BREAKING
September 20, 2024

စွဲကိုင်လက်နက် ဘယ်သို့ထက်လဲ

September 9, 2024

နိုင်ငံရေးသုတေသီများစွာက ယင်းတို့၏လေ့လာတွေ့ရှိမှုများအပေါ်အခြေခံ၍ တူညီသော ကောက်ချက်တစ်ခု ဆွဲလေ့ရှိသည်။

ယင်းမှာ “အကြောက်တရားတစ်ခုတည်း သီးသန့် သုံးခြင်း (ဖိအားများစွာပေး၊ အကြပ်ကိုင်၊ ခြိမ်းခြောက်) ဖြင့် ရေရှည်တည်တံ့သော အုပ်စိုးနိုင်မှုကို မဖြစ်စေနိုင်”ဟူ၍ဖြစ်သည်။

အထူးသဖြင့် လက်နက်ကိုင် အဖွဲ့များ၏ တော်လှန်ရေး လှုပ်ရှားမှုများကို လေ့လာသော သုတေသီများအကြား ဤ အချက်ကို ယေဘုယျလက်ခံထားလေ့ရှိသည်။ ထို့ကြောင့် အာဏာသည် သေနတ်ပြောင်းဝမှလာသည် ဆိုသည်မှာ အမြဲတမ်း မှန်နေသည်မဟုတ်ဟု ဆိုနိုင်သည်။

ဤဆွေးနွေးချက်တွင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ အာဏာတည်ဆောက်ပုံ ထောက်တိုင်အချို့ကို ယေဘုယျအားဖြင့် တို့ထိထားပါသည်။

အများနှစ်လိုလက်ခံခြင်း

ဤနေရာတွင် အများနှစ်လိုလက်ခံခြင်းကို အင်္ဂလိပ်ဘာသာ (Legitimacy) မှယူခြင်းဖြစ်သည်။ (တချို့က တရားဝင်မှု၊ တရားဝင်ဖြစ်ခြင်းဟု ဘာသာပြန်ကြသည်။) ဤအချက်မှ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအတွက် အခရာဖြစ်သည်။

အထူးသဖြင့် မိမိတို့ လှုပ်ရှားရာ၊ အခြေပြုရာဒေသတွင်းက လူထု၏ နှစ်လို လက်ခံခြင်းကို ရရှိထားမှသာ ရေရှည်တွင် အဖွဲ့အစည်းက ခိုင်မာစွာ တော်လှန်ရေးလုပ်ငန်းများနှင့် ဆက်စပ် အလုပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဤနေရာတွင် ‘အများနှစ်လိုလက်ခံ’ ဟု ဆိုရခြင်းမှာ အချို့သော အဖွဲ့များကို လူထုအများက မနှစ်သက်သော်လည်း ကြောက်၍ဖြစ်စေ၊ မတတ်နိုင်၍ဖြစ်စေ အကြောင်းတစုံတရာကြောင့် လက်ခံထားရခြင်းမျိုး နှင့် ကွဲပြားစေလို၍ဖြစ်သည်။

အများနှစ်လိုလက်ခံခြင်း များစွာရရှိထားသော အဖွဲ့ကို လူထုက ဒုက္ခကြားမှပင် ထောက်ပံ့နေမည်၊ အဖွဲ့၏ လမ်းညွှန်မှုများ၊ အကြံပြုချက်များ၊ လှုပ်ရှားမှုများကို ပါဝင် ပံ့ပိုးကြမည်ဖြစ်သည်။

တော်လှန်ရေးအဖွဲ့များသည် ဤအချက်ကို အလွန်ဂရု ဓမ္မပြုရန်လိုသည်။ လူထု၏ နှစ်လိုလက်ခံမှုမှာ တော်လှန်ရေးအဖွဲ့များ၏ လုပ်ဆောင်မှုများ အပေါ်တွင် မူတည်၍ အမြဲလိုလို ပြောင်းလဲနေတတ်သည်။

