အိမ်ဘေးနားက အဒေါ်တစ်ယောက်ဆုံးတဲ့အကြောင်း တစ်နေ့က အမေ ဖုန်းဆက်ပြောတယ်။ ကိုယ့်ငယ်ဘဝနေ့ရက်တွေထဲမှာ သူတို့အိမ်ဝင်းထဲက တလင်းပြင်မှာ ဘောလုံးကန်ဆော့ကစားခဲ့တာ ညနေပါင်းများစွာ။
“ဒေါ်ကြီး ‘….’တော့ သွားရှာပြီကွယ်”လို့ အမေက ပြောရင်း အဲဒီအဒေါ်ရဲ့ နောက်ဆုံးလများထဲက ကျန်းမာရေးအခြေအနေတွေအကြောင်းကို ပြောပြနေတယ်။
“အမေကတော့ ကျန်းမာရေးကောင်းပါသေးတယ်၊ အမေ့အတွက် ဘာမှပူမနေပါနဲ့…ဒါပေမဲ့”
ဒါပေမဲ့ဆိုတာရဲ့နောက်မှာ အမေ့အသံဟာ ရပ်သွားပါတယ်။
နေ့တိုင်းဆင်ခြင်ရမယ့် တရားငါးပါးထဲမှာ ‘သေခြင်းတရား’လည်းပါပေမဲ့ အခါများစွာ မေ့လျော့နေမိတတ်တာကလည်း စိတ်သဘာဝ။ ဒီသေခြင်းထဲမှာ ကိုယ်ကိုယ်တိုင်လည်း ပါသလို ချစ်ရခင်ရသူတွေလည်း ပါတယ်။ အမေလည်း ပါတာပေါ့။
လူ့ဘ၀ဇာတ်ကြောင်းတွေရဲ့ သက်ရောက်နိုင်စွမ်းကို အမေနဲ့စကားပြောနရင်း ပိုပြီး နားလည်လာရတာပါ။
ညကောင်းကင်ရဲ့အောက် ဝရန်တာမှာ ထိုင်နေရင်း ဘာမှန်းမသိရတဲ့ ခံစားမှုဟာ အကြိမ်များစွာ ရင်ဘတ်ထဲမှာ ရစ်ခွေ စီးဆင်းလို့နေခဲ့ဖူးပါတယ်။ အိမ်ပြန်ချင်တဲ့ အလွမ်းလား၊ ငယ်ဘဝကို ပြန်တမ်းတမှုလေလား၊ ကြမ္မာဆိုးတဲ့ မြန်မာပြည်အတွက် စိတ်ထိခိုက်နေတာလား၊ ကိုယ့်ဘဝကို ဒီထက်ပိုမလင်းပနိုင်လို့ ငိုင်နေတာလား၊ ဖြစ်ချင်တာတွေများပြားလွန်းလို့ မနိုင်ဝန်နဲ့အတူ စိတ်ဓာတ်ပြိုဆင်းနေတာလား၊ ဘာကြောင့်ရယ် မကွဲပြားနေပါဘူး။
ဖုန်းကို ဖွင့်၊ လူမှုကွန်ရက်ထဲကို ခုန်ဆင်းကြည့်တဲ့အခါ သတင်းတွေက တစ်ခုပြီးတစ်ခု မျက်စိအောက်ကနေ ဖြတ်ကျော်သွား။ ကမ္ဘာသတင်း၊ မြန်မာ့သတင်း၊ ဘယ်လိုသတင်းတွေကမှ ကျနော့ကို ဆွဲခေါ်နိုင်စွမ်း ရှိမနေတာကို ကိုယ့်ဘာသာ သတိထားမိပါတယ်။
လုပ်ငန်းခွင်ထဲ ဒါမှမဟုတ် လူမှုဆက်ဆံရေးနဲ့ဆက်စပ်တဲ့ ဗာဟီရကိစ္စတွေ၊ ဒါမှမဟုတ် သတင်းကွန်ရက်တွေထဲမှာ တစ်နေကုန် အာရုံနောက်ကျိခဲ့ပြီးတာဖြစ်ကြောင့် ဆက်ပြီးမခံစားနိုင်တော့တာရယ်လို့ လွယ်လွယ်ကောက်ချက်ချနိုင်ပါတယ်။ ဒီလိုဖြစ်တာဟာ ညဘက် အခန်းကို ပြန်ရောက်တဲ့အခါတွေတိုင်းလိုလို။
