးရှောင်လာသည့် ရွာသားတစ်ဦးက ပြောသည်။

ယင်းသို့ထောက်ခံစာယူရသည်မှာ အထက်ပါကျေးရွာအုပ်စု နှစ်ခုအတွင်းရှိ ကျေးရွာရှစ်ရွာထက်မနည်းတွင် ပြုလုပ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုနှစ် ဧပြီလက ဖောင်းတောရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီးကတည်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ခေတ္တတိမ်းရှောင်သွားပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းတွင် ပြန်လည်ရောက်ရှိလာကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းနောက် ထောက်ခံစာကိစ္စကို စီစဥ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ မောရဝတီရေတပ်ကလည်း ဖောင်းတောကျေးရွာအုပ်စုတွင် ပျူစောထီးသင်တန်းပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလက ဆောင်ရွက်ခဲ့သေးသည်။