[အခန်း – ၃]
အမျိုးသမီး(၇) ဦး၊ အမျိုးသား(၂) ဦး ကလေး(၂) ဦး။ စုစုပေါင်း (၁၁) ဦး။
“မင်းတို့ကိုနောက်ဆုံးအခွင့်အရေးပေးမယ် . . . ကျော်တင့် တို့ရဲ့ ဌာနချုပ်စခန်းနေရာကို သိတဲ့သူကို ငါတို့ မသတ်ဘူး . . . မြို့ပေါ်ကို ခေါ်သွားပြီး တရားစွဲမယ် . . . အနည်းဆုံးထောင်နှစ်နှစ်ကျပြီးရင် ပြန်လွှတ်ပေးမယ် . . . မဟုတ်ရင်တော့ . . . မြို့ပေါ်မှာ ကွန်မြူနစ်မရှားဘူး။ တောထဲက ကွန်မြူနစ်တွေ မြို့ပေါ်ခေါ်လာစရာမလိုအပ်ဘူး.တောထဲက ကိစ္စကို တောထဲမှာ ရှင်းခဲ့ဆိုတဲ့ အမိန့်ကို အထက်ကနေ ငါတို့ရထားပြီးသားပဲ . . . မင်းတို့ဟာ မင်းတို့ စဉ်းစား”
မိုးကာအင်္ကျီစစ်စိမ်းရောင်ကို ခြုံထားပြီး ပုခုံးပေါ်တွင် ဘားသုံးချောင်းတင်ထားသည့် ဗိုလ်ကြီးစိုးမင်း က ဝါးကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေရင်းမှ ပြောလိုက်သည်။
ကျင်းနှုတ်ခမ်းမှ ယောက်ျား၊ မိန်းမ၊ကလေးများ ပါဝင်သည့် လူ ဆယ့်တစ်ယောက်မှာ တုပ်တုပ်မျှ မလှုပ်ကြ။
ကလေးငယ်နှစ်ဦးမှာ ကြောက်လွန်းသဖြင့် တုန်ရီနေ၏။
ရဲဘော်အမျိုးသမီးငယ် တစ်ဦးမှာ ဒဏ်ရာကြောင့် ကြာကြာ ဒူးမထောက်နိုင်ဘဲ..ဘေးသို့ ခွေလဲကျသွားသည်။
ဗိုလ်ကြီးစိုးမင်းက အနားရှိစစ်သားတစ်ယောက်အား အချက်ပြလိုက်သည်။
စစ်သားက ရဲဘော်အမျိုးသမီးငယ်၏ ကျောကုန်းကို လှံစွပ်ဖြင့် ထောက်လိုက်၏။
“ထစမ်း . . . ပြန်ထ”
အမျိုးသမီးမှာ ဒဏ်ရာကြောင့် ရုတ်တရတ်ပြန်မထနိုင်။
“ဇွတ်”
လှံစွပ်က အမျိုးသမီးငယ်၏ လည်ပင်းထဲသို့ တစ်ဆုံးမြုပ်ဝင်သွားသည်။
အမျိုးသမီးမှာ နာကျင်မှုကြောင့် လဲကျနေသည့်ကြားမှ လေကို အငမ်းမရရှူနေရသဖြင့် . . . လည်ပင်းမှ သွေးများက ပွက်ခနဲ ပွက်ခနဲ။
တခွီးခွီး ဖြင့် နာကျင်စွာ ညည်းညူရင်း . . . စက္ကန့်ပိုင်းအတွင်း.ငြိမ်သက်သွား၏။
နဘေးကပ်လျက်မှ ကလေးငယ်နှစ်ဦးထံမှ ကြောက်လန့်တကြားငိုသံများလည်းထွက်လာသည်။
“စစ်ခွေးတွေ . . . နင်တို့တော်လောက်ပြီ”
ရီရီ၏ အသံက ထင်မှတ်မထားလောက်အောင် မာထန်နေ၏။
နံဘေးမှ သမဂ္ဂခေါင်းဆောင် မသိန်းတင်နှင့် မမြင့်မြင့်ပင် ရီရီကို ကြောင်ပြီးကြည့်လိုက်ကြသည်။
