BREAKING
January 16, 2025

ညောင်ပင်ကွင်းတံတား စစ်ကောင်စီတပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ် တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်

August 9, 2024

ပုံစာ - မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ ၏ တပ်ဖွဲ့ဝင်များ။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းတံတားရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၈ရက် နံနက် ၁၁ နာရီခန့်မှ မွန်းလွဲ ၁နာရီခွဲအထိ တိုက်ခိုက်သံများကြားရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုအပါအဝင် တိုက်ပွဲအခြေအနေအသေးစိတ်ကို အတည်ပြုနေဆဲ ဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ ၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့အချိန်မှာ စကစ က တနင်္သာရီမြို့ပေါ်ကနေရော ညောင်ပင်ကွင်း ၅၆၁ တပ်ရင်းကပါ လက်နက်ကြီးတွေနဲ့ တစ်နေ့လုံး နားနားပြီးပစ်နေတယ်။ ရမ်းသမ်းပစ်တာမျိုးပေါ့”ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များက ဆင်ခေါင်း၊ ငါးမိုင်ရွာ စသည့် ကျေးရွာများဘက်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကနဦးအချက်အလက်များအရ ဒေသခံများ ထိခိုက်မှုမရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ညနေ ၆ ခွဲခန့်ကလည်း တော်လှန်ရေးပူးပေါင်းတပ်များ အထက်ပါတံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးချပြီး ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ညောင်ပင်ကွင်းရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“တံတားဘေးက စကစ ကင်းကို လာပစ်တာထင်တယ်။ ဒရုန်းဗုံးသံအကျယ်ကြီးပဲ။ မီးစက်လည်း သတ်လိုက်တော့ တစ်ရွာလုံးမှောင်မဲပြီး တိတ်ဆိတ်နေ‌ရောပဲ။ တစ်နေ့လုံးတိုက်ပွဲအတွင်း လေယာဉ်လာမှာကိုလည်း စိုးရိမ်နေရတယ်” ဟု ၎င်းက ပြောသည်။

ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း အဆိုပါဒေသခံက ပြောဆိုသည်။

တနင်္သာရီမြို့နယ်အတွင်း ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး ဩဂုတ်လ ၆ရက်နှင့် ၇ရက်နေ့ကလည်း စစ်ကောင်စီတပ်ရိက္ခာကားကို တော်လှန်ရေးပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဩဂုတ်လ ၇ရက်တွင် တနင်္သာရီမြို့နယ်ရှိ ကျေးရွာငါးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။