လောင်းလုံးမြို့နယ် ပညစ်ရွာမှ ထားဝယ်မြို့သို့ သွားသည့် ပညစ်ရွာသားရှစ်ဦး ခြောက်ရက်ကြာသည်အထိ အဆက်အသွယ် မရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
ဩဂုတ်လ ၄ ရက်နေ့ ပညစ်ရွာမှ ကားတစ်စီးဖြင့် ဒေသခံရှစ်ဦးလိုက်ပါသွားခြင်းဖြစ်သည်။
လိုက်ပါသွားကြသူများမှာ မဌေးဌေး၊ မအေးအေးဆင့်၊ ဦးမြင့်နှင့် ဇနီးဒေါ်ပိုသန်း၊ သားမက် ကိုကျော်ဆန်း၊ ချွေးမ မသန်းအေး၊ ဦးဖေသန်းနှင့် သမီး မဇာတို့ဖြစ်ကြကြောင်း ဒေသခံတို့က ပြောသည်။
ဦးမြင့်တို့ မိသားစုဝင်လေးဦးမှာ ဆေးခန်းပြရန် သွားရောက်ခြင်းဖြစ်ပြီး လေးဦးစလုံးကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သတင်းကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းတို့မိသားစုဝင်လေးဦးကို မည်သည့်နေရာတွင် မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည်ကို အသေးစိတ် မသိရသေးပေ။
ယင်းအပြင် ကားတစ်စီးတည်းအတူ လိုက်ပါသွားသည် နောက်ထပ်ဒေသခံလေးဦးမှာလည်း ရွာသို့ ဩဂုတ်လ ၈ ရက် အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသည့်အပြင် အဆက်အသွယ်လည်း မရသေးကြောင်း ဒေသခံတို့က ဆိုသည်။
“ဦးမြင့်တို့ လေးယောက်ကိုတော့ သီးသန့်ဖမ်းခေါ်သွားတယ်ဆိုတာတော့သိရတယ်။ ကျန်တဲ့ လေးယောက်ကလည်း အခုထိရွာပြန် မရောက်လာကြသေးဘူး” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။
လောင်းလုံးမြို့နယ်၏ လမ်းပိုင်းများတွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူများကို ရှောင်တစ်ခင်စစ်ဆေးဖမ်းဆီးမှု မကြာခဏ ပြုလုပ်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် အင်းဝန်းတံတားအနီး၌ ခရီးသွားပြည်သူလေးဦး ဖမ်းဆီးခံခဲ့ရသေးသည်။
ယင်းအနက် တစ်ဦးမှာ ရက်ပိုင်းအတွင် ပြန်လည်လွတ်မြောက်လာသည်ဟု လွတ်မြောက်လာသူနှင့် နီးစပ်သူများထံမှသိရသည်။