ဗိုလ်ကြီးစိုးမင်း က မိုးကာအင်္ကျီကို ချွတ်ကာ မတ်တတ်ရပ်လိုက်သည်။
ထို့နောက် ရီရီ ရှိရာသို့ လျှောက်လာ၏။
ဆံပင်ကို ဆောင့်ဆွဲကာ ခေါင်းကို မော့ခိုင်းလိုက်သည်။
“ကောင်မ..နင့်နာမည် ပြောစမ်း”
“ငါ့နာမည် ရီရီ . . . ငါက ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ ခေါင်းဆောင်ပဲ..ငါ့မှာပဲတာဝန်ရှိတယ် . . . တခြားသူတွေမှာ တာဝန်မရှိဘူး . . . သတ်ချင်ရင် ငါ့ကိုပဲ သတ်”
“ဪ. . . ခေါင်းဆောင်မကြီးပေါ့ . . . ပြော . . . ကျော်တင့် စခန်းဘယ်မှာလဲ . . . နင် သိကိုသိတယ် . . . အခုပြော”
“ကျော်တင့်မဟုတ်ဘူး . . . ဗိုလ်မှူးကျော်တင့် . . . ဗိုလ်မှူးကျော်တင့်လို့ခေါ်ဟဲ့ . . . ထွီ”
“ဒိုင်း”
ဗိုလ်ကြီးစိုးမင်းက ခါးကြားမှ သေနတ်ကို ထုတ်ကာ ရီရီနံဘေးနားမှ ဒဏ်ရာရနေသော သမဂ္ဂခေါင်းဆောင် မမြင့်မြင့်၏ နားထင်ကို တေ့ပစ်လိုက်သည်။
မမြင့်မြင့် မှာ သွေးအိုင်ထဲတွင် ပုံလျက်သား။
ငိုသံများ၊ အော်သံများ ပိုမိုဆူညံသွားကြသည်။
“မပြောဘူး . . . ငါလည်း သမဂ္ဂခေါင်းဆောင်ပဲ . . . နင်တို့မေးတာတွေ . . . ဘာတစ်ခုမှ ငါတို့ မပြောဘူး”
မမြင့်မြင့်၏ အလောင်းဘေးတွင် ဒူးထောက်ထိုင်နေရသော မသိန်းတင်က အံကြိတ်ကာ ပြောလိုက်သည်။
ဗိုလ်ကြီးစိုးမင်းက အံကို ခပ်တင်းတင်းကြိတ်လိုက်၏။
“ဆာဂျင်ကြီး….ပေါ်တာတွေကို ပြန်ခိုင်းလိုက်တော့”
တပ်ကြပ်ကြီးက ခပ်လှမ်းလှမ်းတွင် ထိုင်နေကြသော အထမ်းသမားအဖြစ် အတင်းအကျပ်ခေါ်လာသည့် ကျေးရွာသားများဆီသို့ လျှောက်သွားသည်။
“အားလုံး ကိုယ့်ရွာကိုယ် ပြန်လို့ရပြီ…ဒီကကိစ္စတွေကို ဟိုပြောဒီပြောလျှောက်ပြောတာ မလိုချင်ဘူးနော်..ငါတို့ ပြန်ကြားရင်..ရွာကိုပါ မီးတိုက်ပစ်မယ်”
အထမ်းသမားများက ခပ်သုတ်သုတ်ပင် ထွက်သွားကြ၏။
“မောင်မြင့်..မင်းတို့ ဝါးခုတ်တဲ့ ဓါးရှည်တွေ အသင့်ထုတ်လာခဲ့စမ်း”
ဗိုလ်ကြီးစိုးမင်း၏ အမိန့်သံကို ကျောခိုင်းသွားပြီဖြစ်သော အထမ်းသမားများက ကြားဖြစ်အောင် ကြားလိုက်ကြရသည်။
……………………………………………..
