[အခန်း ၁၈]
စစ်ဖိနပ်သံ ကြမ်းကြမ်းများ။
“ဪ . . . တပ်မတော်ကို ရဲရဲတောက်ခုခံတိုက်ခိုက်နေတာ . . . ဘယ်သူများလဲလို့ . . . တစ်ချိန်က နာမည်ကြီးခဲ့တဲ့ . . . အမေရိကန်ပြန် ဗိုလ်ကြီးကြည်ကြည်ဆွေ ပါလားဗျ”
စစ်ကြောင်းမှူး ဗိုလ်မှူးဘစိန် က လဲကျနေသော ကြည်ကြည်၏ ခြေသလုံးမှ ဒဏ်ရာကို စစ်ဖိနပ်ဖြင့် ဖိနင်းပြီး ပြောလိုက်သည်။
“ဘယ်လိုလဲ . . . သစ္စာဖောက်မ . . . ကွန်မြူနစ်လုပ်ရတာ . . . တော်တော်မှ စိမ့်ရဲ့လား . .
. ဟားဟား”
ကြည်ကြည်က ဘာတစ်ခွန်းမှ မပြော။ နာကျင်မှုကို အံကြိတ်တင်းခံလျက် မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့်သာ ဗိုလ်မှူးဘစိန်ကို ကြည့်နေသည်။
ကြည်ကြည်၏ အကြည့်ကြောင့် ဗိုလ်မှူးဘစိန်မှာ အနည်းငယ် နေရထိုင်ရခက်သွား၏။
“ခင်ဗျားကို အရှင်မဖမ်းဘဲ . . . တွေ့ရာနေရာမှာပစ်သတ်ဖို့ တိုင်းမှူးကြီးကိုယ်တိုင်က အမိန့်ပေးထားတယ်ဗျ . . . ဒါပေမယ့် . . . ခင်ဗျားက ကျုပ်ရဲ့ စီနီယာအရာရှိလည်း ဖြစ်ဖူးတယ်ဆိုတော့ . . . အခွင့်အရေးတစ်ခုပေးမယ် . . . ဗိုလ်ယူစိန် ဘယ်ရောက်သွားလဲ . . . အဲ့ဒီမေးခွန်းကိုဖြေရင် . . . အသက်ရှင်ခွင်ပေးမယ် . . . လူကြီးတွေဆီကိုလည် ကျုပ် အသနားခံပေးပါ့မယ်”
“……………………………………………..”
ဗိုလ်မှူးဘစိန်က သူ့ပုခုံးပေါ်မှ သပြေခက်အနက်ရောင်ကို ညာလက်ဖြင့် ပွတ်သပ်လိုက်ရင်း ပြုံးနေ၏။
“ကဲ . . . ပြောပါ . . . ဗိုလ်ကြီးကြည်ကြည်ဆွေရဲ့ . . . တပ်မတော်အပေါ် ခင်ဗျားသစ္စာဖောက်ပြီးပြီပဲ . . . ဒီတခါတော့ သစ္စာပြန်ရှိလိုက်ပါ”
“ကျွန်မ ပြောပါ့မယ်”
“ဟား . . . ဒီလိုမှပေါ့ဗျာ . . . နောက်ဆုံးတော့လည်း တပ်မတော်ရဲ့သဘောထားအမှန်ကို ခင်ဗျားနားလည်ပြီပဲ . . . ဟားဟား”
.”ဗိုလ်ယူစိန်က . . . အ . . . အား . . . ကျွတ် . . . ရွာမှာ . . . ရွာမှာ”
ကြည်ကြည်ဆွေ၏ အသံက တိုးလျနေသည်။ သွေးထွက်လွန်နေသဖြင့် ညည်းညူသံဖြင့် ဗလုံးဗထွေး။
“ဘာရွာလဲ . . . ဘာရွာ . . . ပြန်ပြောပါဦး”
