မြန်မာသက္ကရာဇ် ၁၃၄၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက် (၃.၁၁.၁၉၈၅)ရက်နေ့ နေ့လယ်တစ်နာရီမှာ ကျပ်တစ်ရာတန်(၁၀ဝိ/-) ကျပ်ငါးဆယ်တန်(၅ဝိ/-) ကျပ်နှစ်ဆယ်တန် (၂ဝိ/-) စတဲ့ ငွေစက္ကူတွေကို တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်ကြောင်း မြန်မာ့အသံရေဒီယိုက ကြေညာခဲ့ပါတယ်။
လူကြီးတွေပြောစကားအရ ကျပ်တစ်ရာတန်(၁၀ဝိ/-)နဲ့ ကျပ်ငါးဆယ်တန်(၅ဝိ/-)ကို အရင်ကလည်း ဒီလိုပဲ တရားမဝင်ငွေစက္ကူအဖြစ် ကြေညာခဲ့ဘူးတယ်လို့ သိရပါတယ်။
တော်လှန်ကောင်စီအစိုးရခေတ်ကလို့ ပြောကြပါတယ်။ တနည်းပြောရရင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်အစိုးရခေတ်ဖြစ်ပါတယ်။ တရားမဝင် ဖြစ်သွားတဲ့ငွေတွေကို အစိုးရက တစ်ချို့တစ်ဝက် ပြန်လဲလှယ်ပေးတယ်လို့လည်း ပြောကြပါသေးတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လဲလှယ်ပေးတယ်တော့ မသိရပါ။
ဒီရက်တွေအတွင်းမှာ ကုန်ဈေးနှုန်းတွေ ရုတ်တရက် ထိုးတက်သွားပါတယ်။ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်တစ်ပြည်ကို တစ်ကျပ်ကနေ နှစ်ကျပ်ခွဲ၊ ငါးခြောက် တစ်ပိသာကို နှစ်ကျပ် ကနေ ငါးကျပ်အထိ ဖြစ်သွားသည်။ အခြားကုန်ပစ္စည်းအားလုံးရဲ့ ဈေးနှုန်းတွေလည်း မြင့်တက် သွားခဲ့ပါတယ်။
လူကြီးတွေကတော့ တိုင်းပြည်ကြီး ဘာဖြစ်တော့မယ် ညာဖြစ်တော့မယ်လို့ တစ်ယောက် တစ်မျိုးပြောပြီး လက်ထဲမှာကျန်ရှိနေသေးတဲ့ ပိုက်ဆံတွေနဲ့ ဆန်တွေ၊ ဆီတွေ အခြား စားသောက်ကုန်တွေကို လိုအပ်တာထက်ပိုပြီး အတင်းဝယ်ယူ စုဆောင်းကြပါတော့တယ်။
တစ်ချို့ကုန်ဆိုင်တွေဆို ရှိနေတဲ့ပစ္စည်းတွေကို ထုတ်မရောင်းတော့ဘဲ မရှိဘူးလို့ ဗြောင် ငြင်းလွှတ်တဲ့အထိ ဖြစ်လာကြပါတယ်။ ကိုယ့်ရပ်ရွာမှာ ဝယ်မရရင် အခြားရပ်ရွာတွေအထိ တကူးတကသွားဝယ်ကြ ရပါတယ်။ ဆန်စပါးအဓိက ထွက်တဲ့ရွာတွေက ငါးခြောက်ထွက်တဲ့ ကိုယ်တို့ရွာမှာ ငါးခြောက်တွေကို ခေါ်တဲ့ဈေးနဲ့ ရသလောက် အလုအယက်ဝယ်ကြပြီး ငါးခြောက်ပဲ အဓိကထွက်တဲ့ ကိုယ်တို့ရွာသားတွေကတော့ ဆန်စပါးတွေကို ရနိုင်သလောက် အပြေးအလွှား ဝယ်ကြပြုကြ စုဆောင်းကြ ရတာပေါ့လေ။
