BREAKING
March 5, 2025

စစ်ကြောင်းထိုးနေသောကြောင့် ရေဖြူနှင့် လောင်းလုံး ဒေသခံထောင်ချီထွက်ပြေးနေရ

October 9, 2023

ရေဖြူမြို့အနောက်ဘက်ကမ်းက ကျေးရွာများနှင့် လောင်းလုံးမြို့ အနောက်မြောက်ဘက်က ကျေးရွာများကို ယနေ့ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသောကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေကြရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ရေဖြူမြို့အ‌နောက်ဘက်ကမ်းရှိ သဗြေဇွန်း၊ မင်းဒပ်၊ ပုဂေါဇွန်း‌ ကျေးရွာများဘက်ကို စစ်ကြောင်းတစ်ကြောင်းနှင့် လောင်းလုံးမြို့နယ်ရှိ ‌စခန်းကြီးကျေးရွာအုပ်စုထဲက ကျေးရွာများဘက်ကို တစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

“လက်ကြီးသုံးချက်ပစ်တယ်။ ဒေသခံတွေကတော့ ထွက်ပြေးတဲ့သူတွေ ပြေး။ နေတဲ့သူတွေ နေကျန်ခဲ့တာပဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

‌ရေဖြူအနောက်ဘက်ကမ်းရှိ သဗြေဇွန်း၊ ပုဂေါဇွန်းရွာသားများ အဖမ်းခံထားရကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဖမ်းဆီးခံထားရသည့် ဒေသခံ အရေအတွက်နှင့် အခြေအနေအသေးစိတ်ကို Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်ကနေ အောက်တိုဘာ ၃ ရက်နေ့ထိ ရေဖြူမြို့၏ အနောက်ဘက်ကမ်းက ကျေးရွာတွေကို ၁၃ရက်ကြာ စစ်ကြောင်းထိုးခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရသေးသည်။

စစ်ကြောင်း မရှိတော့သဖြင့် အိမ်ပြန်လာချိန် စစ်ကြောင်း ပြန်ဝင်လာသဖြင့် ထပ်မံထွက်ပြေးနေရကြောင်း ခမောင်းချောင်းရွာသားတစ်ဦးက ပြောဆိုသည်။

“အိမ်ပြန်လာတာ ရက်ပိုင်းပဲရှိသေး။ အခုထွက်ပြေးနေရပြန်ပါပြီ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ပထမအကြိမ် စစ်ကြောင်းထိုးသည့် ၁၃ ရက်အတွင်း အရပ်သားတစ်ဦးနှင့် PDF တပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း ကျဆုံးခဲ့ပြီး PDF တပ်စခန်း လေးခုထက်မနည်း သိမ်းဆည်းခံခဲ့ရသည်။