ဗိုလ်မှူးဘစိန် က ဒူးထောက်ထိုင်ချကာ ကြည်ကြည်ဆွေ အနားကပ်လိုက်၏။
ကြည်ကြည်ဆွေက မဟို၏ အလောင်းဘေးတွင်ရှိနေသော ဓားကို ရုတ်တရက်ဆုပ်ကိုင်ကာ ဗိုလ်မှူးဘစိန်၏ကို သိုင်းဖက်ကာ လည်မြိုကို ထိုးစိုက်ချလိုက်တော့သည်။
“အား”
“ဟာ . . . ဒီကောင်မ . . . ဗိုလ်မှူး . . . ဗိုလ်မှူး”
အနောက်မှ စစ်သားများက ကြည်ကြည်ဆွေကို သေနတ်ဒင်များနှင့် ဝိုင်းထုကြသည်။
ကြည်ကြည်ဆွေကား မလွှတ်။
ဓားမြှောင်က ဗိုလ်မှူးဘစိန်၏ လည်မြိုအဆုံးထိ စိုက်ဝင်သွား၏။
“ဒိုင်း”
နောက်ဆုံးတွင် . . . ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်ကြီးဝင်းမြင့် က ကြည်ကြည်ဆွေ၏ နားထင်ကို တေ့ကာ သေနတ်ဖြင့် ပစ်ချလိုက်တော့သည်။
ကြည်ကြည်ဆွေ လဲကျသွားမှ ဗိုလ်မှူးဘစိန်ရှိရာ ငယ်သားများက ပြေးသွားကြ၏။
ဗိုလ်မှူးဘစိန် ကား အသက်ကို ခက်ခက်ခဲခဲရှူရင်း . . . ဝေဒနာကို ခံစားကာ အသက်ထွက်သွားတော့သည်။
အမှောင်ထုထဲတွင် စစ်သားတစ်စုမှာ မည်သည့်စကားမျှ မပြောနိုင်ဘဲ ခေတ္တမျှ ရပ်တန့်နေကြ၏။
“ခဏနေ နေဝင်တော့မယ် . . . ဒီတော့ စစ်ကြောင်းမှူးအလောင်းကို စခန်းကုန်းပေါ် ပြန်သယ်ကြမယ် . . . ဒီစခန်းကနေ ထွက်ပြေးသွားသူတွေရှိကောင်းရှိနိုင်တယ် . . . ဆရာကြီးမြထွန်းနဲ့ အဖွဲ့က ချောင်းဖျားအထိ လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ပါ . . . ကွန်မြူနစ်မရှားဘူး .အရှင်မလိုချင်ဘူး . . . အကုန်ရှင်းလင်းပြီးမှ ပြန်တက်လာခဲ့ပါ”
ကာဘိုင်သေနတ်ကိုင်ထားသော တပ်ကြပ်ကြီးမြထွန်းနှင့် တပ်သားလေးယောက်က ထွက်ခွာသွားကြ၏။
ခဏအကြာ စစ်သားများက သူတိုစစ်ကြောင်းမှူး၏ အလောင်းကိုသယ်ကာ ကုန်းပေါ်သို့ ပြန်တက်သွားကြသည်။
ခပ်ဝေးဝေးမှ ချောင်းရေစီးသံတသွင်သွင်။
သို့သော် . . . ကြည်ကြည်ဆွေဟူသော အမျိုးသမီးတစ်ယောက်မှာ ထိုအသံကို မကြားနိုင်တော့။ သူရဲကောင်းဆန်စွာဖြင့် လောကကို စွန့်လွှတ်သွားခဲ့ပေပြီ။
……………………………………………
ထားဝယ်ခရိုင်။ သရက်ချောင်းမြို့နယ်။ သံခွချောင်းဖျားစခန်းဟောင်း။