တကယ်မရှိလို့ စိုးရိမ်စိတ်နဲ့ ဝယ်ယူစုဆောင်းကြသူတွေရှိသလို ရှိရဲ့သားနဲ့ မရှိဟန်ဆောင် ပြီး ကိုယ့်မှာရှိတယ်လို့ လူအများအထင်ခံရမှာ စိုးရိမ်လို့ ဟန်ဆောင်ပန်ဆောင်နဲ့ ဝယ်ယူစုဆောင်း သူတွေကိုလည်း တွေ့မြင်ကြရပါတယ်။ အသေအချာ စဉ်းစားကြည့်တော့လည်း ဒီလိုလုပ်ကြတာ မှားတော့မမှားဘူးလို့ ပြောရမှာပေါ့လေ။
ပိုက်ဆံဆိုတာမျိုးက ငါ့ဆီမှာ ဘယ်ရွေ့ဘယ်မျှရှိလို့ ဘယ်လောက်တော့ ဆုံးရှုံးသွားတယ် လို့ လူအများကို လိုက်ပြောပြနေလို့ ကောင်းတဲ့အရာမှ မဟုတ်တာ။ လူ့သဘာဝအရ နည်းနည်းရှိတဲ့သူက အများကြီး ဆုံးရှုံးသွားသလိုမျိုးပြောပြီး အကြွေးရှင်တွေကို မျက်နှာချိုသွေး နိုင်သလို အများကြီးရှိတဲ့သူတွေကလည်း အန္တရာယ်ကင်းအောင် အားလုံးဆုံးရှုံးသွားပြီလို့ ပြောနိုင်တာပဲလေ။ သေချာတာကတော့ ကိုယ့်မိသားစုကလွဲရင် ဘယ်သူတွေ ဘယ်လောက်ဆုံး ရှုံးတယ်လို့ အတိအကျပြောနိုင်ဖို့ ခက်ပါတယ်။
ကိုယ်မှတ်မိနေတဲ့ သတင်းတစ်ခုမှာ တရားဝင်ငွေအဖြစ်က ရပ်စဲလိုတဲ့ ငွေတွေရဲ့ စုစုပေါင်း တန်ဖိုးဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျပ်သန်းပေါင်း ၁၂၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဆယ်ကျော်သက်အရွယ်က မှတ်ထားတာဖြစ်လို့ ကိန်းဂဏန်းတွေ မှားနေနိုင်ပါတယ်။
ကိုယ်တို့ရွာကို နေ့တိုင်းဆေးလာကုနေတဲ့ တစ်ဘက်ရွာက ကျန်းမာရေးဝန်ထမ်း ဆေးဆရာတစ်ယောက် ရှိပါတယ်။ ဒီဆေးဆရာဟာ ပုံမှန်အခြေအနေမှာ လူနာတစ်ယောက်ကို ဆေးကုခအနေနဲ့ ငါးကျပ် တစ်ဆယ်လောက်ပဲ ယူလေ့ရှိသူဖြစ်ပါတယ်။ ကျပ်တစ်ရာတန် ငါးဆယ်တန်ကိစ္စ ဖြစ်လာတော့ လူနာတစ်ယောက်ကို တစ်ခါကုသရင် တစ်ရာယူပါတယ်။ တရားမဝင်တော့တဲ့ ကျပ်တစ်ရာတန်ကို သူလက်ခံပြီး ကုသပေးပါတယ်။ ကျပ်တစ်ရာတန်တွေကို သူ ဘယ်လိုဆက်လုပ်တယ်တော့ မသိပါ။ ဒါကလည်း ကိုယ့်အတွက်တော့ ဒီနေ့အထိ မေ့မရ နိုင်တဲ့ အဖြစ်အပျက် တစ်ခုပါပဲ။
၇.၁၁.၁၉၈၅ ရက်နေ့မှာ ကျပ်တစ်ရာတန်၊ ကျပ်ငါးဆယ်တန်နှင့် ကျပ်နှစ်ဆယ်တန် ငွေစက္ကူများ ကို တရားဝင်ငွေအဖြစ်မှာ ရပ်စဲသည့်ဥပဒေဆိုပြီး ထွက်လာပါတယ်။