စကားအဆုံးတွင် ကိုမောင်ကျောက်၏ အသံက တိမ်ဝင်သွား၏။
ငှက်ဖျားရောဂါကြောင့် ဟိုတကွက် . . . ဒီတကွက်ဖြစ်နေသော ဆံပင်စလေးများကို လက်ဖြင့် သပ်တင်ကာ ရေနွေးကြမ်းခွက်ကို လှမ်းယူလိုက်သည်။
ကြည်ကြည်ဆွေက ရေနွေးခရားကို ယူကာ သူ့ဘက်သို့ ကမ်းပေးလိုက်၏။
“သူတို့ ဘာဖြစ်သွားလဲ . . . သူတို့ ဘာဖြစ်သွားလဲ”
ကိုမောင်ကျောက်က သူ့ဘေးနားတွင် ထိုင်နေကြသော ဝင်းဝ ရွာသားများကို ကြည့်လိုက်သည်။ ဝင်းဝရွာမှာ သရက်ချောင်းမြို့နယ် တောင်ပိုင်း ထားဝယ်-မြိတ်ကားလမ်းပေါ်တွင် တည်ရှိသော ရွာ တစ်ရွာဖြစ်သည်။
ရွာသားများက ခေါင်းငုံ့သူငုံ့၊ မျက်နှာလွှဲသူ လွှဲသွားကြ၏။
“သူတို့အားလုံးကို သတ်ပစ်လိုက်ကြတာလား . . . ပြောပါ . . . ပြောစမ်းပါရှင်”
ကြည်ကြည်ဆွေ၏ အသံက ရုတ်တရတ်တင်းမာသွားသည်။
“တို့ ဒီလောက်ပဲ ပြောပြနိုင်တယ်.မိန်းကလေး . . . ငါတို့ကို နားလည်ပေးပါ . . . အဲဒီတုန်းက.ငါတို့လည်း သူတို့က အတင်းအဓမ္မပေါ်တာဆွဲလို့ လိုက်သွားရတာပါ . . . ဒီလောက်ပဲ ပြောလို့ရပါတယ် . . . ငါလည်း ရောဂါက သည်းနေတော့ ဆေးဆရာဆီသွားရဦးမယ် . . . အဟွတ် . . . အဟွတ်”
ကိုမောင်ကျောက်က ထရန် ဟန်ပြင်သည်။
သူ့ဇနီးဖြစ်သူက ကြည်ကြည်ဆွေကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခင်ပွန်းသည်ကို တွဲထူလိုက်၏။
ကိုမောင်ကျောက်အိမ်ထဲတွင် ထိုင်နေသော ရွာသားများကလည်း တစ်ယောက်ပြီး တစ်ယောက်ထထွက်သွားကြသည်။
“မိန်းကလေး ဒီအချိန်ကြီးတော့ သရက်ချောင်းကို မင်းတစ်ယောက်တည်း ပြန်လို့မဖြစ်တော့ဘူး . . . ဒီနယ်မြေအခြေအနေလည်း မင်းသိတဲ့အတိုင်းပဲ . . . ရွာဘုန်းကြီးကျောင်းဝန်းတောင်ဘက်မှာ သီလရှင်ကြီးဒေါ်သုဝတီ ရဲ့ တဲ ရှိတယ် . . . သူ့ဆီမှာ တစ်ညအိပ်ဖို့ ငါတို့ စီစဉ်ပေးမယ်”
ကိုမောင်ကျောက်၏ ဇနီးက ဆိုသည်။ ဝင်းဝရွာနှင့် မြို့နယ်ရုံးစိုက်ရာ သရက်ချောင်းမှာ မိုင် ၂၀ ကျော် ခရီး၊ ယခုအချိန် တစ်ဦးတည်း ခရီးသွားရန် မည်သို့မျှ မသင့်တော်။
“ရပါတယ် . . . ကျွန်မ မော်တော်ဆိုင်ကယ်ပါတာပဲ . . . ပြန်လို့ရပါတယ် . . . နောက်ရက်လည်း မင်းဒပ်၊ သိမ်ကုန်းဘက်ကို ကျွန်မသွားရဦးမှာ”
