BREAKING
January 11, 2025

ထားဝယ်အရှေ့တောဒေသတွင် အမျိုးသားသုံးဦးကို KTLA သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်

October 9, 2024

ပုံစာ - သတ်ဖြတ်ခံရသည့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းတို့ကို အောက်တိုဘာ ၈ ရက်နေ့တွင် သင်္ဂြိုဟ်နေစဉ်။

ထားဝယ်အရှေ့တောဒေသတွင် ကော်သူးလေတပ် KTLA က သတ်ဖြတ်ထားသည့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၈ ရက်က တွေ့ရှိကြောင်း ဒေသခံတို့က ပြောသည်။

အသတ်ခံရသူတို့မှာ ဦးဆန်နီ၊ ကိုသန်းကြွယ်၊ ဦးမြင့်လွင်တို့ဖြစ်ကြပြီး ထားဝယ်မြို့ဘက်မှ ပကာရီကျေးရွာဘက်သို့ ခဲဝယ်ယူရန် ရောက်ရှိလာကြသူများဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

‌အဆိုပါအမျိုးသားသုံးဦးသည် အောက်တိုဘာလ ၂ ရက်က ထားဝယ်အရှေ့တောဒေသ ပကာရီကျေးရွာသို့ ရောက်ရှိလာပြီး ထမင်းဆိုင်တစ်ဆိုင်တွင်ရှိနေချိန် KTLA ယူနီးဖောင်ဝတ်ဆင်ထားသူ နှစ်ဆယ်ခန့်က KTLA တံဆိပ်ပါသည့် ကားနှစ်စီးဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။

“KTLA တပ်မတစ်ခုက တပ်ရင်း ၃ က ရဲဘော်အယောက် နှစ်ဆယ်ကျော်လောက်ရှိမယ်။ ကားနှစ်စီးနဲ့လာပြီး ရွာထဲက လက်ဖက်ရည်ဆိုင်ထဲလာပြီး ယောင်္ကျားသုံးယောက်ကို ဖမ်းခေါ်သွားတယ်။ ယူနီဖောင်းမှာရော၊ ကားမှာရော KTLA တံဆိပ် တွေပါတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

အဖမ်းခံရသည့် အမျိုးသား သုံးဦးမှာ ခဲဝယ်ရောင်းရန် ရောက်လာသော်လည်း သံထည်ပစ္စည်းများကိုပါ ဝယ်ရောင်း လုပ်နေသဖြင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ဒေသခံတို့ကဆိုသည်။

ယင်းကဲ့သို့ဖမ်းဆီးသွားပြီးနောက် အောက်တိုဘာလ ၈ ရက်တွင် ပကာရီကျေးရွာနှင့် ရမ္မဇူးကျေးရွာကြား လမ်းပိုင်း တစ်နေ ရာ (ဒေသအခေါ် ဘုတ်ပြင်လမ်း) ၎င်းအရပ်သားသုံးဦးသတ်ဖြတ်ခံထားရသည်ကိုတွေ့ရှိရကြောင်း ဒေသခံတို့က ပြောဆို သည်။

ယင်လမ်းပိုင်းတွင် KTLA စစ်ဆေးရေးဂိတ်တစ်ခုရှိပြီး အလောင်းကိုလည်း ယင်းစစ်ဆေးရေးဂိတ်နှင့် မနီးမဝေးတွင် တွေ့ရှိကြောင်း ဒေသခံတို့က‌ ဆိုသည်။

”အလောင်းပုံစံတွေကို ကြည့်ရတာ ဖမ်းသွားတဲ့နေ့ကတည်းက သတ်လိုက်တာဖြစ်မယ်။ အလောင်းက ပုပ်ပွနေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

Dawei Watch ကရရှိထားသည့် ဓာတ်ပုံမှတ်တမ်းတွင်လည်း တောတွင်းတစ်နေရာတွင် မှောက်လျက်အနေထား ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းသုံးလောင်းကို တွေ့ရသည်။

အလောင်းတစ်လောင်းမှာ လက်နောက်ပြန်ကြိုးတုပ်လျက် အနေအထားတွေ့ရပြီး ဘေးနားတွင် ဘီးယာဗူးခွံအချို့ ပြန်ကြဲနေသည်။

အဆိုပါအမျိုးသားသုံးဦး အသတ်ခံရသည့်အမှုနှင့် ပတ်သတ်ပြီး KTLA တပ်ဖွဲ့ ဆာကပေါ (ကြယ်အလင်းရောင်) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းအား ဆက်သွယ်မေးမြန်းရာ ဆာကပေါတပ်ရင်း၊ တပ်ခွဲအသီးသီးသည် အဆိုပါ လူသတ်မှုတွင် ပါဝင်ပတ်သတ်ခြင်း မရှိကြောင်း ပြောဆိုသည်။

လူသတ်မှုဖြစ်ပွားသည့်နေရာမှာလည်း ဆာကပေါတပ်ဖွဲ့ဝင်တို့ တာဝန်ယူထားသည့်နေရာ မဟုတ်ကြောင်း ဆိုသည်။

“ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆာကပေါတပ်ရင်းရဲ့ တပ်ခွဲအသီးသီးကို ဆက်သွယ်တဲ့အခါမှာ ယင်းဖြစ်စဉ်နှင့် မိမိတို့ ဆာကပေါ တပ်ဖွဲ့ဝင်တွေ ပက်သက်မှု တစ်စုံတစ်ရာမရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ရဲဘော်ကိုချမ်းက ဆင်ဂနယ်ကတစ်ဆင့် စာရေးသာ ဖြေကြားသည်။

KTLA တပ်ဖွဲ့ တပ်ရင်း ၃ ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်ဒါးကေကမူ ပကာရီကျေးရွာအနီးက အရပ်သားသုံးဦးအား သတ်ဖြတ်မှုကို KTLA တပ်ရင်း (၃) က လုပ်ဆောင်ခြင်း မဟုတ်သည့်အပြင် မည်သည့်တပ်ရင်း၊ တပ်ဖွဲ့က လုပ်ဆောင်သည်လည်း မသိရသေးဟု ဆိုသည်။

“ဒါပေမဲ့ ကျွန်တော်တို့ တပ်ရင်း (၃) က လူတွေလုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နယ်မြေထဲမှာ ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့လည်း လိုက်ပြီးလေ့လာနေပါတယ်။ ဘယ်သူ၊ ဘယ်ဝါ ဘယ်တပ်ရင်းလည်း ဆိုတာကို” ဟု ဗိုလ်ဒါးကေက ပြောသည်။

အဆိုပါအမျိုးသားသုံးဦး သတ်ဖြတ်ခံရသည့် အကြောင်းအရင်းကို Dawei Watch က အတည်မပြုနိုင်သေးပေ။

အသတ်ခံရသည့်အမျိုးသားသုံးဦး၏ ရုပ်အလောင်းကိုလည်း မိသားစုထံသို့ သယ်ဆောင်ခွင့်မရတော့ဘဲ အသတ်ခံရသည့် နေရာတွင်ပင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။