ဒီလိုဖြစ်တဲ့အခါတိုင်းလည်း ဝတ္ထုတစ်အုပ်ထဲက စာတစ်ပိုဒ်ကို လှမ်းပြီး သတိရမိတယ်။
“ကျနော် တီဗီကို မဖွင့်ဘဲ ထားလိုက်တယ်။ နောက်ဆုံးရ ညပိုင်းသတင်းတွေကိုလည်း မကြည့်ချင်တော့ဘူးပါဘူး။ သတင်းတွေဟာ ကျနော်တို့ ငယ်ငယ်တုန်းက ရေဒီယိုကနေ နားထောင်ခဲ့ရတာတွေနဲ့ ဘာမှ ထူးမခြားနားနေဘူး။ နိုင်ငံတစ်ခုက တခြားတစ်ခုကို ခြိမ်းခြောက်နေတယ်၊ တစ်ယောက်က တခြားတစ်ယောက်ကို သစ္စာမဲ့တယ်၊ စီးပွားရေးအခြေအနေတွေက ပိုဆိုးရွားလာနေတယ်၊ စိတ်အားထက်သန်မှုတွေ ကုန်ခန်းလာနေတယ်၊ နှစ်ပေါင်း ၅၀ လောက် ကြာညောင်းလာခဲ့ပေမဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းဟာ သဘောတူညီမှု မရသေးဘူး၊ နောက်ထပ်ဗုံးတစ်လုံး ပေါက်ကွဲတယ်၊ ဟာရီကိန်းမုန်တိုင်းကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့သွားတယ်၊ သတင်းတွေဟာ ဒီဟာတွေချည်းပါပဲ”
ဝတ္ထုထဲက ဇာတ်ကောင်ကို ကိုယ်ချင်းစာမိသလိုမျိုးနဲ့ အဲဒီစာသားတွေကို နောက်တစ်ကြိမ် ပြန်ဖတ်တယ်။
ဒီဝတ္ထုဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ထုတ်ဝေခဲ့တာ။ ဒီနေရာမှာ စာရေးဆရာရဲ့ ခြုံငုံမြင်နိုင်စွမ်းကဖြင့် သဘောကျစရာပါ။ သတင်းတွေဟာ သူ ကလေးတုန်းက နားထောင်ခဲ့ရတာတွေအတိုင်းပဲ၊ အခုကြီးလာတဲ့အထိ ပြောင်းလဲမသွားခဲ့ဘူး။
အခု နှစ် ၂၀ ထပ်ကြာလာတဲ့အချိန် ကျနော်တို့လက်ထက်မှာလည်း ပြောင်းလဲမနေသးပါဘူး။
ထပ်ခါတလဲလဲ မြင်တွေ့နေရတဲ့အခါ ငြီးငွေ့မှုဆိုတာ ဖြစ်လာတတ်တာ စိတ်သဘာဝပါပဲ။ ငြီးငွေ့စရာ အဖြစ်အပျက်သတင်းတွေကနေ ထွက်ပြေး၊ စိတ်ကြည်နူးစရာတွေထဲ ခေါင်းနှစ်ထားပြီး မြန်မာပြည်ရဲ့ အခြေအနေတွေကို မေ့လျာ့ထားရမှုမှာ နေသားကျသွားမှာကို ပူပန်မိလို့ စာတစ်ပုဒ်ကို ရေးခဲ့ဖူးပါတယ်။ ဒုက္ခတွေထဲမှာ နေသားကျသွားတဲ့အခါ၊ မလုံခြုံမှုတွေကို နေသားကျသွားတဲ့အခါ အနာဂတ်ဟာ မတွေးဝံ့စရာပါ။
