BREAKING
October 16, 2024

မဟာချိုင်တွင် မြန်မာထုတ်ပစ္စည်းများ တရားမဝင်တင်သွင်းရောင်းနေသော ဆိုင်နှစ်ဆိုင် ဖမ်းဆီးခံရ

October 9, 2024

ပုံစာ - စမွတ်စခွန်မြို့တွင် မြန်မာပစ္စည်းဆိုင်ကို အောက်တိုဘာလ ၇ရက်နေ့က ဝင်ရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ - ထိုင်း FDA

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် မြန်မာနိုင်ငံထုတ် ပစ္စည်းများကို တရားမဝင်တင်သွင်းရောင်းချနေသော ဈေးဆိုင်နှစ်ဆိုင်ကို အောက်တိုဘာလ ၇ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်ထားပြီး ထိုင်းနိုင်ငံသို့ မှောင်ခိုတင်သွင်းထားသော ပစ္စည်းပေါင်း ၁၆၀၀၀ ကျော်ကို ဆိုင်နှစ်ဆိုင် ထဲက သိမ်းဆည်းရမိထားကြောင်း ထိုင်း FDA (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန) ၏ ထုတ်ပြန်ထားသည်။

သိမ်းဆည်းရမိသော ပစ္စည်းများတွင် အစားအသောက်များ၊ ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် အခြားပစ္စည်းများစွာ ပါဝင်နေပြီး အားလုံးသည် မှောင်ခိုတင်သွင်းထားပြီး တရားဝင် မှတ်ပုံတင်ခြင်း မရှိထားကြောင်း ဆိုသည်။

ဝင်ရောက်ဖမ်းဆီးခဲ့သော ဆိုင်များမှာ ဂျိမ်း အမည်ရ ဆိုင်နှင့် ပရာမူကန်ခ အမည်ရဆိုင်တို့ဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါဆိုင်နှစ်ဆိုင်မှာ မြန်မာနိုင်ငံသားများ ရောင်းချနေသည့်ဆိုင် ဟုတ်မဟုတ် သတင်းတွင် ဖော်ပြထားခြင်း မတွေ့ရပေ။

ဂျိမ်းဆိုင်ထဲတွင် ထိုင်းဘာသာဖြင့် ရေးသားထားခြင်းမရှိသော မြန်မာအစားအသောက်ပစ္စည်းပေါင်း ၅၅၀၀ ကျော်၊ ဆေးဝါး ၂၄၀၀ ကျော်၊ အလှကုန်ပစ္စည်းပေါင်း ၈၀၀ ကျော်၊ လက်ဖက်နှင့် ဆေးဖက်ဝင်ပစ္စည်းပေါင်း ၅၄၀၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ပရာမူကန်ခဆိုင်ထဲတွင် အဆီကျစေသော ပစ္စည်းများ ၁၃၀၀ ကျော်၊ ဆေးဝါး ၁၃၀ ကျော်၊ အလှကုန်ပစ္စည်းပေါင်း ၂၉ ခုနှင့် လက်ဖက်နှင့် ဆေးဖက်ဝင်ပစ္စည်းပေါင်း ၃၈၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း ရေးသားထားသည်။

တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော ပစ္စည်းများကို လက်ဝယ်ပိုင်ဆိုင်သူများနှင့် ရောင်းချနေသူများသည် ဒဏ်ငွေ ဘတ် ငါးထောင်မှ သုံးသိန်းအထိ ကျခံရနိုင်ပြီး ထောင်ဒဏ် သုံးလမှ သုံးနှစ်အထိ ကျခံရနိုင်ကြောင်း သတင်းတွင်ဖော်ပြသည်။

ထိုင်း FDA ကလည်း တရားမဝင် ပစ္စည်းရောင်းချနေသူများကို ဆက်တိုက်ရှာဖွေစစ်ဆေးသွားမည်ဟု ဆိုထားကြောင်း သတင်းတွင် ရေးသားထားသည်။