BREAKING
January 15, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

August 9, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ

ဘင်္ဂလားဒေ့ရှ်အောင်ပွဲက ဒုတိယအကြိမ် လွတ်လပ်ရေးရခဲ့တာလို့ဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကြောင့် ဒုတိယအကြိမ် လွတ်လပ်ရေးရရှိခဲ့ပြီလို့ ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ နိုင်ငံကို ပြန်ရောက်လာတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမတ်စ် ယွန်နတ်စ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံကို ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားအောင် သူ့အစိုးရအနေနဲ့ ကြိုးပမ်းသွားမယ်လို့ ဩဂုတ်လ ၈ ရက်နေ့ ကျန်းသစ္စာဆိုပွဲမှာ ပြောကြားလိုက်တာပါ။

ဒီလိုဖြစ်အောင် ကြိုးပမ်းခဲ့ကြတဲ့ လူငယ်တွေကို ကျေးဇူးတင်တယ်လို့ သူက ဆိုပါတယ်။

လူငယ်၊ ကျောင်းသားတွေဟာ နိုင်ငံကိုကာကွယ်ပြီး တိုးတက်တဲ့နိုင်ငံသစ်ဆီ အရှိန်နဲ့သွားနိုင်ဖို့ နိုင်ငံကို အသစ်တဖန်မွေးဖွားပေးခဲ့တယ်လို့ ပြောကြားခဲ့တာပါ။

ကျောင်းသားတွေ အချိန်အပတ်များစွာ ဆန္ဒပြခဲ့ကြတဲ့နောက် နိုင်ငံကို ၁၅ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာစီနာက ရာထူးကနေ ဆင်းပေးခဲ့ရပြီး နိုင်ငံက ထွက်ပြေးခဲ့ရပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟာစီနာလက်ထက်က မိုဟာမက်စ် ယွန်နတ်စ်ကို ရာဇဝတ်မှု ၁၀၀ ကျော်နဲ့ အမှုဖွင့်ခဲ့သလို လိမ်ညာနာမည်ဖျက်မှုတွေလည်း ပြုလုပ်ထားခဲ့ပါတယ်။

Ref: BBC

………………………………..

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်

နှစ်ပေါင်း တော်တော်များများ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ (Khaleda Zia) ကို ဩဂုတ်လ ၆ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟာစီနာ ရာထူးကနုတ်ထွက်ပြီး ပြည်ပကို ထွက်ပြေးသွားပြီးတဲ့နောက် အတိုက်အခံခေါင်းဆောင်ဖြစ်သူ ခါလီဒါဇီယာကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တာပါ။

ဝန်ကြီးချုပ် ဟာစီနာအစိုးရလက်ထက်မှာ သူမကို အကျင့်ပျက် ခြစားမှုဥပဒေနဲ့ ၂၀၁၈ ခုနှစ်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံရေးလောကကို ဒီခေါင်းဆောင် အမျိုးသမီး ၂ ဦးက ဆယ်စုနှစ်ပေါင်းများစွာ အုပ်စိုးခဲ့ပြီးတဲ့နောက် နောက်တစ်ကြိမ် လွတ်လပ်ရေးရလာခဲ့ပြီလို့ ကြားဖြတ်အစိုးရကို ဦးဆောင်သူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမတ်စ် ယွန်နတ်စ်က ပြောကြားထားပါတယ်။

Ref: Aljazeera

………………………………..

Move Forward ပါတီဝင်တွေ ပါတီသစ်ထောင်

ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ကို People’s Party အမည်နဲ့ ပါတီသစ်ထောင်မယ်လို့ ဩဂုတ်လ ၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

People’s Party (ပြည်သူ့ပါတီ) ရဲ့ နိုင်ငံရေးသဘောထားကတော့ လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနဲ့ သဟာယစိတ်ဓာတ် လို့ခေါ်တဲ့ ဆောင်ပုဒ်ပါ။

ပါတီခေါင်းဆောင်ကို ချူလာလောင်ကွန်းတက္ကသိုလ်က ကွန်ပျူတာအင်ဂျင်နီယာမေဂျာနဲ့ ဘွဲ့ရထားတဲ့ အသက် ၃၇ အရွယ် နတ်တဖွန် လွယ်ပန်ယဝတ် (Mr. Nattapong Ruangpanyawut) ကို ခန့်အပ်ထားပါတယ်။