ကြည်ကြည်ဆွေက ကိုမောင်ကျောက်အား နှုတ်ဆက်ကာ ခြံဝန်းပြင်ပတွင် ရပ်ထားသော ဘီအက်စ်အေဆိုင်ကယ်ထံသို့ လှမ်းလာခဲ့လိုက်သည်။
ဆိုင်ကယ်ပေါ်သို့ ခွတက်ပြီး စက်နှိုးရန်ပြင်လိုက်စဉ် သူမ၏ ရှေ့သို့ ဝါးခမောက်ဆောင်းထားသော လူတစ်ယောက် မတ်တတ်လာရပ်သည်။
ထိုသူက လွယ်အိတ်ထဲသို့ လက်ကို နှိုက်ထား၏။
“ခင်ဗျား . . . ဘယ်သူလဲ . . . ဘယ်ကလာတာလဲ . . . ဘယ်သူလွှတ်လိုက်တာလဲ”
ကြည်ကြည်ဆွေက ထိုသူကို သေချာစိုက်ကြည့်လိုက်သည်။
ဝါးခမောက်ပြန့်ကျယ်ကျယ်ကို စောင်းထားသဖြင့် မျက်နှာကို သေချာမမြင်ရ။ သူမနှင့် အသက်မတိမ်းမယိမ်းလူလတ်ပိုင်းတစ်ဦးဟု ခန့်မှန်းမိသည်။
ကြည်ကြည်ဆွေက သူမ၏ ကျောပိုးအိတ်ဘေးအိတ်ကပ်တွင် ဆောင်ထားသော စစ်သုံးဓားမြှောင်ကို နောက်ပြန်စမ်းကာ အသင့်အနေအထား နေလိုက်သည်။
“ရှင်က ဘယ်သူလဲ . . . ဘာကိစ္စ ကျွန်မကို မေးနေရတာလဲ”
“လွန်ခဲ့တဲ့ သုံးနှစ်ကဖြစ်သွားတဲ့ ကိစ္စတစ်ခုကို ခင်ဗျားက ဘာလို့ အသည်းအသန်သိချင်နေရတာလဲ။ အကြောင်းအရင်းကို သေချာသိရရင် . . . ကျွန်တော့်မှာ အဖြေရှိလို့မေးနေတာ”
“ရှင်ဘယ်သူလဲသာ ကျွန်မကို အရင်ပြောပါ”
“ကျွန်တော်က ခင်ဗျားသိချင်နေတဲ့ မေးခွန်းတချို့ကို ဖြေနိုင်မယ့်လူပါ။ ဒါပေမယ့်..ခင်ဗျားဘယ်သူဆိုတာ ငါသိရမှ ဒီမေးခွန်းတွေ ဖြေနိုင်မယ်”
“ကျွန်မက ထားဝယ်အမျိုးသမီးသမဂ္ဂခေါင်းဆောင် မရီရီရဲ့ ညီမ . . . ကြည်ကြည်ပဲ”
“ခင်ဗျားရဲ့လေသံက ထားဝယ်သူထက် ဂံ (ဗမာလူမျိုး) သံဘက် ပိုပေါက်နေပါလား”
“ကျွန်မက ငယ်ငယ်လေးကတည်းက အဖေနဲ့ ရန်ကုန်မှာ ကျန်ခဲ့တာ.မရီရီက အမေနဲ့ ထားဝယ်ကို ပါလာခဲ့တာ . . . အခုလည်း ကျွန်မ အစ်မနဲ့ သူ့ သမီးလေးအကြောင်း လာစုံစမ်းတာ”
“ဟုတ်ပြီ . . . ဒါဆိုရင်တော့ . . . ခင်ဗျားကို ခုန သူတို့အကြံပေးတဲ့အတိုင်း ဘုန်းကြီးကျောင်းနားက သီလရှင်ကြီးတဲကျောင်းကို သွားပြီး အဲ့ဒီမှာပဲ စောင့်နေလိုက်ပါ . . . ကျွန်တော် လိုက်လာခဲ့မယ် . . . ခင်ဗျားသိချင်တာတွေအတွက် ကျွန်တော်တို့မှာ အဖြေရှိတယ်။ ဒီလိုမှမဟုတ်ဘဲ . . . သရက်ချောင်းဘက်ပြန်တာနဲ့ . . . လမ်းမှာ မင်းအသက်အန္တရာယ်ကို ငါတို့ အာမ မခံနိုင်ဘူး”
ထိုသူက စကားဆုံးသည်နှင့် လှည့်ထွက်သွား၏။
……………………………………………..