ဝင်လက်စ နေရောင်သည် မုတ်သုံသစ်တောအုပ်စိမ်းညို့ညို့ပေါ်သို့ ဖြာလျက်။
အဖျားနေရာမှ ကျိုးသွားပြီဖြစ်သော ချိုင်းထောက်ကြောင့် မိုးကြည်မှာ စခန်းကုန်းပေါ်သို့ မနည်းတက်နေရသည်။
သို့သော် သည်စခန်းမှာ သူမငယ်စဉ် က နေထိုင်ခဲ့ဖူးသော စခန်းဟောင်းဖြစ်သဖြင့် မစိမ်းလှ။
နီနီရိန်မှာလည်း မောဟိုက်နေပေပြီ။
“ဒီကုန်းကို ကျော်ဆင်းလိုက်ရင် . . . ရွာရောက်ပါပြီ . . . နီနီ”
“သမီးမောတယ် . . . မမ . . . ခဏလောက်နားပါရစေလား”
“အင်း . . . စခန်းဟောင်းမှာ တဲပျက်တွေတော့ ရှိတယ် . . . နေလည်းဝင်တော့မှာဆိုတော့.အဲဒီပေါ်မှာ ခဏနားကြမယ်လေ”
မိုးကြည်က နှစ်ပေါင်းများစွာပစ်ထားရစ်ခဲ့ရသော စခန်းကုန်းကို တစ်ချက်ကြည့်လိုက်သည်။
သူမ၏ ငယ်ဘဝ။ ပြီးတော့ သူမ၏ မိခင် ရီရီ။ ထားဝယ်အမျိုးသမီးသမဂ္ဂမှ အမျိုးသမီးခေါင်းဆောင်များ။ ပြီးတော့ . . . သူမချစ်သော သူငယ်ချင်းများ။
စစ်တပ်၏ လက်ချက်ဖြင့် သည်နေရာတွင် သေဆုံးခဲ့ရသည်။
ယခုလည်း မိုးကြည်နှင့် နီနီရိန်တို့မှာ အသက်လုပြေးခဲ့ရပြန်၏။
ဟောင်းနွမ်းဆွေးမြည့်နေသော တဲပေါ်တွင် . . . မိုးကြည်နှင့် နီနီ ညီအစ်မနှစ်ယောက် လှဲလျောင်းလိုက်ကြသည်။
“မေမေ . . . ရော . . . အဆင်ပြေရဲ့လားမသိဘူး”
နီနီရိန်၏ အမေးကို မိုးကြည် မဖြေဖြစ်။
ဒီနေရာ၊ ဒီစခန်း က သူ့အတိတ်ကို ပြန်လည်တူးဆွနေသည်။
သေတွင်းမှ လွတ်လာသည့် တုန်လှုပ်စိတ်၊ ပင်ပန်းမှုများနှင့် စခန်းဟောင်းကြီးပေါ် သူတို့ အိပ်ပျော်သွားကြ၏။
……………………………………………
ခြင်သံများတဝီဝီကြောင့် မိုးကြည် နိုးလာသည်။
နီနီရိန်ကတော့ အိပ်မောကျလျက်။
“ချွတ် . . . ချွတ်”
အောက်ဘက်ဆီမှ အသံအချို့ကြားရသည်။ စစ်ဖိနပ်သံများဖြစ်ကြောင်း အတွေ့အကြုံအရ မိုးကြည်သိလိုက်၏။
နီနီရိန်ကို အသာလေး ပုတ်နိုးလိုက်သည်။ ထို့နောက် လက်ညှိးနှင့် နှုတ်ခမ်းကို ကပ်ထားလိုက်၏။
လပြည့်ညမို့ လက ထိန်ထိန်သာဖြာကျနေသည်။
လူရိပ်များက သူတို့နေရာတဲနားသို့ ကပ်လာနေသည်ကို မြင်နေရ၏။