သူက ရွေးကောက်ပွဲမှာ နှစ်ကြိမ်အနိုင်ရရှိထားတဲ့ လူငယ်အမတ်တစ်ဦးပါ။

ဖျက်သိမ်းခံရတဲ့ Move Forward ပါတီရဲ့ လွှတ်တော်အမတ် ၁၄၃ ဦးစလုံး ပါတီအသစ်ရဲ့ ပါတီဝင်တွေအနေနဲ့ လျှောက်ထားပြီးဖြစ်ပါတယ်။

Move Forward ပါတီ ဖျက်သိမ်းမခံရမီ ပါတီဝင်လွှတ်တော်အမတ် ၁၄၈ နေရာရှိပါတယ်။ ခုံရုံးရဲ့ အမိန့်ကြောင့် ပါတီ ဦးဆောင်သူတွေထဲက အမတ်နေရာ ၅ နေရာလက်လွှတ်လိုက်ရတာပါ။

ပြီးခဲ့သောနှစ် မေလရွေးကောက်ပွဲမှာ ပြည်သူ ၁၄ သန်းကျော်ရဲ့မဲနဲ့ အနိုင်ရရှိထားတဲ့ Move Forward ပါတီကို ဖျက်သိမ်းဖို့ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။

Ref: The Nation Thailand

………………………………..

ဗီယက်နမ်သမ္မတကို ကွန်မြူနစ်ပါတီ အကြီးအကဲခန့်

ဗီယက်နမ်သမ္မတ တိုလမ်ကို ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲအဖြစ် ဩဂုတ်လ ၃ ရက်နေ့မှာ အတည်ပြု ခန့်အပ်လိုက်ပါတယ်။

ဇူလိုင် ၁၉ ရက်နေ့က ကွယ်လွန်သွားတဲ့ ပါတီအကြီးအကဲနေရာမှာ အစားထိုး ခန့်အပ်လိုက်တာပါ။

ကွယ်လွန်သွားတဲ့ ပါတီအကြီးအကဲ Nguyen Phu Trong က ရာထူးလက်ခံရယူခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို့ ဗီယက်နမ် နိုင်ငံရေးလောကကို လွှမ်းမိုးထားခဲ့သူတစ်ဦးဖြစ်ပါတယ်။

အခု သမ္မတ တိုလမ်ဟာ ဗီယက်နမ်နိုင်ငံမှာ နိုင်ငံရေးအရ ဩဇာအရှိဆုံးရာထူးဖြစ်တဲ့ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရာထူးကို ရရှိခဲ့တာဖြစ်ပါတယ်။

ပါတီခေါင်းဆောင်ရှိဖို့ အရေးပေါ်လိုအပ်တာကြောင့် သူ့ကို ရွေးချယ်ခန့်အပ်တာလို့ သူက ဆိုထားပါတယ်။

Ref: DW

………………………………..

လက်ဘနွန်မှာ စစ်ဖြစ်လာနိုင်လို့ နိုင်ငံခြားသားတွေထွက်ခွာဖို့ သတိပေး

လက်ဘနွန်နိုင်ငံမှာ စစ်ဖြစ်ဖို့အခြေအနေတွေ ပိုတိုးလာနေတာကြောင့် နိုင်ငံခြားသားတွေအနေနဲ့ နိုင်ငံကနေ အမြန်ဆုံးထွက်ခွာကြဖို့ ပြင်သစ်၊ ကနေဒါ၊ အမေရိကန်၊ ယူကေနဲ့ အခြားနိုင်ငံတွေက အရေးပေါ် တိုက်တွန်းလိုက်ပါတယ်။

ဟစ်ဘိုလာနဲ့ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင် ၂ ဦး အသတ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး အရှေ့အလယ်ပိုင်းမှာ တင်းမာနေချိန် အီရန်က လက်တုံ့ပြန်ဖို့ ပြင်နေတာပါ။