ဒီဥပဒေမှာ ရပ်စဲလိုက်တဲ့ငွေတွေကို ဘယ်ရက်ကနေ ဘယ်ရက်အတွင်းမှာ ဘယ်လိုပုံစံနဲ့ အပ်နှံရင် ရာခိုင်နှုန်းဘယ်လောက်ကို ပြန်လဲပေးမယ်။ ကိုယ့်လက်ဝယ်ရှိတဲ့ ငွေတွေဟာ တရားဝင် ရရှိထားကြောင်း အထောက်အထားတွေ တင်ပြနိုင်ရမယ်။ အထောက်အထား မခိုင်လုံရင် အရေးယူခံရမယ် စသဖြင့် အကြောင်းအရာတွေကြောင့် ကောလဟာလမျိုးစုံ ထွက်ပေါ်လာပြီး ပွက်လောရိုက်ခဲ့ရပါတယ်။
ဝန်ထမ်းမိသားစုတွေ ရုံးပြင်ကနားနဲ့နီးစပ်သူတွေ အဆက်အသွယ်ရှိသူတွေ ချမ်းသာသူတွေ ကတော့ ကိုယ့်ငွေတွေ မဆုံးရှုံးစေဖို့ နည်းလမ်းပေါင်းစုံနဲ့ တိုးတိုးတိတ်တိတ် လှုပ်ရှားကြတာ ပေါ့လေ။ ကိုယ်မှတ်မိသလောက်တော့ လူတစ်ဦးကို ဘယ်ရွေ့ဘယ်မျှသာ လဲလှယ်ရမည်ဆိုတဲ့ စည်းကမ်းချက်လဲပါတယ် ထင်ပါတယ်။ ပွဲစားသဘောမျိုးနဲ့ လုပ်ပေးကြသူတွေလည်း ရှိပါတယ်။ သူ့ဥပဒေအတိုင်း လိုက်လုပ်ကြသူတွေကိုတော့ ကျပ်ငါးထောင်စီ ပြန်လဲပေးတယ်ထင်ပါတယ်။ သိပ်တော့ မမှတ်မိတော့ပါ။
ဒီလိုအဖြစ်အပျက်မျိုးကို တစ်ခါမှ မကြုံခဲ့ရဘူးသေးတဲ့ ကိုယ်တို့လူငယ်တွေကတာ့ ဒီကိစ္စ အပေါ်မှာ သို့လော သို့လောနဲ့ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ကြရပါတယ်။ တစ်သက်လုံး မြန်မာ့အသံက ရေဒီယိုသတင်းတွေကိုပဲ နားထောင်လာခဲ့ကြတဲ့ ကိုယ်တို့ ရွာသားတွေလည်း ဘီဘီစီ၊ ဗွီအိုအေ အစရှိတဲ့ ရေဒီယိုသတင်းတွေကို ဝိုင်းဖွဲ့နားထောင်ကြတဲ့ အကျင့်တွေရလာခဲ့ကြ ပါတော့တယ်။
အရင်ကတော့ အနောက်နိုင်ငံတွေကထုတ်လွှင့်တဲ့ သတင်းတွေဟာ မမှန်ဘူး။ အရင်းရှင်နိုင်ငံတွေက ငါတို့နိုင်ငံကို ပျက်စီးရာပျက်စီးကြောင်းဖြစ်အောင် မှိုင်းတိုက်နေကြတာ အခြေအမြစ် မရှိဘူး။ ပြည်ပြေးတွေက ငါတို့နိုင်ငံကို သက်သက်မဲ့ သိက္ခာချနေကြတယ် စသဖြင့် မယုံကြည်အပ်တဲ့ သတင်းဌာနတွေအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။ အမှန်အတိုင်းပြောရရင် ကိုယ်အနေနဲ့ ဒီသတင်းဌာနတွေကို ဒီအဖြစ်အပျက်တွေ မဖြစ်ခင်က ရှိမှန်းကို မသိခဲ့ရပါဘူး။
သင်ခဲ့ရသမျှ ကျောင်းစာတွေမှာလည်း အရင်းရှင်နိုင်ငံတွေက မကောင်းတဲ့အကြောင်း၊ အခြေခံလူတန်းစားတွေရဲ့ လုပ်အားတွေကို ခေါင်းပုံဖြတ်ပြီး အမြတ်ကြီးစားကြတဲ့အကြောင်း၊ နိုင်ငံငယ်လေးတွေကို ကျူးကျော်နယ်ချဲ့ အနိုင်ကျင့်တတ်တဲ့အကြောင်းတွေသာ များပါတယ်။ ဒီတော့လည်း နိုင်ငံခြားက အသံလွှင့်တဲ့သတင်းတွေကို နားမထောင်ဖြစ်တာ ဆန်းတော့မဆန်းပါ။
