BREAKING
September 19, 2024

ကျပ်တစ်သိန်း ဘတ် ၆၀၀ အောက်ရောက်ရှိ၊ ကျပ်ငွေတန်ဖိုး စံချိန်တင်ကျ

August 9, 2024

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ကျပ်တစ်သိန်းလျှင် ထိုင်းငွေ ဘတ်ခြောက်ရာအောက်သို့ စံချိန်တင်ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယနေ့ (ဩဂုတ် ၉) နံနက်ပေါက်ဈေးအရ မြန်မာငွေတစ်သိန်းလျှင် ၅၉၀ ဘတ်သာရှိတော့သောကြောင့် ထိုင်းငွေတစ်ဘတ်လျှင် ၁၆၉ ကျပ်ဈေး ဖြစ်သွားသည်။

ဩဂုတ်လ ၈ ရက်နေ့ကမူ မြန်မာငွေတစ်သိန်းလျှင် ၆၅၀ ပေါက်ဈေးရှိခဲ့ပြီး ယနေ့တွင် ကျပ်ငွေတန်ဖိုးဆက်တိုက် ကျဆင်းလာခြင်းဖြစ်သည်။

ယနေ့ပေါက်ဈေးဖြစ်သည့် ကျပ်တစ်သိန်းလျှင် ၅၉၀ ဘတ်မှာ ကျပ်ငွေမှ ဘတ်ငွေလဲလှယ်ရာတွင်ရသည့်နှုန်းထား ဖြစ်ပြီး ဘတ်ငွေမှ ကျပ်ငွေလဲလှယ်ပါက ၆၂၀ ဘတ်လျှင် ကျပ်တစ်သိန်းပေါက်ဈေးရှိသည်။

ငွေလွှဲရာတွင် ဝန်ဆောင်ခအနေဖြင့် ကျပ်တစ်သိန်းလျှင် ၁၅ ဘတ်မှ ဘတ် ၃၀ အထိ ဈေးခွာထားလေ့ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စစ်ကောင်စီက ငွေကြေးလိုအပ်ချက်များပြားလာသည့်အတွက် ငွေစက္ကူအသစ်ရိုက်ထုတ်ခြင်း၊ ဘဏ်များအပေါ် လူထုယုံကြည်မှုလျော့ကျသွားခြင်း၊ ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခြင်း ဖြစ်နိုင်ကြောင်း ထားဝယ်ဒေသရှိ ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“စစ်ကောင်စီက ငွေစက္ကူတွေရိုက်ထုတ်ပြီး ဒေါ်လာစုနေတာကြောင့်တက်တာ။ ဒီအကြောင်းအရာပဲရှိတယ်။ အခြားအကြောင်းအရာမရှိဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းလည်း ဆက်တိုက်တက်နေပြီး တစ်ဒေါ်လာလျှင် ၅၈၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြောက်နေသည်။

ထိုသို့ ကျပ်ငွေတန်ဖိုးကျပြီး ဘတ်ဈေးတက်နေသည့်အတွက် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို အဓိကသုံးစွဲနေသည့် တနင်္သာရီတိုင်းအတွင်း ကုန်ဈေးနှုန်းပိုတက်လာကြောင်း ဒေသခံများက ဆိုသည်။

“ဈေးတွေကတော့ တစ်နေ့နဲ့တစ်နေ့တောင်မတူဘူး၊ တက်လာလိုက်တာ၊ ဒီကြားထဲ အလုပ်ကလည်း အရမ်းရှားလာတယ်”ဟု ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်တွင်းပဋိပက္ခများနှင့် လူထုက ဘဏ်များအပေါ် ယုံကြည်မှုကျဆင်း နေခြင်းနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းတို့ကြောင့် လူအများစုမှာ ကျပ်ငွေမကိုင်ထားကြတော့ဘဲ ပိုမိုခိုင်မာသည့် ဒေါ်လာ၊ဘတ် ကဲ့သို့ နိုင်ငံခြားငွေနှင့် ရွှေဝယ်ယူစုဆောင်းသူများလာသည်။

သို့ရာတွင် အခေါက်ရွှေဈေးကလည်း တစ်ကျပ်သားလျှင် သိန်း ၇၀ ကျော်အထိ တက်နေသည့်အတွက် ထိုင်းဘတ်ကဲ့သို့ နိုင်ငံခြားငွေကို ဝယ်ယူစုဆောင်းသူ များလာနေခြင်းဖြစ်သည်။