BREAKING
September 16, 2024

ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်၊ ရွာသား ၁၀ဦးထက်မနည်းကို စစ်ကောင်စီစစ်ကြောင်းဖမ်းခေါ်

August 9, 2024

ပုံစာ - NMSP-AD တပ်ဖွဲ့ဝင်များ။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများနှင့် NMSP-AD တို့ထံမှ သိရသည်။

မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၁၀၆၊ ခမရ ၅၈၈ တပ်ရင်းက အင်အား ၁၂၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် မြို့ဟောင်းကျေးရွာဘက်သို့ ဝင်ရောက်လာချိန် NMSP-AD ၊ YPDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် ဩဂုတ်လ ၈ ရက် ညနေ ၃ နာရီတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်းNMSP-AD ထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲသည် ည ၉ နာရီခွဲထိ ဖြစ်ပွားခဲ့ပြီး ယနေ့ ဩဂုတ်လ ၉ ရက် နံနက်ပိုင်းတွင်လည်း ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“မနေ့က ညနေလောက်မှာ သေနတ်သံတွေ စကြားရတယ်။ တိုက်ပွဲက ညပိုင်းအထိပဲ။ ဒီမနက်မှာလည်း သေနတ်သံ ထပ်ကြားတယ်။ အခြေအနေအသေးစိတ်ကိုတော့ မသိရဘူး။ ရေးမှာ ဒီတလော တိုက်ပွဲက နေ့တိုင်းလိုလိုဖြစ်နေယ်။ စစ်ကြောင်းလည်း ဝင်နေတယ်” ဟု ရေးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် မြို့ဟောင်းကျေးရွာမှ ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ခြောက်ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တစ်ဦး သေဆုံးကြောင်း NMSP-AD ဘက်က ထုတ်ပြန်ထားသည်။

အထိနာသွားသည့် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့သော်လည်း နှစ်ဖက်စစ်ရေး တင်းမာနေဆဲ ဖြစ်သောကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သေးကြောင်းလည်း ဒေသခံတို့က ပြောသည်။

မြို့ဟောင်းကျေးရွာထဲသို့ ဝင်ရောက်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင် သွားပြီး နေအိမ်အချို့ကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေသခံတို့မှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ၎င်းတို့က ဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် သံဖြူဇရပ်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက အင်အားတိုးချဲ့လာနေပြီး ဇူလိုင်လ အတွင်းမှာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့သည်။

ရေးမြို့နယ်ထဲကို စစ်ကောင်စီက ရေကြောင်း၊ ကုန်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ပြီး လက်ရှိတွင် သံဖြူဇရပ်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမတစ်လျှောက် ကင်းပုန်းချထားသည့်အပြင် လမ်းတစ်လျှောက်ရှိ ကျေးရွာတို့တွင် ဝင်ရောက် တပ်စွဲထားပြီး ဒေသတွင်းစစ်ရေးလှုပ်ရှားနေကြောင် ဒေသခံတို့က ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း စစ်ကောင်စီစစ်ကြောင်းတို့ကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီ တပ်စွဲ ထားသည့်နေရာတို့ကို ဝင်ရောက်တိုက်ခိုက်ခြင်း ဆက်တိုက်ပြုလုပ်နေပြီး ဒေသတွင်း တိုက်ပွဲနေ့စဉ်နီးပါး ဖြစ်ပွားနေသည်။

စစ်ရေးတင်းမာနေသည့် ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းမသွားလာရန် တော်လှန်ရေးအင်အားတို့က ဩဂုတ်လ ၅ ရက်နေ့က ကန့်သတ်ထားလိုက်သည်။