BREAKING
January 11, 2025

နိုင်ငံခြားသားအလုပ်သမားများကို တောင်ကိုးရီးယား အပြိုင်ခေါ်

October 9, 2024

အတတ်ပညာလိုအပ်ချက်နိမ့်သော အလုပ်များမှအစ သင်္ဘောကျင်းလုပ်ငန်းများအဆုံး နိုင်ငံခြားသားအလုပ်သမားများကို ပိုမိုခေါ်ယူနိုင်ရေးတွက် တောင်ကိုရီးယားနိုင်ငံက တိုးမြှင့်ကြိုးစားလာနေသည်။

ဂျပန်နှင့် ထိုင်ဝမ်တို့ကလည်း နိုင်ငံခြားသားအလုပ်သမားများကို တိုးမြှင့်ခေါ်ယူနိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးစားကြလျက် ရှိသည်။

Mitsubishi RFJ Research and Consulting ၏ အချက်အလက်များအရ ၂၀၂၂ ခုနစ်တွင် တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားသားအခြေခံအလုပ်သမားများ ရရှိသော လခနှုန်းထားသည် ဂျပန်နှင့် ထိုင်ဝမ်မှာ ရရှိသော နိုင်ငံခြားသားအခြေခံအလုပ်သမားလစာထက် ပိုမြင့်သည်။

တောင်ကိုရီးယားအစိုးရသည် နိုင်ငံတကာမှ အရည်အချင်းရှိသူများကို ဆွဲဆောင်သည့်အနေဖြင့် နိုင်ငံခြားကျောင်းသားများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ အဆင့်မြင့်ဘွဲ့လက်မှတ်ကိုင်ဆောင်ထားသူများအား ယခင်ကထက် ပိုမိုတံခါးဖွင့်ပေးလာနေသည်။

နိုင်ငံခြားသားအခြေခံအလုပ်သမားများကို ရည်ရွယ်သည့် တောင်ကိုရီးယားအစိုးရ၏ Employment Permit System (အလုပ်လုပ်ခွင့်ပြုသည့်စနစ်)အရ နှစ်စဉ်ခေါ်ယူနိုင်သည့် နိုင်ငံခြားသားအလုပ်သမားအရေအတွက်ကို တိုးမြှင့်လိုက်သည်။

၂၀၂၁ ခုနှစ်တွင် နိုင်ငံခြားသားအခြေခံအလုပ်သမား ၅၀,၀၀၀ သာ ခေါ်ယူခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် အရေအတွက် ၁၆၅,၀၀၀ အထိ တိုးမြှင့်ခေါ်ယူလာခြင်း ဖြစ်သည်။

စားသောက်ဆိုင်၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့် ငါးမွေးမြူရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်မည့် နိုင်ငံခြားသားအခြေခံအလုပ်သမားများကို တိုးမြှင့်ခေါ်ယူနိုင်ရေးအတွက် ယခုကဲ့သို့ အရေအတွက် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

သစ်တောလုပ်ငန်းနှင့် တောမီးကာကွယ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်မည့် နိုင်ငံခြားအလုပ်သမားများသည် အခုနှစ် အောက်တိုဘာလမှ စတင်ပြီး တောင်ကိုရီးယားနိုင်ငံထဲ ဝင်ရောက်အလုပ်လုပ်ကိုင်ကြရတော့မည် ဖြစ်သည်။

တောင်ကိုရီးယားအစိုးရက တစ်နှစ်လျှင် သစ်တောအလုပ်သမားဦးရေ ၁၀၀၀ အထိ လက်ခံခေါ်ယူသွားတော့မည် ဖြစ်သည်။

အဆိုပါ တိုးမြှင့်ခေါ်ယူမှုကြောင့် ကျေးလက်ဒေသနှင့် တောင်တန်းဒေသများတွင် အလုပ်သမားရှားပါးမှု၌ပြဿနာကို လျှော့ချပေးနိုင်တော့မည်ဖြစ်ကြောင်း အစိုးရသတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

နိုင်ငံတွင်းအလုပ်သမားလိုအပ်ချက်အရ တောင်ကိုရီးယားအစိုးရသည် ၂၀၂၂ ခုနှစ်တွင် အလုပ်သမားဗီဇာကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။

ဂဟေဆော်အလုပ်သမားများ ၊ ဆေးသုတ်သမားများနှင့် သင်္ဘောနှင့်သက်ဆိုင်သည့် နိုင်ငံခြားသားအလုပ်သမားများကို ပိုမိုခေါ်ယူနိုင်ရန် အစိုးရဘက်က ရည်ရွယ်သည်။

အလုပ်သမားရှားပါးမှုနှင့် ကြုံတွေ့နေရသော်လည်း တောင်ကိုရီးယားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် မြင့်မားနေဆဲ ဖြစ်သည်။ ငယ်ရွယ်သည့် အလုပ်သမားများသည် အလုပ်အာမခံချက် မတည်ငြိမ်သည့် ပြဿနာနှင့် ကြုံတွေ့နေရသည်။

“တောင်ကိုရီးယားနိုင်ငံသားတွေ အလုပ်ရဖို့ကို ဦးစားပေးနေသလို ပုံမှန်ဆို ကိုရီးယားပြည်တွင်းအလုပ်သမားတွေ မလုပ်ချင်တဲ့ နေရာတွေမှာ လုပ်ကိုင်ဖို့အတွက် အလုပ်ကြိုးစားလိုစိတ်ရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ကျွန်တော်တို့ တက်တက်ကြွကြွ အလုပ်နေရာပေးသင့်ပါတယ်” ဟု တောင်ကိုရီးယားဝန်ကြီးချုပ် Han Duck-soo က ပြောခဲ့သည်။

၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားသားဦးရေသည် တောင်ကိုရီးယားလူဦး‌ရေ၏ ၃.၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၄၂ ခုနှစ်တွင် ၅.၇ ရာခိုင်နှုန်းအထိ ရှိလာလိမ့်မည်ဟု တောင်ကိုရီးယားအစိုးရ စာရင်းအင်းအချက်အလက်ဗျူရိုက ပြောသည်။

Ref: Nikkei Asia