အပိုင်း – ၁
ဇွန် ၁၆ ၊ ၂၀၁၇။
ည ၉ နာရီ မရှိတရှိ။
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်မှ သစ်စက်တစ်နေရာ….။
အထောက်အထားမဲ့ ခိုးဝင်ထားဝယ်အလုပ်သမားတစ်ဦး အဖော်မဲ့ တိတ်ဆိတ်စွာ ထိုင်နေသည်။ မွေးရပ်မြေ၏ အဝေးတစ်နေရာ ရေခြားမြေခြား၌ ဘဝတွင် ရင်မဆိုင်ဖူးသည့် တစုံတရာအတွက် ထိန်းချုပ်မရစွာ သူ ရင်ခုန်နေမိ၏။
သည်ည ကုန်လွန်သွားပြီးနောက် ရောက်လာမည့် မနက်ဖြန်သည် တနေ့ သူ ရင်ဆိုင်ရလိမ့်မည်ဟု ဝေးလံသော အတိတ်ကာလတခုမှစ၍ သူ ကြိုတင်မျှော်လင့်ထားခဲ့သည့်နေ့။
အနောက်ကမ္ဘာမှ အင်္ဂလန်ကျွန်းသားများ ပြောလေ့ ရှိသည့် စကားအတိုင်း….ဒေး အော့ဗ် ဿ ဒေးဇ်၊ Day of the days…။
မဆုံးနိုင်သည့် မိုးသားကောင်းကင်ထဲ အထီးကျန် သေးသိမ်စွာ မော့ကြည့်မိသည်။ ဆယ်တန်းအောင်စာရင်း မနက်ဖြန် ထွက်မည်။
ဆယ်တန်းအောင်စာရင်းထွက်ခြင်းက သူ့အဖို့ သည်နေ့လည်း ဖြစ်နိုင်သည်။ မနက်ဖြန်လည်း ဖြစ်နိုင်သည်။ သို့သော် မြန်မာပြည်တွင် ဆယ်တန်းအောင်စာရင်းထွက်ခြင်းက ထိုင်းနိုင်ငံ သစ်စက်ထဲမှ သူ့လို အထောက်အထားမဲ့ ခိုးဝင် အလုပ်သမားတစ်ယောက်နှင့် ဘာဆိုင်သနည်း။ သူ ထိုင်နေသည့်နေရာမှ မလှမ်းမကမ်းကို ရည်ရွယ်ချက်မဲ့ ငေးလိုက်သည်။ ရှုပ်ယှက်ခတ်စွာ ပုံထပ်ထားသည့် သစ်တုံးများ….။
တကယ်တမ်း ပိုရှုပ်ထွေးနေသည်က သူ့ခေါင်းထဲက ကြိုးပြတ်လေတံခွန်လို အတွေးများ….။
တစ်စုံတစ်ရာအတွက် လူတစ်ယောက်ရင်ခုန်နေသည် ဆိုရာတွင် ရင်သည် ပေါ့ပါးနေ၍သာ ခုန်ရလိမ့်မည်ဟု ကတ်သီးကတ်သတ် သူ တွေးဖူးသည်။
သည်ညမှာ ရင်ဘတ်ထဲ ခဲဆွဲထားသလို လေးလံနေသည်။ တချိန်တည်းမှာပဲ သူ့ရင်က ထူးထူးခြားခြား ခုန်နေသည်။ သူ့မှာ ဘာကြောင့် ရင်ခုန်နေရသနည်း။
စာသင် ခန်း နှင့် ဆက်စပ်ရာ အစအန ရှာမရသည့် သည်လိုနေရာမျိုးတွင် ဗမာပြည်တွင် ဆယ်တန်းအောင်စာရင်းထွက်ခြင်းအပေါ် သူ ဘာကြောင့် ရင်ခုန်အထီးကျန်နေရသနည်း။
သစ်စက်ထဲမှ မီးရောင်အောက်တွင် တကိုယ်တည်း တိတ်ဆိတ်စွာ ထိုင်ရင်း စူရတ်ဌာနီည၏ ကောင်းကင်ကို မော့ကြည့်မိသည်။ ဟိုး…အဝေး ကောင်းကင်မှာ မြင်နေရသည့် ကြယ်များ…။