လူထု၏ ဆန္ဒနှင့် သွေဖည်၍ ဖောက်ပြန်လျှင်၊ လူထုကို လက်နက်ဖြင့် အာဏာပြကာ နှိပ်စက်ကလူပြုခြင်း၊ ဖိအားပေးခြင်းမျိုး၊ ယုံကြည်ထိုက်ဖွယ်မရှိသော ကိစ္စရပ်များတွင် ကျင့်ဝတ်မဲ့စွာ ပါဝင်ခြင်း၊ ထိရောက်သော ရလာဒ်များ မပြနိုင်ခြင်းမျိုးကလည်း လူထု၏ နှစ်လိုလက်ခံမှုကို ဆုံးရှုံးရနိုင်သည့် အနေအထားဖြစ်သည်။

နှစ်လိုလက်ခံခြင်း မရှိခြင်းမှသည်၊ ပယ်ခြင်း၊ သပိတ်မှောက်ခြင်းတို့ ဖြစ်လာနိုင်သည်။ အဆိုးဆုံးအခြေအနေမှာ လူထုက ထိုအဖွဲ့ကို ပြန်လည်တော်လှန် ဆန့်ကျင်ရသည်မျိုးဖြစ်သည်။

အများနှစ်လိုလက်ခံသည့် အာဏာပိုင်

လူထု၏ ထောက်ခံမှု၊ အများကနှစ်လိုလက်ခံမှုကို များစွာရရှိထားသော တော်လှန်ရေးအဖွဲ့များမှာ လူထုကို အင်အားသုံး ခြိမ်းခြောက် ဖိအားပေး၍ ၎င်းတို့အာဏာကို တည်ဆောက်ရန် မလိုအပ်နိုင်ပေ။

သို့ရာတွင် တော်လှန်ရေးကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် နှင့် လက်နက်ကိုင် အဖွဲ့သားများကို ထိန်းရန်၊ အမိန့်ပေးရန်၊ ချွတ်ယွင်းမှုများနှင့်အမှားများ၊ ပြစ်မှုများအတွက် ထိုက်သင့်သော အရေးယူမှုများကို လုပ်ဆောင်နိုင်ရန်ကား ‘အာဏာ’ သည် အရေးပါနေသည်။

ထို့ကြောင့် ထိုအာဏာကို မည်သူတို့က မည်သို့ ကျင့်သုံးမည်နည်း။ မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို မည်သည့်အာဏာကျင့်သုံး ပိုင်ခွင့် ပေးအပ်ထားသနည်း ဆိုသည်က အရေးကြီးလှသည်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို စတင်တည်ထောင်သော ခေါင်းဆောင်များသည် ယင်းအာဏာများကို အဖွဲ့သားများနှင့် လူထုအပေါ် ကျင့်သုံးနိုင်ရန် အတွက် မိမိတို့ကိုယ်တိုင်နှင့် အဖွဲ့သည် အများနှစ်လိုလက်ခံမှုရှိသည့်အဖွဲ့မျိုးဖြစ်ရန်လိုသည်။

အများနှစ်လိုလက်ခံသည့် အာဏာ (Legitimate Authority) ကို ပိုင်ဆိုင်သော အဖွဲ့ဖြစ်လာရန် အလေးထားဖို့လိုသည်။ ထိုအခါမှသာ ယေဘုယျအားဖြင့် အာဏာ အမိန့်ဖြင့် လုပ်ကိုင်ရသော ကိစ္စရပ်များတွင် လူထုက လိုလို ချင်ချင် နားလည် လက်ခံ လိုက်နာနိုင်မည်ဖြစ်သည်။

သို့မဟုတ်ပါက အင်အားသုံး၍ ဖိအားပေး အတင်းအကြပ်ပြုကာ အဓမ္မအာဏာရယူသော အဖွဲ့သာဖြစ်နိုင်ပြီး ရေရှည်တည်တံ့ရန် ခက်မည်ဖြစ်သည်။