ပြန့်ပြန့်ပြူးပြူးခြံဝန်းကလေး အနောက်ဘက်မှ ဝါးတဲကလေး။
တဲကလေးအတွင်း မီးခွက်မီးဖြင့် ထွန်းထားနှင့်ပြီ။
ကြည်ကြည်ဆွေ ၏ ဆိုင်ကယ်စက်သံကြောင့် တဲအတွင်းမှ သီလရှင်အိုကြီးတစ်ပါး ထွက်လာသည်။
“ဟဲ့ . . . ဘယ်သူများလဲ”
အနက်ရောင်စွယ်တာလက်ရှည်၊ Capri Pants ဘောင်းဘီကာကီရောင်တို့ကို လိုက်ဖက်ညီစွာဝတ်ထားသည့် သွယ်လျလျခန္ဓာကိုယ်ပိုင်ရှင် မိန်းကလေး က ခေါင်းပေါ်မှ ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်သည်။
“ဆရာလေးက ဒေါ်သုဝတီလား ဘုရား”
“အေး.ဪ . . . ငါက ယောက်ျားလေးထင်နေတာ . . . မိန်းကလေးဖြစ်နေတာပဲ . . . ဘာကိစ္စများလဲ”
သီလရှင်ကြီးက မီးခွက်ကို လက်တစ်ဖက်မှ ကိုင်ရင်း ကြည်ကြည်ဆွေမျက်နှာကို သေချာကြည့်လိုက်သည်။
“တပည့်တော်မ ကိုမောင်ကျောက်တို့ အိမ်ကို လာတာပါ . . . ညမိုးချုပ်သွားလို့”
“ဪ . . . ညအိပ်ဧည့်သည်ပဲ . . . လာလာ . . . ဒကာမလေး”
သီလရှင်ကြီးက တစ်ဖက်ယက်တဲလေးအတွင်းသို့ ခေါ်သွားသည်။
တဲကလေး၏ ဝါးကြမ်းပြင်တွင် ကြည်ကြည်ဆွေက ထိုင်လိုက်၏။
“ဒီလိုပဲ . . . ခရီးသွားမိန်းကလေးများပါရင် . . . ဘုန်းကြီးကျောင်းမှာတည်းဖို့ကလည်း မသင့်တော် . . . ကျုပ်ပဲ လက်ခံပေးထားရတာပဲ . . . စားစရာသောက်စရာကတော့ ကျုပ်က ညစာမစားလို့ . . . ငှက်ပျောသီးပဲ ရှိပ”
“ရပါတယ် . . . ဆရာလေး . . . တပည့်တော်မအတွက် အထူးအထွေမလိုအပ်ပါဘူး”
“အင်း . . . ဒကာမလေးမျက်နှာကို တစ်နေရာရာမှ မြင်ဖူးသလိုပဲ . . . ဘယ်ကများလဲ”
“တပည့်တော် သရက်ချောင်းကလာတာပါ . . . ဘုရား”
“အော် . . . အေး . . . သရက်ချောင်းမယ် ဒီလို မော်တော်ဆိုင်ကယ်ကြီးစီးတတ်တဲ့ အမျိုးသမီးရှိတာ ကျုပ်ဖြင့် အခုမှ သိတယ် . . . အံ့ပါရောလား”
ထိုအချိန်တွင် ခြံဝဆီမှ တစုံတယောက်ဝင်လာသည်။
“ခဏနော်”
သီလရှင်ကြီးက ခြံဝသို့ ထွက်သွား၏။
ကြည်ကြည်ဆွေ ကလည်း အကဲခတ်လိုက်သည်။
အစောပိုင်းက သူမဆိုင်ကယ်ရှေ့တွင် လာရပ်ခဲ့သူ။
သီလရှင်ကြီးရော ထိုသူပါ တဲပေါ်သို့ တက်လာကြသည်။