မြန်မာပြည်က သူငယ်ချင်းတွေရော ကြယ်တွေကို ငေးနေမှာလား။
ညသည် မယုံနိုင်စွာ ထူးခြားလှပ….။
စိတ်သည် လောကကို ဖန်ဆင်းကြောင်း လွန်ခဲ့သည့်အနှစ် နှစ်ထောင်ကျော်မှ အိန္ဒိယသားတစ်ဦးက ဆိုဖူးသည်။
စိတ်ဓာတ်တည်ငြိမ်သော အနှီအိန္ဒိယသား ပြောသည့်စကား မှန်သည်ဟု သူ ထင်သည်။
သို့သော် သူက ထားဝယ်သား။ ကွက်လပ်ဆန်ဆန် လစ်ဟာနေသည့် နှလုံးသားကို ပိုင်ဆိုင်ရသူ ထားဝယ်သား။ အပြင်ကမ္ဘာမှာ လန်းဆန်းပေါ့ပါးနေသည့် ညဝန်းကျင်..။
ထိုအရာနှင့် ဆန့်ကျင်စွာ သူ ရောက်ရှိနေသည့် တကိုယ်ရေကမ္ဘာ၏ ရင်ဘတ်ကို ခဲဆွဲထားသလို လေးလံခြင်း။ အနှီအိန္ဒိယသားစကား မှန်ပါပေသည်။
သူ အခု အသက်ရှူနေရသည့် သည်ည၏ လေထုမျိုး သူ့ ဘဝတွင် အတော်ရှား၏။ မြန်မာပြည်ပြန်သွားပြီးနောက် သူ တိုးဝင်ရုန်းကန်ရမည့် သူ့ဘဝအရာအားလုံး၏ အစ….။
နောက်ပိုင်း သူ့ဘဝ လူငယ်နေ့ရက်များအကြား ခြစ်ထုတ်ခွာချမရနိုင်တော့သည့် အိပ်ရေးပျက်ညများ…။ အရာရာသည် သည်ညမှာပင် စခဲ့သည်။
သူ့ခေါင်းထဲ ရှုပ်ယှက်ခတ်နေသည့် စကားသံများ….။ အပြင်လူတစ်ယောက် မကြားနိုင်သည့် တုန်နှုန်းမဲ့စကားသံများ သူ့အာရုံထဲ ခုန်ပေါက်ပြေးလွှားနေသည်။ သူ နှလုံးခုန်နေခိုက် ပစ္စုပ္ပန်က ဆန်းကြယ်ပေစွ။ သေလိုက်ရှင်လိုက် ဖြစ်နေသော စက္ကန့်များ…။
သည်တရက်ထဲ သက်ပြင်းဘယ်နှကြိမ်ချမိခဲ့ပြီလဲ သူ မသိတော့။ ကောင်းကင်မှ အကြည့်ကို ခွာကာ မြေကြီးကို ခေါင်းငုံ့ကြည့်ရင်း သက်ပြင်းတစ်ချက် အရှိုက်မှာ ဖော်ပြရန်မလွယ်သည့် ရင်ထဲက ဝေဒနာ…။
“ဒီညမှာ လောကကြီးထဲ ကိုယ့်အပေါ် တကယ်နားလည်နိုင်သူ တစ်ယောက်မျှမရှိပါလား”ဆိုသည့် ခံစားချက်က လူငယ်တစ်ယောက်ကို တိတ်ဆိတ်သွား စေနိုင်ခဲ့သည်။ ထိုညက မြင်လိုက်ရသည့် ကြယ်များ၏ နောက်ခံ ပန်းချီကား။
စူရတ်ဌာနီကောင်းကင်အောက်တွင် သူ သိမ်ငယ်စွာ ရပ်တန့်တိတ်ဆိတ်နေခဲ့မိသည်။
လွမ်းတတ်သူ တစ်ယောက်၏ နှလုံးအိမ်ထဲက အထီးကျန် အတိတ်လွမ်းဝေဒနာ…။
အတိတ်မှာ ကျန်ရစ်ခဲ့သည့် ဘဝအစိတ်အပိုင်းများ….။
မြန်မာပြည် တောင်ပိုင်း လက်ခတ်တောင်ခြေ တနေရာ…။ ဇာတိရွာလေးနှင့် အတိတ်နေ့ရက်များဆီ သူ့အာရုံ ပျံသန်းသွားခဲ့သည်။
လွန်ခဲ့သော ၁၆ နှစ်…။
