စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် စစ်ကောင်စီတပ်၏ Mi-17 ထောက်ပို့ရဟတ်ယာဉ်ကို ဗုံးချတိုက်ခိုက်ခဲ့သည့် ရုပ်သံ မှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၉ရက်တွင် ထုတ်ပြန်သည်။
အဆိုပါရဟတ်ယာဥ်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၆ရက် ညနေပိုင်းက မြေပြင်၌ ပစ္စည်းချပြီး ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီ တပ်သားများကို တင်ဆောင်နေစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။
ရဟတ်ယာဉ် အမြီးပိုင်းနှင့် လူတင်နေသော အနောက်တံခါးပေါက်အနီးသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ရဟတ်ယာဉ် ထိခိုက်ပျက်စီးသည့်အပြင် စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းက အရာရှိအပါအဝင် ခုနစ်ဦး နေရာတွင်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းအပြင် ရဟတ်ယာဥ်မှူးတစ်ဦး အပါအဝင် ၁၇ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး အခြား ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိခဲ့ကြောင်းဖော်ပြသည်။
Mi-17 ထောက်ပို့ရဟတ်ယာဉ်က ပြုတ်ကျကျန်ရစ်သော အရေးပေါ် တံခါးပေါက်ကိုလည်း သိမ်းဆည်းရမိထားကြောင်း ထုတ်ပြန်ထားသည်။