အဲဒီနေ့ကတော့ အမေ ဘာကို ဆက်ပြောမယ်ဆိုတာ ကျနော် အနေနဲ့ သိသလိုလို ရှိပြီးသားပါပဲ။
ကျနော် အိမ်ကို ပြန်မရောက်နိုင်တာ သုံးနှစ်ကျော်ခဲ့ပြီ။ ဒီကာလတွေထဲမှာ အခြေအနေတွေက ပိုပြီးဆိုးရွား၊ ရှင်သန်ရမှုတွေက ပိုပြီးကျပ်တည်းခက်ခဲ။ ငယ်ဘဝက သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ တစ်ယောက်ပြီးတစ်ယောက် ရွာကနေ ထွက်ပြေး၊ ဘေးလွတ်ရာဆီမှာ တလွင့်တပြား ခိုလှုံနေကြရ။ ရပ်ထဲ၊ ရွာထဲက ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ လူကြီးသူမတွေ၊ လူငယ်တွေ ကိုဗစ်ရောဂါဘေးအပြင် စစ်ဘေးစစ်ဒဏ်နဲ့ လူမှုဒုက္ခသုက္ခဒဏ်တွေကြောင့် ကွယ်လွန်တိမ်းပါးခဲ့ကြတာတွေလည်း မနည်းတော့ဘူး။ တချို့တွေရဲ့ ခွဲခွာမှုက အခြေအနေအရဖြစ်ေပမဲ့ တချို့တွေကတော့ ထာဝရဖြစ်သွားခဲ့ပြီ။ ဒီလိုသတင်းတွေကို ကျနော် ကြားသိနေခဲ့ပါတယ်။
ဒီတော့လည်း အမေတစ်ယောက်အနေနဲ့ သားတစ်ယောက်ကို တွေ့လိုမြင်လိုဇောတွေ ဘယ်လောက်တောင် ကြီးမားနေလိမ့်မလဲဆိုတာကိုလည်း ကျနော် တွက်ဆနားလည်မိပါတယ်။
“ငါ့သားကို မှာထားမယ်နော်။ အမေသေရင်လည်း ပြန်မလာနဲ့” တဲ့။
အမေဟာ သူ့စကားတွေရဲ့ နောက်ကွယ်မှာ ရင်စည်းခံခဲ့ရတဲ့ဝေဒနာတွေကို မြှုပ်နှံထားခဲ့ပြီပဲ။ အမေ့အနေနဲ့ နာကျည်းမုန်းတီးတတ်သူ ဟုတ်မဟုတ် ကျနော် မသေချာပေမဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သိပ်ပြီး နာကျင်သွားခဲ့ပြီလားပါပဲ။ မခံမရပ်နိုင်တဲ့ နာကျင်မှုဟာ မာကျောမှုကို ဖြစ်စေသလား။ ပြန်မလာနဲ့လို့ အမေက ဆိုပေမဲ့ အဲဒီစကားရဲ့ကိုယ်ထဲမှာ အခုဖြစ်နေတဲ့အခြေအနေတွ ပြီးဆုံးမယ့်နေ့ကို မျှော်လင့်နေတဲ့ ဆန္ဒတွေ ဘယ်လောက်တောင် ပြင်းပြင်းပြပြကိန်းဝပ်နေမလဲဆိုတာ မြင်နိုင်ပါတယ်။
အင်္ဂလိပ်စကားအရ လူသားမျက်နှာ (Human Face) လို့ ခေါ်တဲ့ လူ့မှုဘဝ ဇာတ်ကြောင်း ရဲ့ အရေးပါမှုတွေအကြောင်း ကျနော်တို့ရဲ့ စကားဝိုင်းတွေထဲမှာ ခဏခဏ ပါလာလေ့ရှိပါတယ်။ ဆောင်းပါးတချို့မှာလည်း ထည့်ထည့်ပြီး ရေးဖြစ်ပါတယ်။
