BREAKING
October 18, 2024

မလေးရှားတွင် တရားမဝင် မြန်မာလုပ်သားတစ်ရာကျော် တိုက်ခန်းများအတွင်း ဖမ်းဆီးခံရ

August 9, 2022

photo: Jabatan Imigresen Malaysia (JIM)

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းများအတွင်း၌ တရားမဝင်နေထိုင်လျက်ရှိသော မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ဩဂုတ်လ ၈ရက် ညသန်းခေါင်အချိန်တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဝင်ရောက်ဖမ်းဆီးကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။

လူနေတိုက်ခန်းများတွင် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည်ဟု သတင်းပေးလာသဖြင့် အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာမှ မြန်မာအလုပ်သမား ၁၁၅ဦး အပါအဝင် နိုင်ငံခြားသား ၁၇၅ ဦးကို ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အော်ပရာစီ စီမံချက်မှာ တရားမဝင် အလုပ်သမားများကို ရှာဖွေစစ်ဆေးဖမ်းဆီးသည့် စီမံချက်ဖြစ်သည်။

လူနေအဆောက်အအုံ ခြောက်ခုရှိ လူပေါင်း ၄၂၅ ဦးကို ညသန်းခေါင်အချိန်တွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း စစ်ဆေးရေးမှူး Khairul Dzaimee Daud က ပြောသည်။

ဝင်ရောက်စစ်ဆေးသောအချိန်တွင် တံခါးဖွင့်ရန်ပြောဆိုသော်လည်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ မဖွင့်ပေးသဖြင့် တံခါးကို ရိုက်ဖွင့်ကာ ဖမ်းဆီးခဲ့ကြရသည်ဟု ၎င်းက ဆိုသည်။

တရားမဝင် နိုင်ငံခြားသား အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၄၁ ဦး၊ ကလေး ၂ ဦးတို့ကို ဖမ်းမိခဲ့ပြီး ဖမ်းဆီးခံရသူများမှာ အသက် ၂ နှစ်မှ ၅၅ နှစ်အရွယ်အထိရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ၁၁၅ ဦး၊ အင်ဒိုနီးရှား ၃၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၃ ဦး၊ နီပေါ ၉ ဦး၊ သီရိလင်္ကာ ၄ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူအများစုသည် မလေးရှားနိုင်ငံတွင် သန့်ရှင်းရေး၊ စားသောက်ဆိုင်အကူ၊ စက်ရုံအလုပ်သမားနှင့် ဆိုင်အလုပ်သမားများဖြစ်ကြပြီး အချို့တွင် အလုပ်လုပ်ခွင့်အထောက်အထား အတုများတွေ့ရှိသည်ဟုဆိုသည်။

အများစုမှာ အထောက်အထားမရှိခြင်း၊ အလည်ဗီဇာသက်တမ်းကုန်နေခြင်း၊ Work Permit သက်တမ်းကုန်နေခြင်းတို့ တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးစစ်ဆေးခံရသော မြန်မာအလုပ်သမားအချို့တွင် UNHCR က ထုတ်ပေးထားသော ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသည်ကို တွေ့ရပြီး ၎င်းတို့သည် မိသားစုအလိုက် နေထိုင်နေကြကြောင်း ထုတ်ပြန်ထားသည်။

photo: Jabatan Imigresen Malaysia (JIM)

ရခိုင်ပြည်နယ်မှ UNHCR ကတ် ကိုင်ဆောင်ထားသူများသည်လည်း တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများကို ခေါ်တင်ကာ နေထိုင်နေကြကြောင်း အထက်ပါဌာနက ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများကို ဆက်လက်မေးမြန်းစစ်ဆေးရန်အတွက် စမန်နရီ (Semenyih) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာသို့ ခေါ်ဆောင်ခဲ့ပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေများအရ အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မလေးရှာအစိုးရသည် ၂၀၂၂ ခုနှစ် မေ ၃၀ ရက်အထိ တရားမဝင်နေထိုင်သူ နိုင်ငံခြားသားများကို နေရပ်ပြန်ရန် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စက်ရုံ ၊ အလုပ်ရုံများနှင့် ရွှေ့ပြောင်းအလုပ်သမား အများစုနေထိုင်ရာနေရာများတွင် တရားမဝင် အလုပ်သမားများကို ရှာဖွေစစ်ဆေး၊ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေသည်။

Ref: Free Malaysia Today (FMT), Jabatan Imigresen Malaysia (JIM)