သို့သော်လည်း တိုင်းပြည်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေက ကိုယ်တို့လူငယ် တွေကို နိုင်ငံခြားသတင်းတွေ နားထောင်တတ်လာအောင် အရင်းရှင်နိုင်ငံတွေက ဘာကြောင့် တိုးတက်ချမ်းသာနေကြတာလဲ ဆိုတာတွေကို စူးစမ်းတတ်လာအောင် တွန်းပို့နေသလို ဖြစ်လာ နေတယ်လို့ ဆိုနိုင်ပါတယ်။
၁၀.၁၁.၁၉၈၅ ရက်နေ့မှာ ခုနှစ်ဆယ့်ငါးကျပ်တန် (၇၅ိ/-) ငွေစက္ကူကို အသစ်ထုတ်ဝေ ပါတယ်။ အဲဒီကာလက လူတွေပြောကြတာတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဖြစ်သူ ဦးနေဝင်းရဲ့ ၇၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်လို့ ပြောကြပါတယ်။ ၁.၉.၁၉၈၆ ရက်နေ့မှာ သုံးဆယ့်ငါးကျပ်တန် (၃၅ိ/-)နဲ့ တစ်ဆယ့်ငါးကျပ်တန် (၁၅ိ/-)ကို ထပ်မံထုတ်ဝေ ပါတယ်။
၅.၉.၁၉၈၇ ရက်နေ့ နံနက်(၁၁)နာရီမှာတော့ နှစ်ဆယ့်ငါးကျပ်တန် (၂၅ိ/-)၊ ထုတ်ဝေ ထားတာ မကြာသေးတဲ့ သုံးဆယ့်ငါးကျပ်တန် (၃၅ိ/-)နဲ့ ခုနှစ်ဆယ့်ငါးကျပ်တန် (၇၅ိ/-) ငွေစက္ကူတွေကို တရားဝင်ငွေ စက္ကူတွေအဖြစ်မှ ရပ်စဲကြောင်း ထပ်မံကြေညာပြန်ပါတယ်။
ထုံးစံအတိုင်း ကုန်ဈေးနှုန်းများ အဆမတန် ထိုးတက်သွားပြန်ပါတယ်။ ကိုယ်တို့လူငယ် တွေအကြားမှာ နိုင်ငံရေးအကြောင်းကို လူကြီးများမသိအောင် တိုးတိုးတိတ်တိတ်သာ ပြောနေကြ ရာက လူကြီးများကိုယ်တိုင်က ကျယ်ကျယ်လောင်ပြောလာကြတဲ့ အခြေအနေမျိုးကို ရောက်လာ ပါတော့တယ်။ မနက်ပိုင်း လက်ဖက်ရည်ဆိုင် ညနေပိုင်း ဘီဘီစီ ဗွီအိုအေ ဝိုင်းများမှာ ဆွေးနွေးငြင်းခုန်ကြတဲ့အထိ ဖြစ်လာပါတော့တယ်။
ဒီဖြစ်စဉ်တွေအားလုံးဟာ တိုင်းပြည်ကို ဗိုလ်ချုပ်ကြီးနေဝင်း သို့မဟုတ် ဦးနေဝင်း တာဝန်ယူ အုပ်ချုပ်စဉ်ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေဖြစ်ပါတယ်။ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး နောက်ခံအကြောင်းအရာတွေ ရှိကောင်းရှိပါလိမ့်မယ်။ ကိုယ်တို့လို သာမန်ပြည်သူလူထုကတော့ ဘာမဆိုင်ညာမဆိုင်နဲ့ ကျောကော့သွားရတဲ့ အချိန်ကာလတွေ အသေအချာဖြစ်ခဲ့ကြလို့ မေ့ဖျောက်မရနိုင်တဲ့ သမိုင်းကြောင်းများအဖြစ် ယနေ့တိုင်အောင် မှတ်မိနေဆဲဖြစ်ပါတော့တယ်။
ဧသုနိုင်
ဆက်လက်ဖော်ပြပါမည်။ >>>>