သီလရှင်ကြီးက မီးခွက်ကို ယူကာ သူမမျက်နှာရှေ့သို့ ထိုးကြည့်လိုက်ပြန်၏။
“အင်း . . . ဟုတ်တယ် . . . မောင်ရိန် . . . ဒါကြောင့် သူ့ကို ငါမြင်ဖူးသလိုပဲလို့ ကြည့်နေတာ . . . ဆရာမ ရီရီ နဲ့ ရုပ်ချင်း အတော်တူနေတာကိုး”
မောင်ရိန်ဆိုသူက ကြည်ကြည်ဆွေ၏ ရှေ့တည့်တည့်တွင် ဝင်ထိုင်ကာ ခမောက်ကို ချွတ်လိုက်သည်။
လှိုင်းတွန့်ဆံပင်ရှည်ရှည်များက မောင်ရိန်၏ ပုခုံးနှစ်ဖက်ပေါ်သို့ ခွေခနဲ ဝဲကျသွား၏။
“တိုက်ပွဲတွေပြီးတော့ ကျွန်တော်တို့ရဲဘော်တချို့ပြန်သွားပြီး အဲ့ဒီစခန်းနေရာကို သွားခဲ့ကြတယ် . . . ကျင်းကြီးတစ်ကျင်းထဲမှာ စုမြှုပ်ထားတဲ့ အလောင်း ၁၀ လောင်းကို တွေ့ရတယ် . . . အားလုံး . . . ခေါင်းဖြတ်သတ်ခံထားရတယ်”
ထိုနေရာတွင် . . . မောင်ရိန်၏ အသံက တိမ်ဝင်သွားသည်။ မောင်ရိန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။
“ကျင်းထဲမှာတော့ ယောက်ျား၊မိန်းမ၊ ကလေးအလောင်း အစုံပဲ . . . အားလုံးကို တစ်ယောက်ချင်းစီ ခွဲပြီး . . . ကျွန်တော်တို့ သေချာမြှုပ်ပေးခဲ့တယ် . . . ပါတီအနေနဲ့ရော၊ သမဂ္ဂအနေနဲ့ပါ အလေးနီပြုပြီး အမိန့်စာပြန်ပေးခဲ့ပါတယ် . . . အဲ့ဒီအလောင်းတွေထဲမှာ . . . .”
မောင်ရိန်က စကားကို ခေတ္တရပ်လိုက်ပြန်သည်။
“ခင်ဗျားအစ်မ ရဲဘော် မရီရီ ပါတယ်”
“ကျွန်မ အစ်မကို ရှင်က သိလို့လား”
သီလရှင်ကြီးက ကြည်ကြည်ဆွေ၏ နဘေးတွင် ဝင်ထိုင်လိုက်သည်။
“မိန်းကလေး မင်း.ဘယ်က ဘယ်သူဆိုတာ ငါတို့မသိဘူး . . . ဒါပေမယ့် . . . မင်းဟာ ကျဆုံးသွားတဲ့ ငါတို့ရဲဘော် မရီရီ ရဲ့ ညီမအရင်းဆိုတာ ငါခံစားမိတယ် . . . အဲ့ဒီစခန်းတိုက်ပွဲမှာ ငါ့ရဲ့ တစ်ဦးတည်းသော သားလေးလည်း ခေါင်းဖြတ်အသတ်ခံခဲ့ရတာပါပဲ . . . မောင်ရိန်ဟာ စခန်းထဲကနေ ငါ့ကို ကယ်ထုတ်ပေးခဲ့တဲ့ ရဲဘော်တစ်ဦးပါပဲ . . . သူ မင်းအစ်မကိုကောင်းကောင်းသိတယ်”
“ဒါဆို . . . ဆရာလေးတို့က”
“ငါတို့ သိတယ်ဆိုတာလောက်ပဲ . . . မင်းသိထားပါ . . . ကိုယ်မသိသင့်တာတွေကို သိထားရင် . . . မင်းအတွက်ရော . . . ငါတို့အတွက်ပါ အန္တရာယ်ရှိတယ် . . . ကဲ . . . မင်းသိချင်တာ ဆက်မေး”
