BREAKING
December 26, 2024

ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲကြောင့် သေဆုံးသူ ၁၁၀၀ ကျော်ရှိလာ

October 9, 2023

ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွအဖွဲ့က အစ္စရေးဘက်ကို ရော့ကတ်ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး အစ္စရေးဘက်ကလည်း ပြန်လည်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံဘက်တွင် သေဆုံးသူ ၇၀၀ ကျော်ရှိလာပြီး ယင်းအရေအတွက်သည် ၁၉၄၈ ခုနှစ်နောက်ပိုင်း နိုင်ငံအတွင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးမှုများတွင် အများဆုံးဖြစ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

တိုက်ပွဲကြောင့် အစ္စရေးပြည်သူ ၂၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ပါလက်စတိုင်း ဟားမတ်စ်လက်ထဲတွင် အမျိုးသမီးများနှင့် ကလေးများအပါအဝင် အစ္စရေး ၁၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း‌ ဖော်ပြထားသည်။

အစ္စရေးဘက်ကလည်း ဂါဇာဒေသကို လေကြောင်းမှပြန်လည်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၇၈ ဦးအပါအဝင် ပါလက်စတိုင်း ၄၁၃ ဦးသေဆုံးခဲ့ပြီး ၂၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုသည် ဂါဇာဒေသရှိ ဟားမတ်စ်နေအိမ်များ၊ ဗလီများ၊ လှိုင်ခေါင်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အစ္စရေးထိခိုက်ခံစားရသလို ပြန်လည်ခံစားရမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က ဆိုထားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၁၂၃၀၀၀ ကျော် နေရပ်တိမ်းရှောင်ခဲ့ရပြီး ၇၃၀၀၀ ကျော်သည် စာသင်ကျောင်းများတွင် ခိုလှုံနေရကာ လူသားချင်စာနာမှုလမ်ကြောင်း ဖွင့်လှစ်နိုင်ရန် ကုလသမဂ္ဂက တောင်းဆိုထားသည်။

အမေရိကန်ပြည်ထောင်စုကလည်း အစ္စရေးကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် လေယာဉ်တင် စစ်သင်္ဘော USS Gerald R. Ford ကို မြေထဲပင်လယ် အရှေ့ပိုင်း အစ္စရေးနိုင်ငံအနီးသို့ပို့ဆောင်ခဲ့ပြီး လက်နက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ဂျူးလူမျိုးများ၏ အားလပ်ရက်အတွင်း စတင်ခဲ့သော တိုက်ခိုက်မှုသည် နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ဆိုသည်။

လက်ရှိအချိန်တွင် အစ္စရေးပြည်သူအများစုသည် ၎င်းတို့၏ ချစ်ခင်ရသူများ သေဆုံးလား အသက်ရှင်နေသေးလားပင် မသိရှိရသေးပေ။

အစ္စရေးဝန်ကြီးချုပ်က ဂါဇာအနေဖြင့် ၎င်းတို့၏ မျိုးဆက်များအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရမည်ဖြစ်ကြောင်း ဆိုထားသည်။

တိုက်ပွဲကြောင့် အစ္စရေးတွင် လုပ်ကိုင်နေသော ထိုင်းနိုင်ငံသား ၁၂ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဖမ်းဆီးခံထားရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

အစ္စရေးရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာရှိလျှင်နှင့် နေရပ်ပြန်လိုပါက အစ္စရေး တဲလ်အဗီးမြို့ မြန်မာသံရုံးသို့ ဆက်သွယ်နိုင်ကြောင်း ကြေညာထားသည်။

Ref: REUTERS, BBC, AFP