မိုးကြည်က သူ့နဘေးမှ ချိုင်းထောက်ကိုသာ လက်ဖြင့် ဆုပ်ကိုင်ထားသည်။ သူ့တွင် ခုခံစရာကား သည်လက်နက်သာ။
“လက်ကို ခေါင်းပေါ်တင်ပြီး ဒီကို ဆင်းလာခဲ့ပါ . . . မင်းတို့ ရှိတာ ငါတို့သိတယ်”
မိုးကြည်က စိတ်ကိုဒုံးဒုံးချလိုက်သည်။
“ကျွန်မတို့ အသက်ကို ချမ်းသာပေးပါ . . . ကျွန်မညီမလေးကလည်း ကလေးပဲ ရှိပါသေးတယ်”
စစ်သားငါးယောက်က သူတို့ကို ဝိုင်းလိုက်ကြသည်။
“နင်တို့ ဘယ်ကလဲ”
“ကျွန်မတို့ . . . ဒီနားက ရွာကပါ”
“နင်တို့ ချောင်းဖျားစခန်းက ပြေးလာတဲ့ ကွန်မြူနစ်တွေမဟုတ်လား”
“မ . . . မဟုတ် . . . ပါဘူး”
“နင့်လက်ထဲက ဘာလဲ . . . ပေးစမ်း”
“ချိုင်းထောက်ပါ . . . ကျွန်မက ခြေထောက်မသန်ပါဘူး”
“ဆရာကြီးမြထွန်း . . . ရွာက သာမန် ကလေးတွေနေပါမယ်ဗျာ . . . ထားခဲ့လိုက်ကြရအောင်”
“ဟေ့ကောင် . . . ငရန် . . . မင်းက ဘာနားလည်လဲ . . . ဒီလောက်တိုက်ပွဲတွေဖြစ်နေတာ . . . ဘယ်ရွာသားမှ ဒီအချိန်ကြီး ဒီနေရာမလာဘူး . . . ဒီနေရာကလည်း အရင်က ဗကပစခန်းဟောင်းပဲကွ . . . မင်းဘာသိလဲ”
ငရန် ဆိုသူက ဘာမှ ပြန်မပြောတော့။
“ရှုပ်ပါတယ်ကွာ . . . သူပုန်သားသမီးတွေပဲနေမှာ . . . ရှင်းပစ်ခဲ့တာကောင်းမယ် . . . နေဦး . . . ပြီးတော့ . . . ဒီကောင်မလေးက.ခြေတစ်ဖက်မသန်ပေမယ့် . . . မဆိုး”
တပ်ကြပ်ကြီးမြထွန်းက မိုးကြည်၏ ပါးကို လိမ်ဆွဲလိုက်သည်။
“ဆရာကြီး . . . အချိန်ဆွဲမနေပါနဲ့ . . . မိုးလည်းချုပ်နေပြီ . . . စခန်းကုန်းပေါ် ပြန်တက်ရဦးမှာ . . . ရှင်းစရာရှိတာ ရှင်းပြီး ပြန်ရအောင်”
ငရန် က ထပ်ပြောသည်။
“အေး . . . အေး . . . ကဲ . . . ကလေးမတွေ မြေကြီးမှာမှောက်ပြီး မျက်စိမှိတ်ထားပေတော့ . . . မပစ်ခင် မင်းတို့ ပြောချင်တာပြောခွင့်ပေးမယ်”
တပ်ကြပ်ကြီးမြထွန်းက သေနတ်ကို ကျည်ထိုးလိုက်၏။
နီနီရိန် က တဆတ်ဆတ်တုန်နေရှာသည်။
မိုးကြည်က နီနီရိန်လေးကို အပေါ်မှ အုပ်မိုးကာ ဖက်ထား၏။
“ကျွန်မညီမလေး အရမ်းကြောက်နေလို့ . . . သူ့ကို နောက်ဆုံးအနေနဲ့ သူငယ်ငယ်က ချော့သိပ်နေကြ သီချင်းလေး ဆိုပြချင်တယ်”