အဖွဲ့ပျက်ကြောင်း အက်ကြောင်းများ

တော်လှန်ရေးအဖွဲ့များ၏ ခေါင်းကြီးပိုင်းက စဉ်းစားမြော်မြင်ထားမှုနှင့် အဖွဲ့ဝင်များ၊ ထောက်ခံကြသော လူထုများ၏ စဉ်းစားချက်၊ တွေးခေါ်ယူဆ နားလည်ပုံတို့အကြား ကွာခြားချက်မှာ ခေါင်းဆောင်ပိုင်းနှင့် အဖွဲ့တွင်း တာဝန်ရှိသူအဆင့်ဆင့်မှသည် ထောက်ခံကြသော လူထုအကြား ဆက်ဆံရေးအတွက် စိန်ခေါ်မှုဖြစ်နိုင်သည်။

တစ်ခါတရံတွင် ခေါင်းဆောင်ပိုင်း၏ ညွှန်ကြားချက်ကို အကောင်အထည်ဖော်ရသော အဖွဲ့သားများနှင့် ပံ့ပိုးကူညီ ပါဝင်ရသော လူထုက နားလည်မှုလွဲသော အခြေအနေမျိုးကြုံရနိုင်သည်။

ရေရှည်တွင် လူထု ပံ့ပိုးမှုမပါသော တော်လှန်ရေးသည် အောင်မြင်နိုင်ဖွယ်ရာမရှိသောကြောင့် တော်လှန်ရေးအဖွဲ့များနှင့် လူထုအကြားဆက်ဆံရေးမှာ အလွန်ဂရုပြု၍ နားလည်မှု မလွဲရအောင်၊ ခိုင်မာကောင်းမွန်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။

အထူးသဖြင့် စစ်ရေးစစ်ရာဖြင့် ဖြေရှင်းရသော ကိစ္စရပ်များတွင် တော်လှန်ရေး အဖွဲ့များသည် လူထု၏ မျှော်မှန်းချက်ကို ဦးဆောင်၍ အကောင်ထည်ဖော်ရသလို လူထုကလည်း တတ်နိုင်သည့် ဖက်က ဒုက္ခခံ၍ ပံ့ပိုးကူညီနေရသည့် အနေအထားမျိုးဖြစ်သည်။

ထိုအချိန်မျိုးတွင် လူထုနှင့် တော်လှန်ရေးအဖွဲ့များအကြား၊ အထူးသဖြင့် အမိန့်အာဏာ အဆင့်ဆင့်ဖြင့်လုပ်ဆောင်ရသော သဘောရှိသည့် လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် ပြည်သူအကြားဆက်ဆံရေးမှာ အလွန်ထိရှလွယ်သော အနေအထားမျိုး ဖြစ်နိုင်သည်။

လူထုနှင့် တော်လှန်ရေးအဖွဲ့များအကြား ယေဘုယျချည်နှောင်ထားသော ကြိုးနှစ်သွယ်ရှိသည်။

ပထမကြိုးမှာ ‘ဘက်တော်သားများ’ ဖြစ်ခြင်းဖြစ်ပြီး ဒုတိယကြိုးမှာ ဦးဆောင်သူခေါင်းဆောင်ပိုင်းတွင် လူထု မျှော်မှန်းသလောက် အားထုတ်ကြိုးပမ်းနိုင်မှု၊ စွမ်းနိုင်မှုရှိမရှိ၊ ပေးထားသည့် ကတိတည်မတည် အပေါ်မူတည်၍ ရစ်သိုင်းထားသော ကြိုးဖြစ်သည်။ ထိုကြိုးနှစ်သွယ်မှာ အလွယ်တကူဆက်ထုံးပြေသွားနိုင်သလို အလွန်ခိုင်မာစွာ ချည်နှောင်မြဲမြံသော ကြိုးများလည်း ဖြစ်နိုင်သည်။