အီရန်က လက်တုံ့ပြန်ဖို့ ပြင်ဆင်နေချိန်မှာပဲ လက်ဘနွန်နိုင်ငံရဲ့ အခြေအနေဟာ အလွန်ကို မတည်မငြိမ် ဖြစ်နေတယ်လို့ အနောက်နိုင်ငံတွေက သတိပေးထားပါတယ်။

လုံခြုံရေးအရ အလွန်မတည်မငြိမ် ဖြစ်နေလို့ နိုင်ငံခြားသားတွေအနေနဲ့ လက်ဘနွန်နိုင်ငံကို ခရီးမသွားဖို့နဲ့ လက်ဘနွန်နိုင်ငံထဲမှာ ရှိနေပြီးသားသူတွေအနေနဲ့ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာဖို့ သူတို့နိုင်ငံတွေက သတိပေးခဲ့ပါတယ်။

လက်ဘနွန်ကို ခရီးမသွားကြဖို့ သတိပေးချက်မျိုးကို အမေရိကန် နဲ့ ဗြိတိန်နိုင်ငံတွေကလည်း ထုတ်ပြန်ထားပါတယ်။

Ref: BBC

………………………………..

ဗြိတိန်မှာ မွတ်ဆလင်ဆန့်ကျင်ရေး ဆန္ဒပြပွဲနဲ့ အဓိရုဏ်း ဖြစ်ပွား

ဗြိတိန်နိုင်ငံမှာ မူဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းနဲ့ ဆန္ဒပြပွဲတွေ ထပ်ပေါ်ပေါက်လာနေခဲ့ပါတယ်။

နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားတဲ့ ဟိုတယ်တွေနဲ့ ရွှေ့ပြောင်းဝင်လာသူတွေကို ကူညီပေးနေတဲ့ ရှေ့နေ ရုံးတွေကို တိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်နေကြတာပါ။

အင်္ဂလန်မှာ ကလေးငယ် သုံးဦး ဓားနဲ့ တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးခဲ့တဲ့အမှုမှာ တိုက်ခိုက်တဲ့သူဟာ အစ္စလာမ်ဘာသာဝင် ရွှေ့ပြောင်းဝင်လာသူတွေထဲက ဖြစ်တယ်လို့ ကောလဟာလတွေ တက်လာခဲ့ပါတယ်။

ဒီလိုပျံ့နှံ့ခဲ့ရာကနေ အကြမ်းဖက် ဆန္ဒပြပွဲနဲ့ အဓိကရုဏ်းတွေ နိုင်ငံတဝန်း ပေါ်ပေါက်နေတာပါ။

ဗြိတိန်နိုင်ငံ သမိုင်းမှာ ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံး အကြမ်းဖက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

Ref: CNN

………………………………..

ရုရှားနယ်မြေထဲကို ယူကရိန်း တိုက်ခိုက်

ရုရှားအနောက်တောင်ပိုင်းက ကာစ့်ခ်ဒေသကို ယူကရိန်းတပ်တွေက လက်နက်ကြီးတွေနဲ့ ကျူးကျော်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားသမ္မတပူတင်က ဩဂုတ်လ ၈ ရက်နေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

ယူကရိန်းက ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက် Kursk (ကာစ့်ခ်) ဒေသခံတွေကတော့ လာကူညီပေးဖို့ သမ္မတပူတင်ကို အကူအညီတောင်းခံနေကြတာပါ။

ဒီလို Kursk ဒေသကို ယူကရိန်းက ပြန်လည်ကျူးကျော်တိုက်ခိုက်နေတာဟာ အမေရိကန်နိုင်ငံနဲ့ ယူကရိန်းအာဏာပိုင်တွေအတွက် အံ့ဩစရာဖြစ်ရပ် ဖြစ်နေခဲ့ပါတယ်။

ယူကရိန်းက ဝင်ရောက်ကျူးကျော်ခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့ကစလို့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၆၆ ဦး ဒဏ်ရာရရှိထားတယ်လို့ ရုရှားကျန်းမာရေးဝန်ကြီးဘက်က ထုတ်ပြန်ထားပါတယ်။

Ref: CNN

………………………………..

အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနဲ့ ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်

အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျတို့နဲ့အတူ ဖိလစ်ပိုင်နိုင်ငံက နှစ်ရက်ကြာ ရေကြောင်းနဲ့ လေကြာင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေကို ဩဂုတ်လ ၇ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲ နယ်မြေပိုင်ဆိုင်မှုနဲ့ပက်သက်လို့ တရုတ်နဲ့ တင်းမာနေချိန် လေးနိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာပါ။

စစ်ရေးလေ့ကျင့်မှုက အင်ဒို-ပစိဖိတ်ဒေသအတွင်း လွတ်လပ်မှု ပွင့်လင်းမှုရှိရေး ဒေသတွင်းနဲ့ နိုင်ငံတကာတို့ရဲ့ ပူးပေါင်း စွမ်းအားတွေနဲ့ လက်တွဲ လုပ်ဆောင်သွားဖို့ ပြသတာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲက ရေပိုင်နက် အများစုကို တရုတ်က သူတို့အပိုင်လို့ပြောပြီး ဒေသတွင်းနိုင်ငံတွေနဲ့ ပိုင်ဆိုင်မှုကိစ္စ ဆက်လက် အငြင်းပွားနေတာဖြစ်ပါတယ်။

Ref: CNA

………………………………..

အမေရိကန်သမ္မတလောင်းနှစ်ဦး စက်တင်ဘာမှာ စကားစစ်ထိုးမယ်

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းတွေဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက ကယ်မလာဟဲရစ်နဲ့ ရီပတ်ဘလစ်ကန်ပါတီက ဒေါ်နယ်ထရမ့်တို့နှစ်ဦး လာမယ့်စက်တင်ဘာလထဲမှာ စကားစစ်ထိုးပွဲပြုလုပ်မယ်လို့ ကြေညာပါတယ်။

စက်တင်ဘာ ၄ ရက်နေ့မှာ Fox သတင်းဌာန၊ စက်တင်ဘာ ၁၀ ရက်နေ့မှာ ABC နဲ့ နောက်ဆုံး စက်တင်ဘာ ၂၅ ရက်နေ့မှာ NBC သတင်းဌာနတွေမှာ စကားစစ်ထိုးဖို့ စီစဉ်ထားပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ ABC သတင်းဌာနမှာ လုပ်မယ့် စကားစစ်ထိုးပွဲကိုတော့ နှစ်ဘက်စလုံးက သဘောတူထားပြီးဖြစ်ပါတယ်။

Fox သတင်းဌာနမှာလုပ်မယ့် စကားစစ်ထိုးပွဲအတွက်တော့ ကယ်မလာဟဲရစ်ဘက်က လက်မခံသေးပါဘူး။

Ref: BBC

………………………………..

ကမ္ဘာကျော် ဘောလုံးသမား မက်ဆီအိမ် ခြံတံတိုင်း ဆေးမှုတ်ခံရ

ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ် မက်ဆီရဲ့ အိမ်စည်းရိုး တံတိုင်း ဩဂုတ်လ ၆ ရက်နေ့က ဆေးနဲ့မှုတ်ခံရ ပါတယ်။

စပိန်နိုင်ငံက နာမည်ကျော် အပန်းဖြေကမ်းခြေကျွန်းဖြစ်တဲ့ အစ်ဘီဇာကျွန်းက လီယွန်နယ် မက်ဆီရဲ့ ခြံတံတိုင်း ဆေးနဲ့ အမှုတ်ခံလိုက်ရတာပါ။

ရာသီဥတုထိန်းသိမ်းရေး လှုပ်ရှားသူတွေရဲ့ Futuro Vegetal အဖွဲ့ဝင်တွေက ဆေးနဲ့ မှုတ်ခဲ့တာဖြစ်ပါတယ်။

ညဘက်မှာ ခြံတံတိုင်းကို ဆေးနဲ့လိုက်မှုတ်နေတဲ့ ဗွီဒီယိုကို ဒီအဖွဲ့ကပဲ ဖြန့်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးသူတွေက ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး တာဝန်ယူမှုမရှိတာကို ရှုတ်ချထားတာဖြစ်ပါတယ်။

ကမ္ဘာမှာကြုံတွေ့နေရတဲ့ ဥတုရာသီပြောင်းလဲမှု ပြဿနာကို ကမ္ဘာ့အချမ်းသားဆုံးလူများကလည်း တာဝန်ယူပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။

Ref: France24

………………………………..