မိုးကြည်အသံက တုန်ရီမနေ။ သေမင်းနှုတ်ခမ်းပါးတွင် မာထန်နေသော တုံ့ပြန်မှုမျိုး။
“အေး . . . သေမယ့်အရေး . . . သီချင်းကဆိုပြချင်သေးတယ် . . . မြန်မြန်ဆို”
“နီနီလေး . . . ဘာမှမကြောက်နဲ့နော် . . . မမမိုးကြည်ကို ဖက်ပြီး မျက်လုံးမှိတ်ထား . . . မမမိုးကြည် သီချင်းဆိုပြမယ်”
“စုစုသား ဖယ်သူဆို ဒေါန်းတောန်မိုဆို၊ မငိုပါန စုစုသား၊ ဒါန်းတော့န်မိုအငုမ်သား တောကြောန်ကီး၊ လာပီဆို၊ ဗွီးတံကတို၊ မငိုပါန စုစုသား၊ တောကြောန်ကိုလ ကလားကီးစား”
သီချင်းသံဆုံးသွား၏။
“ဒက်ဒက်ဒက်ဒက်ဒက်”
သေနတ်အတွဲလိုက်ဆွဲသံ။
မြေပြင်ပေါ်တွင် တုန်ရီနေသော အမျိုးသမီးငယ်နှစ်ယောက်။
သူတို့ခန္ဓာကိုယ်တွင် နာကျင်မှု တစ်စုံတစ်ရာမခံစားရသေး။
မျက်လုံးဖွင့်ကြည့်လိုက်ကြသည်။
မိုးကြည်ရှေ့တည့်တည့်တွင် လဲကျညည်းညူနေသော တပ်ကြပ်ကြီးမြထွန်း။
နံဘေးတွင်လည်း စစ်သားများလဲကျနေကြ၏။
လရောင်အောက်တွင် သေနတ်ကိုကိုင်လျက်ရပ်နေသော စစ်သား။ ငရန် ဆိုသည် တစ်ယောက်။
“မမမိုးကြည် . . . မမမိုးကြည် . . . မဟုတ်လားဟင်”
မိုးကြည် ဆတ်ခနဲ ဖြစ်သွား၏။
“နင် . . . နင်”
“ကျွန်တော် . . . ရန်နိုင်ပါ . . . မမမိုးကြည် . . . ကျွန်တော်ရန်နိုင်ပါ . . . အီးဟီးဟီး”
ရန်နိုင်က မိုးကြည်နှင့် နီနီတို့၏ ဘေးတွင် ထိုင်ချကာ ချုံးပွဲချငိုတော့သည်။
“ရန်နိုင် . . . ရန်နိုင် . . . နင်က ဘယ်ကနေ ဘယ်လို”
“အဲဒီနေ့က ကျွန်တော့်ကို သူတို့ ဖမ်းမိသွားတယ် . . . မမမိုးကြည်ရဲ့ အမေ ဒေါ်လေးရီ နဲ့ ဒေါ်လေးမြင့်မြင့်တို့ အားလုံးကို သူတို့ သတ်လိုက်ကြတယ် . . . ကျွန်တော့်ကိုတော့ စစ်သားလုပ်ရင် မသတ်ဘူးလို့ ပြောတယ် . . . ဒါနဲ့ ကျွန်တော်လည်းကြောက်လွန်းတော့ . . . လက်ခံလိုက်ပြီး . . . သူတို့နဲ့လိုက်သွားလိုက်တာ”
“ရန်နိုင် . . . ရန်နိုင်ရယ် . . . ဟိုစခန်းမှာ နင်သတ်လိုက်တာ . . . နင့်မိဘတွေရဲ့ ရဲဘော်ရဲဘက်တွေလေ”
