BREAKING
January 15, 2025

တိုက်ပွဲမဖြစ်ဘဲ တနင်္သာရီက ကျေးရွာလေးရွာကို တိုက်လေယာဉ်နှစ်စင်းဖြင့်ဗုံးကြဲ

August 9, 2024

ပုံစာ - စစ်ကောင်စီလေတပ်၏ K8 W တိုက်လေယာဉ်တစ်စီးအား တွေ့ရစဉ်။

တနင်္သာရီမြို့နယ်ရှိ ကျေးရွာလေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်အချို့ထံမှ သိရသည်။

ဩဂုတ်လ ၈ ရက် နေ့လယ်၁၂ နာရီဝန်းကျင်က ကျောက်မိကျောင်း၊ သကျက်ချောင်းဝ၊ မုတ်ဆိတ်ကွင်းနှင့် ကွင်းသစ် ကျေးရွာတို့ကို K 8W ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် မိနစ်ပိုင်းခြားပြီး ဗုံးကြဲခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ဗုံးကြဲတိုက်ခိုက်သည့်အပြင် ပွိုင့်ဖိုက်(ပွိုင့်5) စက်သေနတ်ဖြင့်ပစ်ခတ်ပြီး ရော့ကတ်ဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း-၂၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“အခုကြဲသွားတာက အရင်ကတစ်ခါမှ မကြဲခဲ့ဖူးတဲ့နေရာတွေလို့ ပြောလို့ရတယ်။ အဓိကက သူတို့ (စကစ) က ညောင်ပင်ကွင်း (၅၆၁) တပ်ရင်းဘက် သွားတဲ့လမ်းတစ်လျှောက်က ရွာတွေကို တော်လှန်ရေးရဲဘော်တွေ ရှိတယ်ဆိုပြီး ရမ်းသမ်းကြဲတာမျိုးပါ” ဟု ၎င်းက ပြောဆိုသည်။

လတ်တလောအချက်အလက်များအရ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု မရှိသေးကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် ကျေးရွာများတွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဒေသခံအချို့နှင့် အဆိုပါပြန်ကြားရေးတာဝန်ခံတို့က ပြောဆိုသည်။

“ရွာမှာ လာပစ်သွားသေးတာ။ ရွာကိုပတ်ပြီးမှ ပစ်သွားတာနှစ်ကြိမ်တောင်ကြဲခဲ့တာ။ အသံကတော့ တော်တော် ကျယ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်နေခြင်းမှာ အရပ်သားများကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းသာဖြစ်ကြောင်း စစ်ကြောင်း-၂ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ဧပြီလ ၇ ရက်ကလည်း တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုရှိ သကျက်၊ တောင်ဘိန်း၊ ဆင်ခေါင်း၊ ကွင်းသစ်၊ ကျွဲထိန်းကုန်းရွာတို့ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ဇူလိုင်လ ၃၀ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သေးသည်။

တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ရေးတင်းမာနေသည့် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီလေတပ်သည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။

ဩဂုတ်လ ၆ရက်နှင့် ၇ရက်က တနင်္သာရီမြို့နယ်ထဲတွင် စစ်ကောင်စီတပ် ရိက္ခာပို့သည့်ကားများကို တော်လှန်ရေးတပ်များ က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ နောက်တစ်ရက် ဩဂုတ်လ ၈ရက်တွင်လည်း ညောင်ပင်ကွင်းနှင့် သမုတ်ချုံးကျေးရွာဝန်းကျင် တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ခဲ့သည်။