စစ်ပွဲတွေ၊ စစ်အောင်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ ဗုံးပေါက်ကွဲမှုတွေ၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ၊ မအောင်မြင်တဲ့၊ အပေါ်ယံဆန်တဲ့ စေ့စပ်ဆွေးနွေးမှုတွေ၊ ဒီလိုမျိုးအကြောင်းအရာတွေဟာ မဲပြာပုဆိုးတွေပါပဲ။
အဲဒီဖြစ်စဉ်တွေထဲကနေ လူသားမျက်နှာကို ဆွဲထုတ်ပြတဲ့အခါ မြင်ရကြားရသူတွေရဲ့ နှလုံးကို ခုန်လာစေတာပါ။ ငိုက်မြည်းနေတာကနေ လန့်ဖျပ်သွားစေတာပါ။
ရခိုင်က မိတ်ဆွေတစ်ဦးက မီဒီယာတွေကို ပြစ်တင်ဖူးတယ်။ တိုက်ပွဲတွေ အောင်နေပြီ၊ ဘယ်စခန်းတွေ သိမ်းနေပြီဆိုပြီး မီဒီယာတွေက ပြောကြတယ်။ လူတွေက အဲဒီလို အောင်လည်း မပျော်နိုင်ဘူးတဲ့။ ဘယ်မှာလဲ အောင်ပွဲကြားက လူထုအပျော်ပေါ့။
အထက်က ဝတ္ထုထဲက ဇာတ်ကောင်ဟာ ဇနီးသည်အိမ်ပေါ်ကနေ ရုတ်တရက်ဆင်းသွားလို့ သောကဗျာပါရပွေနေတာပါ။ ဒီလိုအခြေအနေထဲမှာ သူ့ကိုယ်ရေးကိစ္စက ရှေ့တန်းရောက်လာတာမို့ သတင်းတွေ ကြည့်ဖို့ရာ အချိန်မပေးနိုင်ပါဘူး။ ကျနော်တို့မှာလည်း နိစ္စဓူဝမှာ ပလိဗောဓတွေ ရှိနေကြပါတယ်။ ဒီလိုနဲ့ပဲ သတင်းတွေအပေါ် ပျင်းရိလာ၊ နိုင်ငံမှာ ဖြစ်နေတာတွေအပေါ် အာရုံလျော့လာ ဖြစ်နေတတ်ပါတယ်။
သတင်းဖော်ပြမှုအများအပြားထဲမှာ လူသားမျက်နှာကို တွေ့ရဖို့ကတော့ ရှားပါတယ်။ ဒီတော့လည်း သတင်းတွေကို စိတ်ကုန်မိတတ်ကြတာပါပဲ။ ဒါပေမဲ့လည်း လူသားမျက်နှာကို မီဒီယာတွေ ဆွဲထုတ်မဖော်ပြနိုင်တဲ့တိုင် ကိုယ်ကိုယ်တိုင်လည်း ရှာဖွေကြည့်၊ တူးဆွကြည့်နိုင်ပါလိမ့်မယ်။ အနည်းဆုံး မိခင်တွေဆီကဖြစ်ဖြစ်၊ မိသားစုတွေ၊ မိတ်ဆွေတွေဆီကနေ ဖြစ်ဖြစ်ပေါ့။
လူသားမျက်နှာကို မြင်တွေ့ရတဲ့အခါမှာတော့ ကျနော်တို့ ဘယ်လိုနေထိုင်ပြုမူမလဲဆိုပြီး စဉ်းစားသွားစေပါတယ်။ အနည်းဆုံး ကိုယ့်တစ်ကိုယ်ရည်အတွက်၊ ပိုပြီးကြီးကြီးကျယ်ကျယ်ဆိုရရင် တော်လှန်ရေးအတွက်ပေါ့။
ငြိမ့်လွင့်