တစ်ရွာလုံး တိတ်ဆိတ်နေသည့် ညသန်းခေါင်ယံ။
ရေနံဆီမီးရောင်ခပ်မှိန်မှိန်လေးကို အားပြုထားရသည့် အိမ်ကလေးထဲ သူ့ကို မွေးခဲ့သည်။
စစ်အာဏာရှင်စနစ်၏ ဆိုးမွေဖြစ်သော “ဆင်းရဲမွဲတေခြင်း”ဆိုသည့် အကောင်က တစ်လသား သူ့ကိုပင် ဇာတိရွာလေးတွင် ကြာကြာနေခွင့်မပေး။ ရွေ့ပြောင်းအလုပ်သမားမိဘနှစ်ပါးနှင့်အတူ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်သို့ ပါသွားခဲ့ရသည်။ လူ့ဘဝပြဇာတ်ကို ရွှေ့ပြောင်းအလုပ်သမားပတ်ပျိုးဖြင့် စခဲ့ရသူ…။
လောကကြီးကို အထီးကျန်စွာ ကြည့်တတ်သည့် မျက်လုံးများကို လောကကြီးအကြောင်း စိတ်ဝင်စားစပြုသည့်အချိန်မှာပဲ စောစီးစွာ သူ ရလိုက်သည်။ ဘဝကို စတင်စိတ်ဝင်စားလာသည့် ၁၁ နှစ်သားအရွယ်မှာပဲ ဘဝမှာ တန်ဖိုးအထားဆုံးအရာကို ဆုံးရှုံးလိုက်ရသည်။
ဘဝမှာ သူ တစ်သက်လုံး မဖြည့်နိုင်တော့သည့် ကွက်လပ်ဖြစ်သွားခဲ့ပြီ။ မြန်မာပြည်တွင် ငါးတန်းတက်နေသည့် သူ့မှာ ထိုင်းသစ်စက်ထဲ ရုတ်တရက် ကွယ်လွန်သွားခဲ့သည့် သူ့အမေကို နောက်ဆုံး နှုတ်ဆက်ကြည့်ခွင့်ပင် မရလိုက်…။
အနေအေး စကားနည်းသည့် သူ့အဖေမှာ ဉာဏ်ကောင်းသည့် မိတဆိုး မောင်နှမလေးယောက်ကို ငဲ့သည်။ အရွယ်ကောင်းယောကျ်ား မုဆိုးဖိုအသစ်စက်စက်လေး သူ့အဖေက မုဆိုးဖိုဆယ်ယောက်တွင် ကိုးယောက်လုပ်သည့် အလုပ်ကို ပစ်ပယ်ခဲ့သည်။
နောက်အိမ်ထောင်မပြုခဲ့…။ သူတို့ပညာရေးအတွက် သူ့ဘဝ သာယာမှုကို စတေးခဲ့သည်။ ဆွံ့အနားမကြားသည့် သူ့သားအကြီးဆုံးကို အဖော်ပြုရင်း အငယ်လေးတွေ ပညာသင်နိုင်အောင် ထိုင်းနိုင်ငံထဲ နှစ်ပေါင်းများစွာ အလုပ်ကြမ်းလုပ်လာခဲ့သည်။
ထိုအချက်က သူ့ရင်ထဲ တစ်စုံတစ်ခုကို မွေးဖွားပေးခဲ့သည်။ “ဘဝမှာ ပညာတတ်စစ်စစ်တစ်ယောက်ဖြစ်ရမည်” ဆိုသည့် သူ့ရင်ထဲက တစ်သက်တာမစ်ရှင်။သူ့ရင်ထဲက တသက်တာမစ်ရှင်။ နောက်ပိုင်း သူ့ဘဝ ကြွေးကြော်သံနှင့် ကျည်ဆန်ကြားမှာပင် ထိုမစ်ရှင်ကို အပျောက်မခံတော့။
ဘယ်သူဆီက အမွေရလိုက်မှန်း မသိ။ ဂျစ်ကန်ကန်ကောင်လေး သူ့မှာ ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါခဲ့ သည်။