ဘက်တော်သားများ ဆိုသည်မှာ ခေါင်းစဉ်တခုခုအောက်တွင် အတူလက်တွဲရန် အကြောင်းရင်းရှိသူများ စုမိနေခြင်းမျိုးဖြစ်သည်။ ဥပမာ – တူရာ တိုင်းရင်းသားအုပ်စုများ၊ တူရာ ဒေသတခု၊ အလုပ်ဌာနတခု၊ နိုင်ငံတစ်ခုမှ အုပ်စုများ၊ ဘာသာတရားတခုမှ စုဖွဲ့မှုများ၊ နိုင်ငံရေးသဘောတရားတခုခု၌ သက်ဝင်၍ စုမိနေကြသူများ အစရှိသဖြင့်။ ဘာပဲဖြစ်ဖြစ် ငါ့နိုင်ငံရဲ့ အသင်းကိုပဲ အားပေးမယ်ဆိုတာမျိုးဖြစ်သည်။

သို့သော် ငါ့အသင်းကို အားပေးရာမှ အသင်းကို စိတ်ပျက်ကာ တခြားအသင်းကို ပြောင်း၍အားပေးသွားသည်မှာ အသင်း၏ နည်းပြ၊ ခေါင်းဆောင်များ၏ စွမ်းဆောင်ရည်ကို ဘဝင်မကျခြင်းကြောင့်လည်းဖြစ်နိုင်သည်။

အများစုကမူ အသင်းမပြောင်းသော်လည်း ငါ့အသင်း၏ နည်းပြ၊ ခေါင်းဆောင်၊ အဖွဲ့သား အသုံးမကျဟုမြင်၍ လူလဲစေချင်သည့်သဘော၊ အပြောင်းအလဲလုပ်စေလိုသည့်သဘောဖြင့် အသင်းကို ဝေဖန်ခြင်း၊ ပံ့ပိုးမှု ရပ်တံ့ခြင်း၊ အရွဲ့တိုက်ခြင်းမျိုးလည်းရှိသည်။ ဒုတိယကြိုးမှာ ဤသဘောဖြစ်သည်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် ယေဘုယျကြည့်လိုက်လျှင့် အမိန့်အာဏာဖြင့် အဆင့်ဆင့် တစုတစည်းတည်း လုပ်ဆောင်နေကြဟန်ရှိသော်လည်း အတွင်းတွင် ဗိုလ်လုပွဲများ၊ အားပြိုင်မှုများ၊ ညှိမရသော သဘောကွဲလွဲမှုများရှိကြသည်။

ဆရာ တပည့်မွေးမှုများ၊ လျှို့ဝှက်စုဖွဲ့မှုကလေးများရှိတတ်ကြသည်။ လူထုကြားတွင်လည်း ယင်းတို့ထောက်ခံနေသော အဖွဲ့တစ်ခုတွင်း၌ပင် သူ့လူ ငါ့လူ ရွေး၍ အားပေးထောက်ခံမှု မျိုးရှိတတ်ပေရာ တော်လှန်ရေးခေါင်းကြီးပိုင်းမှာ အလွန်သတိထား၍ လူထုနှစ်လို ထောက်ခံမှုရအောင်၊ လူထု မျှော်မှန်းသည့် ရလဒ်ထွက်အောင်၊ ပေးထားသည့် ကတိကဝတ်များတည်အောင်ကြိုးပမ်းရသည်။

မဟုတ်ပါက ယင်းတို့၏ အများနှစ်လိုလက်ခံမှုမှာ ကျလာမည်ဖြစ်သည်။ ထောက်ခံနေသော လူထုကလည်း ရလဒ်မကောင်း၊ ဦးဆောင်မှုမကောင်းလျှင် လူလဲကစားစေချင်သည်မှာ သဘာဝကျသည်။