“ကျွန်တော်သိတယ် . . . ကျွန်တော်သိပါတယ် . . . အီးဟီးဟီး . . . အခုလည်း မမမိုးကြည် . . . ဒီသီချင်းကို ဆိုလိုက်မှ ကျွန်တော် . . . ကျွန်တော့်ငယ်ဘဝကို ပြန်တွေးမိသွားတာ . . . ပြီးတော့ . . . ဒီစခန်း . . . ဒီကုန်းပေါ်မှာပဲ ကျွန်တော့်အဖေနဲ့အမေ အသတ်ခံလိုက်ရတာမဟုတ်လား . . . ကျွန်တော် တောင်းပန်ပါတယ် . . . မမမိုးကြည်ရယ်”
“ဒါဆို . . . နင် . . . ငါတို့နဲ့လိုက်ခဲ့တော့ . . . ရန်နိုင် . . . ငါတို့ ပြေးကြစို့”
ရန်နိုင်က ခေါင်းခါလိုက်သည်။
“သေနတ်သံကြားပြီး . . . အချိန်တန်လို့မှ ကျွန်တော်တို့ ပြန်မလာရင် . . . သူတို့လိုက်လာကြလိမ့်မယ် . . . အဲ့ဒီအခါကျ . . . မမမိုးကြည်တို့ ဒီလို လွတ်မှာ မဟုတ်ဘူး . . . ရှေ့တဖြောင့်အတိုင်း ပြေးရင် . . . ရွာရှိတယ် . . . ကျွန်တော်တို့ စစ်ကြောင်းက အဲ့ဒီရွာကို မထိုးဘူး . . . အနောက်ပြန်လှည့်ရမှာ . . . အဲ့ဒီရွာရောက်ရင် . . . မမမိုးကြည်တို့ လုံခြုံမှာပါ . . . ပြေးကြတော့ . . . ကျန်တာ ကျွန်တော် ကြည့်ရှင်းလိုက်မယ်”
ရန်နိုင်က မိုးကြည်၏ ချိုင်းထောက်လေးကို ယူပေးလိုက်သည်။
နီနီရိန်၏ ခေါင်းလေးကို ပွတ်လိုက်၏။
“မမမိုးကြည် . . . ကျွန်တော်ဟာ စစ်သားဘဝနဲ့ ရက်စက်ယုတ်မာတာတွေ အများကြီးလုပ်ခဲ့တယ် . . . ကျွန်တော် အသက်ရှင်ဖို့ မထိုက်တန်ပါဘူး . . . ဒီတော့ . . . မမမိုးကြည်တို့ကို ကျွန်တော်ကာကွယ်ပေးခဲ့မယ် . . . ပြေးကြတော့”
မိုးကြည်က နီနီရိန် ကို ခေါ်ကာ အမှောင်ထုထဲသို့ ခပ်သွက်သွက်ပင် ပြေးဝင်သွား၏။
ရွာစပ်လယ်ကွင်းများဆီ သူတို့ ရောက်ကြပြီ။
အနောက်ဘက်တောတန်းဆီမှ သေနတ်သံများ ထပ်ကြားရပြန်သည်။
ရန်နိုင်တစ်ယောက်။
မိုးကြည် ဆက်မတွေးတော့။
ရှေ့တွင် ရွာထိပ် ဘုန်းတော်ကြီးကျောင်းဆီမှ ဆီမီးရောင်နှင့်အတူ ကြေးစည်သံသဲ့သဲ့လည်း ကြားနေရပြီ။
“မမတို့ လွတ်ပါပြီ . . . နီနီ . . . ဘာမှ မကြောက်နဲ့တော့နော်”
ခုနစ်နှစ်သမီးလေး . . . နီနီရိန်က ကျန်ရစ်ခဲ့ပြီးသော အမှောင်ထုကြီးကိုသာ အံတင်းတင်းကြိတ်လျက် . . . လှည့်ကြည့်လိုက်သည်။
ထို့နောက်။
“မကြောက်ဘူး”
ခက်ဇော်