ကျောင်းဆုပေးပွဲတွင် နှစ်တိုင်း ပထမဆု တက်ယူဖူးသည်။ သူ ငယ်စဉ်ကတည်းက ရိုးရှင်းစွာ ယုံကြည်ခဲ့တာတစ်ခု ရှိသည်။
သူ့အမေ ဘယ်တော့မှ ပြန်မလာနိုင်တော့သည့်နောက် ထိုယုံကြည်မှုက ပိုအားကောင်းလာခဲ့သည်။
“ဘဝတွင် ပညာတတ်တစ်ယောက်ဖြစ်ရန် အင်္ဂလိပ်စာကို ကောင်းကောင်းတတ်ကျွမ်းရမည်”ဆိုသည့် ယုံကြည်ချက်။
သူ အင်္ဂလိပ်စာ ဝါသနာပါသည်။
ငယ်ငယ်က ကျောင်းစာသင်ခန်းထဲ ကိုရီးယားမင်းသမီးပုံပါသည့် ဗလာစာအုပ်မျက်နှာဖုံးများတွင် “I LOVE YOU” အစချီသည့် ရှိတ်စပီးယားလက်လန် ဝါကျကြီးများ ရေးခဲ့ဖူးသည်။
“စာအုပ်တွင် ညစ်ပတ်လျှင် လူ့ဘဝတွင် မြင့်မြတ်မည်”။
ကြောင်တောင်တောင် သူ့အတွေး။
စာအုပ်စာတမ်း ရှာပါးသည့် ငယ်စဉ်ဘဝ သူတို့ရွာလေးမှာ BRITISH COUNCIL ဆိုသည်ကို ကြားဖူးသူ မရှိ။
သူတို့ရွာလေးတွင် အင်္ဂလိပ်စာသင်တန်းဆိုသည်မှာလည်း တခါမျှ မကြားဖူး။
ကျောင်းမှာသင်သည့် အင်္ဂလိပ်စာအချိန်တွေကလွဲ ကျန်သည့်အချိန်များတွင် စာအုပ်တွေ ဖတ်ရင်း အင်္ဂလိပ်စာကို သူ့ဘာသာလေ့လာခဲ့သည်။
သူ့ဘဝတွင် မမေ့နိုင်သည့် စာအုပ်တစ်အုပ်က သူ ၈ တန်းနှစ် ကျောင်းဖွင့်စမှာ ထားဝယ်မြို့ပေါ်က ဝယ်လာခဲ့သည့် အပြာရောင်ကျောဖုံးနှင့် စာအုပ်လေး။
ဆရာဦးသန်းလွင်ရေးသည့် အခြေခံအင်္ဂလိပ်သဒ္ဒါစာအုပ်လေး။ ထိုစာအုပ်လေးကို မက်မက်စက်စက်ဖတ်ရင်း အင်္ဂလိပ်စာကိုယ်ခံအားကို သူ့ဘာသာ တည်ဆောက်ယူခဲ့သည်။
နောက်ပိုင်း သူ့ဘဝတွင် တက္ကသိုလ်စာသင်ခန်းကို ကျောခိုင်းပြီး တောင်ခြေရွာလေးတစ်ရွာမှာ သူ့ထက်ငယ်သူတွေကို အင်္ဂလိပ်စာပြန်သင်ပေးရင်း၊ အားလပ်ချိန်တွင် စာအုပ်တွေဖတ်ရင်းသူ့ကိုယ်သူ စာပြန်သင်နေရမည့် ကာလ တစ်ခု ရှိလာလိမ့်မည်ဆိုသည့် ဖြစ်တန်စွမ်းကို ငယ်စဉ်က သူ့စိတ်ကူးထဲ တခါမှ မထည့်ဖူးခဲ့။
ကြိုမမြင်နိုင်သည့် အရာများကပဲ ဘဝကို စိတ်ဝင်စားဖွယ် ပြုစားတတ်ပါကလား…။လူ့ဘဝက နိပါတ်တော် ဆန်တတ်လွန်းပါသည်။
ဆယ်တန်းကျောင်းသားဘဝတွင် သူ့သူငယ်ချင်းက သူ့ကို ရင်ဖွင့်သည်။
“ငါ အင်္ဂလိပ်စာကို အေ ဘီ စီ ဒီ ကနေ ပြန်လေ့လာချင်တယ်ကွာ….”
ထိုအပြာရောင်စာအုပ်လေးကို ထိုနေ့က သူ့သူငယ်ချင်းကို အပိုင်ပေးလိုက်သည်။
■ ဈာန်ဟိန်း
အပိုင်း (၁) ပြီး။