ဤသို့ အခြေအနေမျိုးကြုံလာလျှင် ခေါင်းဆောင်ပိုင်းက တာဝန်ယူမှုရှိရှိဖြင့် လူထုအလိုကျ အပြောင်းအလဲလုပ်လျှင်တော်သေးသည်။ ထိုသို့မဟုတ်ဘဲ မိမိ၏ ရာထူးအာဏာကို သုံးကာ ဝေဖန်သော လူထု၊ လူပြောင်းစေချင်သော လူထုကို ဖိနှိပ်ကာ ဘေးဥပါဒ်ဖြစ်အောင်လုပ်လျှင်တော့ ထိုအဖွဲ့သည် ရေရှည်ခံရန်ခက်သလို အဖွဲ့ခွဲထွက်ခြင်း၊ ကွဲပျက်သွားခြင်းမျိုးပင်ကြုံနိုင်သည်။ လူထုကို မျက်နှာမူရာမှ လူထုကို ရန်မူသော အဖွဲ့မျိုးလည်း ဖြစ်သွားနိုင်သည်။

အချုပ်ဆိုရလျှင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ အသက်မှာ လူထု၏ ထောက်ခံမှုကို တရားနည်းလမ်းကျကျဖြင့် အများနှစ်လိုလက်ခံမှုဖြစ်အောင်ကြိုးပမ်း၍ တော်လှန်ရေး ပန်းတိုင်ကို ချီတက်ရန်ဖြစ်သည်။

ထိုခရီးတွင် အများနှစ်လိုလက်ခံထားသော အာဏာကိုသာ ကျင့်သုံး၍ မိမိတို့ကို ပံ့ပိုးသော ဘက်တော်သားများနှင့် နားလည်မှုခိုင်မာအောင် တည်ဆောက်ခြင်းမျိုးက အခရာကျလှသည်။

အမိန့်အာဏာ အဆင့်ဆင့်ဖြင့် ဖော်ဆောင်ရသော အဖွဲ့မျိုးတွင် ခေါင်းဆောင်ပိုင်း၏ အမြော်အမြင်နှင့် တာဝန်ယူမှုတို့သည် ရေရှည်တွင် အဖွဲ့နှင့် လူထုအကြား၊ ဦးဆောင်သူများနှင့် ပံ့ပိုးကြသူများအကြား ဆက်ဆံရေးကို တိုက်ရိုက် သက်ရောက်နိုင်သည်ဖြစ်ကာ အဖွဲ့၏ ပုံရိပ်ကိုလည်း ပြောင်းလဲစေပါသည်။

အကွဲအပြဲနှင့်စည်းလုံးညီညာမှုမှာ အမြဲတစေ ဒွန်တွဲနေတတ်သော အရာဖြစ်၍ သတိထား ကိုင်တွယ်ကြရမည့် အရာလည်း ဖြစ်ပါကြောင်းနှင့် လက်နက်တခုတည်းနှင့် ဖိအားပေး ခြိမ်းခြောက်ကာ အာဏာတည်ဆောက်သည်မှာ ရေရှည်မခံနိုင်ကြောင်း ဆိုလိုရင်းဖြစ်သည်။

နန္ဒ

Ref:

Brenner, David. 2015. Ashes of Co-optation: from Armed Group Fragmentation to the Rebuilding of Popular Insurgency in Myanmar. Conflict, Security & Development 15(4): 337–358.

Brenner, David. 2017. Authority in Rebel Groups: Identity, Recognition and the Struggle over Legitimacy. Contemporary Politics 23(4): 408–426

Brenner, David. 2017. Inside the Karen Insurgency: Explaining Conflict and Conciliation in Myanmar’s Changing Borderlands. Asian Security 14(2): 83–99.

Harrisson, Annika Pohl and Helene Maria Kyed. 2019. Ceasefire State-Making and Justice Provision by Ethnic Armed Groups in Southeast Myanmar. Journal of Social Issues in Southeast Asia 34(2): 290–326.