“မိုးကြည် . . . ကျွန်မတူမမိုးကြည်လေးရော . . . အဲ့ဒီသတ်ခံရတဲ့အထဲပါသွားလား”
“မိုးကြည်လေး လွတ်သွားတယ် . . . သူ့ကို ရဲဘော်မသွန်းစီက ကယ်ထုတ်သွားနိုင်ခဲ့တယ်”
“အခု မိုးကြည်ဘယ်မှာလဲ . . . ကျွန်မ တူမလေး . . . သူ့ကို ကျွန်မ ပြန်လာခေါ်တာ”
မောင်ရိန်က ခေါင်းခါလိုက်သည်။
“ခင်ဗျား . . . သူဆီသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ . . . သူက ကျွန်မ တူမအရင်း . . . ကျွန်မရဲ့ တစ်ဦးတည်းသော မိသားစုဝင် . . . ကျွန်မ အစ်မ ကိုယ်စား သူ့ကို ပြုစုစောင့်ရှောက်ပေးဖို့ ကျွန်မ မှာ တာဝန်ရှိတယ်”
“အခု စစ်တပ်ရဲ့ ထိုးစစ်တွေ မကြာခင်လာတော့မှာ . . . အဲ့ဒီဘက်စခန်းတွေကိုလည်း လုံခြုံရေးတင်းကျပ်ထားတယ် . . . မိန်းကလေးတစ်ယောက်တည်း သွားဖို့ဆိုတာ”
“ကျွန်မ ရအောင်သွားမယ် . . . မိုးကြည် ဘယ်မှာ ရှိတယ်ဆိုတာသာပြော”
“ခင်ဗျားကို ကျွန်တော်တို့က ဘယ်လောက် ယုံကြည်ရမလဲ . . . ဒီလောက်သိရရင် တော်ရောပေါ့”
ကြည်ကြည်ဆွေက ရုတ်တရက် သူမ၏ ကျောပိုးအိတ်ထဲမှ စစ်သုံးဓားမြှောင်ကို ထုတ်လိုက်သည်။
ထို့နောက် ထိုင်နေရာမှ ခြေထောက်တစ်ချောင်းက ပျံတက်သွားပြီး မောင်ရိန်၏ မေးရိုးကို ဖြောင်းခနဲ။
ရုတ်တရက်မို့ မောင်ရိန်မှာ ရှောင်ချိန်ပင်မရလိုက်။
ဟန်ချက်ပျက်သွားချိန်တွင် ကြည်ကြည်ဆွေက မောင်ရိန်၏ ကိုယ်ပေါ်သို့ တက်ခွလိုက်ပြီး လည်မြိုကို ဓားမြှောင်ဖြင့် ထောက်ထားလိုက်သည်။
“ငါ့တူမလေး ဘယ်မှာလဲ. . . သူက ငါ့သွေးသား . . . သူ့အတွက် ငါ့မှာတာဝန်ရှိတယ် . . . ပြောစမ်း . . . ငါတူမ ဘယ်မှာလဲ”
မောင်ရိန်က သူမ၏ မျက်လုံးများကို မကြည့်။ သူမ၏ ကျောဘက်ဆီသို့သာ အကြည့်ရောက်နေ၏။
ကြည်ကြည်ဆွေက လှည့်ကြည့်လိုက်ချိန်တွင်။
သီလရှင်ကြီးလက်ထဲမှ တုတ်က လေပေါ်တွင် မြောက်တက်သွားသည်။
“ဒုတ်”
မောင်ရိန်၏ ရင်ဘတ်ပေါ်သို့ ကြည်ကြည်ဆွေ ပုံလျက်သားလဲကျသွားတော့၏။
■ ခက်ဇော်